၂၀၂၀ အတွင်းက ဖောင်ကြီး ကိုဗစ် စင်တာမှာ Volunteer လုပ်ကိုင်ခဲ့တဲ့ ဒေါက်တာ စိန်ဖြိုးလှိုင် (ခ) သရုပ်ဆောင် မောင်ဟာ ယခု လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်လူနာများ ပိုပြီး တွေ့လာရတာကြောင့် သူတတ်နိုင်တဲ့ဘက်ကနေ အရေးပေါ်လူနာတွေအတွက် ကူညီ ဖြေကြားပေးသွားမယ်လို့ ဆိုပါတယ်။
“ဒီရက်ပိုင်းမှာ Covid လူနာတွေ လူကြီးရော၊ လူငယ်တွေရော အများကြီး တွေ့လာရပါတယ်။ စင်တာတွေ၊ ဆေးရုံတွေ လွယ်လွယ် သွားမရတာကြောင့် ပိုပြီး ဒုက္ခ တွေ့နေရပါတယ်”
“အဲ့ဒါကြောင့် ကိုဗစ်နဲ့ ပတ်သက်ပြီး အိမ်မှာ အရေးပေါ်လူနာရှိနေရင် Chat box ကနေ အချိန်မရွေး လာမေးပါ။ အရေးကြီးနေရင် ဖုန်းဆက်ပေးပါမယ်။ လုပ်ဆောင်ရမယ့်အချက်တွေ အတတ်နိုင်ဆုံး ညွှန်ကြားပေးပါမယ်”လို့ “SEIN PHYO & YI” Page မှာ ပြောထားပါတယ်။

“တကယ်အရေးကြီးတဲ့ လူနာတွေကို အချိန်ပေးချင်တာကြောင့် ကာကွယ်ချင်ရုံ မေးချင်တဲ့သူများတော့ သည်းခံဖို့ မေတ္တာရပ်ခံပါတယ်”လို့ စိန်ဖြိုးလှိုင်က ဆိုပါတယ်။
စိန်ဖြိုးလှိုင်ဟာ ၂၀၂၀ ခုနှစ်တုန်းက အစ်မဖြစ်သူရဲ့ သားသမီးများကို စောင့်ရှောက်ရင်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဧရာဝတီ ကိုဗစ် ကုသရေး စင်တာမှာ တက်ရောက်ခဲ့ပြီး၊ ရောဂါပျောက်ကင်း သက်သာပြီးနောက် ဖောင်ကြီး ကိုဗစ်စင်တာမှာ လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်ရဲ့ ချစ်သူ သရုပ်ဆောင် ရီရီပွင့်ဖြူကလည်း နာရီပိုင်းအတွင်း သူတို့ Page ကို ပေးပို့တဲ့ စာတွေ ထောင်ချီပြီး ရောက်လာတာကြောင့် အားလုံးကို ရောဂါ မပေါ့ဆကြဖို့ အခုလိုပဲ ဆိုပါတယ်။
“နာရီပိုင်းလေးအတွင်းမှာကို လူထောင်ချီပြီ စာတွေ ရောက်လာတယ်။ အရေးကြီး လူနာတွေရော စိုးရိမ်ရတဲ့သူတွေရော၊ စိတ်မကောင်းလိုက်တာ။ မဖြစ်သေးတဲ့သူတွေလည်း မပေါ့ကြပါနဲ့လို့။ တကယ်ကြောက်ဖို့ ကောင်းပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ”လို့ ရီရီပွင့်ဖြူက ဆိုပါတယ်။
ဒေါက်တာ စိန်ဖြိုးလှိုင်က COVID-19 နဲ့ ပတ်သက်ပြီး မေးလာတဲ့ မေးခွန်းများအပေါ် “အားလုံးကို ဖြေပေးနေပါတယ်။ မေးတဲ့လူ အရမ်းများလို့ စောင့်ပေးကြပါခင်ဗျ”လို့ ပြန်လည် ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း နေ့စဉ် မြင့်တက်နေပြီး၊ ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ချက်အရ ကိုဗစ် လူနာအသစ် (၂,၃၁၈) ဦး၊ သေဆုံးလူနာ (၃၅) ဦး၊ စုစုပေါင်း အတည်ပြုလူနာ (၁၆၅,၄၀၅) ဦး၊ သေဆုံးသူ စုစုပေါင်း (၃,၄၁၉) ဦး ရှိသွားပြီ ဖြစ်ပါတယ်။
You may also like these story:
“ကိုဗစ်ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ”
COVID–19 အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့တဲ့ သရုပ်ဆောင် မောင်