ပြည်သူများ စုပေါင်းကာ Federal Army ဖြစ်မြောက်ရေးအတွက် CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို ဝိုင်းဝန်းကာ တတ်နိုင်တဲ့ဘက်မှ လှူဒါန်းလျက် ရှိကြပါတယ်။
ဒီထဲမှာမှ အလှမယ် နှင်းသွေးယုအောင်ကလည်း သူ့ဘဝရဲ့ တန်ဖိုးထားရတဲ့ “Miss Universe Myanmar 2018” သရဖူကို ရောင်းပြီး လှူဒါန်းသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။
“CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို လှူဖို့ နှင်းသွေးဘဝရဲ့ တန်ဖိုးအထားဆုံး အမြတ်နိုးဆုံး Miss Universe Myanmar 2018 Crown ကို ရောင်းချင်ပါတယ်။ အုတ်တချပ် သဲတပွင့် ဖြစ်ခွင့်ပြုပါ” လို့ နှင်းသွေးယုအောင်က ပြောပါတယ်။
ဒီလိုမျိုး သူ့ရဲ့ Facebook အကောင့်မှတဆင့် ပြောခဲ့ပြီး တနာရီအကြာမှာပဲ အမည်မဖော်လိုသူ အလှူရှင်တဦးမှ အဆိုပါ သရဖူကို မရောင်းစေဘဲ လှူမယ့်ငွေကြေးကို ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။
အဆိုပါ အလှူရှင်မှ “သရဖူကို မရောင်းပါနဲ့။ အမှတ်တရ သိမ်းထားပါ။ ၄၅ သိန်း ကျနော် လွှဲပေးမယ်။ တန်ဖိုးထားတဲ့ဟာ သိမ်းထားပါ” လို့ ဆိုပါတယ်။

နှင်းသွေးယုအောင်အနေနဲ့ ဒီလုပ်ရပ်အတွက် မျက်ရည်ကျမိပြီး သူတန်ဖိုးထားရတဲ့ သရဖူကိုလည်း သိမ်းထားမှာဖြစ်ပြီး၊ ရရှိတဲ့ ငွေကြေးဟာ ထိုင်းဘဏ်နဲ့ ချိတ်ဆက်လုပ်ရတာ ဖြစ်တဲ့အတွက် ဘတ်ငွေကနေ ဒေါ်လာလဲပြီး CRPH ကို တန်းလှူသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ ငွေကြေးမှာ ယခု မတ်လ ၃၀ ရက်နေ့ မနက်မှာပဲ နှင်းသွေးယုအောင်ရဲ့ ဘဏ်အကောင့်ထဲကို ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
“ဘဏ်အကောင့်ထဲ ဘတ် ၁ သိန်း ဝင်ပါပြီ။ အလှူရှင် မိသားစု ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝပါစေ ဆုတောင်းပေးပါတယ်ရှင်”လို့ နှင်းသွေးယုအောင်က ဆိုထားပါတယ်။
အလှမယ် နှင်းသွေးယုအောင်ဟာ လက်ရှိ ထိုင်းနိုင်ငံမှာ သရုပ်ဆောင် ဒေါင်းနဲ့အတူ “From Chaophraya to Ayeyarwaddy” (ကျောက်ဖယားမှ ဧရာဝတီသို့) ဇာတ်လမ်းတွဲ ရိုက်ကူးရေးနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။
နှင်းသွေးယုအောင် အနေနဲ့ မြန်မာနိုင်ငံမှာ မရှိနေနိုင်ပေမယ့် ထိုင်းနိုင်ငံမှ နေ၍ မြန်မာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်များကို ဝေမျှပေးနေပြီး ဖေဖော်ဝါရီလအတွင်းက တကြိမ်၊ မတ်လမှာ တကြိမ် ထိုင်းမီဒီယာမှတဆင့် မြန်မာနိုင်ငံအကြောင်း အင်တာဗျူး ဖြေဆိုထားပါတယ်။
You may also like these stories:
အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်
စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကမ္ဘာသိအောင် ထုတ်ပြောတဲ့ အလှမယ် ဟန်လေး
ဒုတိယအကြိမ် အလှူအဖြစ် ဒလဘက်ကို လှူဒါန်းခဲ့တဲ့ သန္တာလှိုင်တို့ “T Fitness” မိသားစု