Entertainment

ထိုင်းမီဒီယာတခုကို လက်ရှိ မြန်မာနိုင်ငံအကြောင်း ပြောပြခဲ့တဲ့ နှင်းသွေးယုအောင်

Miss Universe Myanmar 2018 အလှမယ် နှင်းသွေးယုအောင်ဟာ ထိုင်းနိုင်ငံက မီဒီယာတခုမှာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့က အင်တာဗျူး ဖြေဆိုခဲ့ပါတယ်။ ပထမဆုံး မေးခွန်းအနေနဲ့ ဒီအချိန်မှာ ဘာကို အစိုးရိမ်ဆုံးလဲဆိုတာ အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ဒီအချိန်မှာ ကျမ အစိုးရိမ်ဆုံးအရာကတော့ ဒီတိုက်ပွဲကို ရှုံးမှာ အစိုးရိမ်ဆုံးပါ။ ဘာလို့လဲဆိုတော့ ကျမတို့ဒါကို ရှုံးလို့ကို မဖြစ်လို့ပါ။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြည်လုံးကျွတ် သပိတ်အတွက်လည်း အရမ်းဝမ်းသာရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကတည်းက ခံစားခဲ့ရလို့ ဒါကိုထပ်ပြီး လက်မခံနိုင်တော့လို့ ဒီလိုတွေ အားကြိုးမာန်တက် လုပ်နေကြရတာပါ”လို့ နှင်းသွေးယုအောင်က ပြောပါတယ်။

နှင်းသွေးယုအောင်ဟာ လက်ရှိမှာ ထိုင်းနိုင်ငံသို့ ရိုက်ကူးရေးကိစ္စအတွက် အာဏာသိမ်းတဲ့ ကိစ္စရပ်များ မတိုင်ခင်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး၊ ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင် မပါဝင်နိုင်ပေမယ့် မြန်မာနိုင်ငံမှာသာရှိခဲ့ရင် ပါဝင်ဖြစ်မှာ အသေအချာပါပဲလို့ ဆိုပါတယ်။

ဒီတိုက်ပွဲကို နိုင်ဖို့ အဓိက သော့ချက်က ဘာဖြစ်မလဲ ဆိုတဲ့ မီဒီယာဘက်မှ မေးခွန်းကိုတော့ “ကျမတို့ လိုချင်တာ မရမချင်း သည်းခံရမယ်၊ စောင့်ရမယ်။ ပြီးတော့ ဒီပွဲကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာအောင်နိုင်ဖို့ အထိရောက်ဆုံး လုပ်နိုင်တာကတော့ CDM ပါပဲ”လို့ ဖြေခဲ့ပါတယ်။

အလှမယ် နှင်းသွေးယုအောင် (ဓာတ်ပုံ – Hnin Thway Yu Aung’s Facebook)

စစ်တပ်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားချက်တွေအပေါ်လည်း ယုံကြည်မှု မရှိဘဲ ကိုယ်တိုင်မဲပေးခဲ့တာကြောင့်လို့ ဆိုပါတယ်။

“ကျမတို့ နိုင်ငံကြီးက အခုဆိုရင် အန္တရာယ် ကျရောက်နေတာပါ။ ကျမတို့ ပြည်သူတွေ အပြစ်မဲ့စွာ သေနတ်နဲ့ အပစ်ခံနေရပါတယ်။ တချို့ဆို ပုန်းနေရင်း အပစ်ခံရတယ်။ တချို့ဆို ဆန္ဒထုတ်ပွဲချိန် အပစ်ခံရတဲ့သူကို ကယ်ရင်း အပစ်ခံရတယ်။ တချို့ဆို ညဘက် ကင်းစောင့်ရင်း အပစ်ခံရတယ်၊ စတာတွေက ကျမတို့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့ အကြောင်းအရာတွေပါ” လို့ နှင်းသွေးယုအောင်က ပြောပါတယ်။

ဒီလို စကားသံတွေကို တကမ္ဘာလုံး ကြားစေနိုင်မယ်လို့ ထင်ပါသလားဆိုတဲ့ မေးခွန်းအပေါ် “ကျမအနေနဲ့ တကမ္ဘာလုံးဆီ ရောက်ဖို့ လွှမ်းမိုးမှု မရှိပေမယ့် ကျမ တတ်နိုင်သလောက် လုပ်နေတာပါ။ ဒါကြောင့်လည်း မီဒီယာတွေ၊ TV Channel တွေနဲ့ ဆက်သွယ်ခဲ့တာပါ”လို့ နှင်းသွေးယုအောင်က ပြောပါတယ်။

အနုပညာလောကထဲက သူတွေကလည်း ပြည်သူတွေနဲ့အတူ အားကြိုးမာန်တက် ဆန္ဒဖော်ထုတ်နေကြတာဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို လိုချင်တာကြောင့် တိုက်ပွဲဝင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အလှမယ် နှင်းသွေးယုအောင် (ဓာတ်ပုံ – Hnin Thway Yu Aung’s Facebook)

“ကျမရဲ့တဦးတယောက်တည်း အမြင်နဲ့ ပြောရမယ်ဆိုရင် ကျမတို့ပြည်သူတွေ အားလုံးက ဒါကို လက်ကိုမခံနိုင်တာပါ။ ပြည်သူတွေက Human rights နဲ့ ဒီမိုကရေစီကိုသာ ပြန်လိုချင်တာပါ။ ဒါကြောင့်လည်း ဒီလို အားကြိုးမာန်တက် တိုက်ပွဲဝင်နေကြတာပါ”လို့နှင်းသွေးယုအောင်က ပြောပါတယ်။

ထိုင်းလူမျိုးတွေရဲ့ မြန်မာနိုင်ငံအပေါ် အားပေးထောက်ခံမှုဟာ ခွန်အားဖြစ်စေတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။ “ကျမတို့ ပြည်သူတွေအတွက် ထိုင်းအပါအဝင် နိုင်ငံတကာက မိတ်ဆွေတွေရဲ့ အမြင်လေးတခု၊ ပို့စ်လေးတခုကတောင် ခွန်အားဖြစ်စေပါတယ်”လို့ ပြောပါတယ်။

အဆိုပါ အင်တာဗျူးကိုတော့ နှင်းသွေးယုအောင်ဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က Thai PBS ရုပ်သံမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အလှမယ် နှင်းသွေးယုအောင်ကတော့ လက်ရှိ ထိုင်းနိုင်ငံမှာ သရုပ်ဆောင်ဒေါင်းနဲ့အတူ “From Chaophraya to Ayeyarwaddy” (ကျောက်ဖယားမှ ဧရာဝတီသို့) ဇာတ်လမ်းတွဲ ရိုက်ကူးရေးနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။

You may also like these stories:

“အကြမ်းဖက်တာက ဒီမိုကရေစီ စနစ် မဟုတ်ဘူး”

“ပြည်သူတွေကို ထိမှန်တာ ကျနော်တို့ကို မှန်သလို ခံစားရတယ်”

တရားမဝင် နိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဖို့ ထိုင်းပရိသတ်များကို ပိုင်တံခွန် ပြော

Loading