အာရှတိုက်ရဲ့ ပထမဆုံး အကြိမ်ကျင်းပတဲ့ အသက် ၂၂ အောက် ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု (က) မှာ ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ အိမ်ရှင် အိုမန်၊ ဂျော်ဒန်နဲ့ တောင်ကိုရီးယား အသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှာပဲ လှည့်ပြန် ခဲ့ရပါတယ်။
ဒီပြိုင်ပွဲကို ဇန်နဝါရီ ၁၁ ရက်ကနေ ၂၆ ရက်အထိ အိုမန်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ ဒီပြိုင်ပွဲကို ဒေသတွင်းအာဆီယံ နိုင်ငံတွေအနက် တသင်းတည်းသာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပေမယ့် အဖွင့်ပွဲစဉ်မှာ အိမ်ရှင် အိုမန်အသင်းကို ၄-၀ ဂိုး၊ တောင်ကိုရီးယားအသင်းကို ၃-၀ ဂိုးနဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂျော်ဒန်နဲ့ ပွဲမှာ ၆-၁ ဂိုး စသဖြင့် အသင်းတိုင်းကို ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး လှည်ပြန်ခဲ့ရတာဖြစ်ပါတယ်။
မြန်မာ့ လက်ရွေးစင်အသင်း တာဝန်ရှိသူ ဦးတင်မြင့်အောင် က“ဒီပြိုင်ပွဲမှာ ယူ-၁၉ ကစားသမား လူငယ် အများစုကို အခြေခံပြီး အတွေ့ အကြုံရရှိဖို့ အဓိက ရည်ရွယ်တာဖြစ်တဲ့အတွက် ရလဒ်ကိုတော့ မပြောလိုတော့ပါဘူး၊ ဂိုးကတော့ ပေးရတာများသွားတာ ပေါ့နော်၊ ဒါပေမယ့် အခုသွားပြိုင်တဲ့ အဆင့်ဟာ အာရှမှာ ဒုတိယ အမြင့်ဆုံးဖြစ်တော့ အာရှထိပ်သီးအသင်းတွေနဲ့ ကျနော်တို့နဲ့ ဘယ် လောက်ကွာဟလဲ ဆိုတာလဲ သိလိုက်ရတာပေါ့”လို့ ဧရာဝတီကို ပြောပါတယ်။
အာရှထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျော်ဒန်၊ တောင်ကိုရီးယား လိုအသင်းတွေနဲ့ ကစားတဲ့အခါမှာ မြန်မာအသင်းအနနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းနဲ့ နည်းစနစ်ပိုင်းတွေ အားနည်းတာကိုတွေ့ရပြီး ဒါတွေပြင်ဆင်နိုင်ဖို့အတွက် ရေရှည် အချိန်ယူ ပြင်ဆင်သွားဖို့လိုအပ် တယ်လို့ ဦးတင်မြင့်အောင် က ရှင်းပြပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာအသင်းက ပြိုင်ဘက်အသင်းတွေကို ၁ ဂိုးသာပြန်သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ပေးဂိုး ၁၃ ဂိုးပေးခဲ့ရပါတယ်။ အိမ်ရှင် အိုမန် အသင်းကလည်း မြန်မာအသင်းကိုသာ အနိုင်ရရှိပြီး ဂျော်ဒန်နဲ့ တောင် ကိုရီးယား အသင်းတွေကို ရှုံးနိမ့်ခဲ့လို့ မြန်မာအသင်းနဲ့ အတူ အုပ်စုကနေ ထွက်ခဲ့ကြရပါတယ်။
ဂျော်ဒန်နဲ့ တောင်ကိုရီးယား အသင်းတွေကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ်တူနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်သွား ကြပြီ ဖြစ်ပါတယ်။ ဂျော်ဒန် အသင်းကတော့ ရဂိုးကွာခြားချက်အရ အုပ်စု ပထမ အဆင့်နဲ့ တက်သွားတာ ဖြစ်ပါတယ်။
နိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းအနေနဲ့ အခုလိုအုပ်စုကနေ လှည့်ပြန်ခဲ့တာဟာ ရက်ပေါင်း ၃၀ အတွင်း မှာ ဒုတိယ အကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစား ပြိုင်ပွဲမှာလည်း မြန်မာ အသင်းက အင်ဒိုနီးရှား အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး အုပ်စုက ထွက်ခဲ့ရပါတယ်။
အာရှတိုက်ရဲ့ ပထမဆုံး အကြိမ် ကျင်းပတဲ့ အသက် ၂၂ အောက် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(ခ) မှာ မြောက်ကိုရီးယား၊ ယူအေအီး၊ ဆီးရီးယား၊ ယီမင် ဖြစ်ပြီး အုပ်စု(ဂ) မှာ ဂျပန်၊ သြစတြေးလျ၊ အီရန်၊ ကူဝိတ် အသင်းတွေနဲ့ အုပ်စု(ဃ) မှာ အီရတ်၊ ဆော်ဒီ အာရေးဗီယား၊ ဥဇဘက် ကစ္စတန်နဲ့ တရုတ်တို့ ဖြစ်ကြပါတယ်။
မြန်မာအသင်းရဲ့ အုပ်ချုပ်သူအဖြစ် ငွေခေတ် လက်ရွေးစင် ဦးသန်းတိုးအောင်က တာဝန်ယူခဲ့ပြီး နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံ မစ္စတာဂတ်၊ ဦးကြည်လွင်၊ လက်ထောက်နည်းပြ အဖြစ် ဦးဇော်ဝင်းထွန်းနဲ့ ဦးအောင်ခိုင်တို့ဖြစ်ပြီး ဂိုးနည်းပြ အဖြစ် ဦးအောင်ကျော်ကျော်တို့ဖြစ်ကြပါတယ်။
ယူ-၂၂ ကစားသမားတွေ အများစုဟာ မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ မြန်မာနေရှင်နယ်လိတ် (MNL) ဆုကြေးစား ကလပ် အသင်းတွေက ကစားသမားတွေဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) က ဖော်ပြထားတာကို တွေ့ရပါတယ်။
ဂိုး-ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ နောက်တန်း- ဇော်မင်းထွန်း၊ ရဲဝင်းအောင်၊ ဇော်ရဲထွန်း၊ (ရတနာပုံ)၊ ဇာနည်ထက်၊ ဇော်ဝင်း၊ စည်သူအောင် (ရန်ကုန်ယူနိုက်တက်)၊ နန္ဒကျော် (မကွေး)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီယူနိုက်တက်)၊ ဝင်းဇင်ဦး (ဇေယျာရွှေမြေ) တို့ပါဝင်ပါတယ်။
အလယ်တန်း ကစားသမားတွေအဖြစ် ကျော်မင်းဦး၊ အောင်သူ (ဘောလုံးအကယ်ဒမီ)၊ နိုင်လင်းဦး (ဧရာဝတီယူနိုက်တက်)၊ ငြိမ်းချမ်းအောင် (မနေမြေ)၊ သက်ပိုင်ဦး၊ မျိုးမင်းဇော် (ဇေယျာရွှေမြေ)၊ ကောင်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ မောင်မောင်စိုး (မကွေး)၊ နေလင်းထွန်း (ဧရာဝတီယူနိုက်တက်)၊ မျိုးဇော်ဦး (မကွေး)တို့ ဖြစ်ကြပြီး ရှေ့တန်းမှာတော့ သက်နိုင် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ ရန်နိုင်ထွေး (ဆောက်သမ်းမြန်မာ)၊ ရှိုင်းသူရ (ရတနာပုံ)၊ အောင်မင်းညွန့် (ဟံသာဝတီယူနိုက်တက်) တို့ဖြစ် ကြပါတယ်။