ဟောင်ကောင်မင်းသား Donnie Yen ဟာ သူ့ရဲ့ နာမည်ကျော် ဇာတ်ကောင် Ip Man မှာတင်မဟုတ်ဘဲ တခြားဇာတ်ကောင်တွေမှာ ပါဝင်ရတဲ့အခါ ထူးထူးချွန်ချွန်လုပ်ပြနိုင်ခဲ့တာကိုတွေ့ရပါတယ်။
သူဟာ Disney ရဲ့ “Mulan” ရုပ်ရှင်မှာ စစ်သူကြီး Tung အဖြစ် ပါဝင်ထားပြီး သူ့ရဲ့ ဓားရေး စွမ်းရည်ကြောင့် အဲ့ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Niki Caro က အံ့သြသင့်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုမျိုး ဓားရေးစွမ်းရည်ကို ထူးထူးချွန်ချွန်လုပ်ပြခဲ့တဲ့ မင်းသားကို မြင်တွေ့ခဲ့ပြီးတဲ့နောက် ဒါရိုက်တာဟာ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရတယ်လို့ AsiaOne မီဒီယာကို အီးမေးလ်ကနေတဆင့် ပေးပို့တဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
အသက် ၅၃ နှစ်အရွယ် အမျိုးသမီး ဒါရိုက်တာ Caro က “ရိုက်ကွင်းပေါ်မှာ ကျမအကြိုက်နှစ်သက်ရဆုံး အချိန်တခု ကတော့ Donnie Yen ရဲ့ ကိုယ်ခံပညာစွမ်းရည်ကို လက်တွေ့ဘဝမှာ ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရခြင်းပါပဲ။ စစ်သူကြီး Tung အဖြစ်နဲ့ သူဟာ တပ်သားတွေအားလုံးရဲ့ ရှေ့မှာ ဓားစွမ်းရည်ကို ပြသနိုင်ခဲ့သလို ကျမကိုလည်း ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်” လို့ ပြန်ပြောင်း ပြောပြပါတယ်။
ဆက်ပြီး သူက “သူလှုပ်ရှားတဲ့ ပုံစံ၊ သူ ဓားကို လှုပ်ရမ်းတဲ့ပုံစံက အရမ်းမြန်လွန်းလို့ တကယ့်လက်တွေ့အချိန်မှာ တောင် မမြင်နိုင်ခဲ့ပါဘူး။ အဲ့ဒီဇာတ်ဝင်ခန်းကို အနှေးပြကွက်နဲ့ ကျမ ရိုက်ခဲ့ရပါတယ်။ ဒါမှ သူဘာလုပ်သွားတယ်ဆိုတာ ကျမ မြင်တွေ့နိုင်မှာပါ။ တော်တော်လေးကို အံ့သြသင့် စရာဖြစ်ပါတယ်” လို့ဆိုပါတယ်။
၁၉၉၈ ခုနှစ်က Disney ကနေ ဖြန့်ချိခဲ့တဲ့ ကမ္ဘာကျော် ကာတွန်းရုပ်ရှင်ကို ပြန်လည်အသက်သွင်းတဲ့အခါ ဒါရိုက်တာဟာ အနုပညာလုပ်ငန်းထဲက တကယ့်နာမည်ကျော် အာရှသရုပ်ဆောင်တချို့ကို ခေါ်ယူခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ မင်းသား Donnie အပြင် ဂျက်လီ၊ ဂေါင်းလီ နဲ့ ချန်ပိုင်ပိုင်တို့လို တကယ့်နာမည်ကျော်တွေလည်း ပါဝင်လာတာကိုမြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
ဒါရိုက်တာ Caro ကတော့ တရုတ်ရိုးရာ အတွေ့အကြုံကို တင်ပြမယ့် တရုတ်လူမျိုးသရုပ်ဆောင်တွေချည်းပါဝင်တဲ့ ထူးထူးခြားခြား သရုပ်ဆောင်တွေနဲ့ အတူ လုပ်ကိုင်ရတာဟာ အိပ်မက်တခုလိုပဲလို့လည်း ဆိုပါတယ်။
ဇာတ်ဝင်တေးရွေးချယ်မှုအပိုင်းနဲ့ပတ်သက်လို့ ၁၉၉၈ ခုနှစ်က ရုပ်ရှင်ကတော့ ဂီတပိုင်းဆိုင်ရာ အရထူးထူးခြားခြား ဂုဏ်ပြုခံခဲ့ရတာကြောင့် အခုရုပ်ရှင်အတွက် ဇာတ်ဝင်သီချင်းအသစ်ကို အဆိုတော် Christina Aguilera က အသံသွင်း ယူပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
“Mulan” ရုပ်ရှင်ကိုလာမယ့် မတ်လ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
အကယ်ဒမီပေးပွဲ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ
“Shazam! 2” ရုပ်ရှင်မှာ Superman ကို ဧည့်သည်သရုပ်ဆောင် အဖြစ် တွေ့မြင်ရဖို့ရှိနေ
“Captain Marvel 2” ရုပ်ရှင်မှာ Wolverine အဖြစ် Henry Cavill ပါဝင်လာမယ်လို့ သတင်းထွက်နေ