အရှေ့တောင်အာရှနိုင်ငံအများစုဟာ အစဉ်အလာယဉ်ကျေးမှုတွေမြင့်မားတဲ့ နိုင်ငံတွေပါပဲ။ ဒါကြောင့်လည်း ဥရောပတိုက်သားအများစုက အားလပ်ရက်ခရီးရှည်ထွက်ကြတဲ့အခါ အရှေ့တောင်အာရှနိုင်ငံတွေဆီကို အလည်အပတ်သွားလေ့ရှိကြပါတယ်။
ထိုင်းနိုင်ငံအပါအဝင် ကမ္ဗောဒီးယား ၊ လာအို ၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ပါပဲ။
အခုနောက်ပိုင်း ခရီးသွားတွေမျက်စိကျလာတဲ့ အရှေ့တောင်အာရှနိုင်ငံကတော့ ဗီယက်နမ်နိုင်ငံပါပဲ။ ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့အချက်ကတော့ ဗီယက်နမ်နိုင်ငံရဲ့ ပင်လယ်ကမ်းရိုး တန်းတွေနဲ့ ရှေးကျတဲ့ သာသနိက အဆောက်အဦတွေပါပဲ။
၁။ Son Tra Peninsula
Son Tra ကျွန်းဆွယ်ဟာ Da Nang မြို့ နားက ကျွန်းဆွယ်လေးပါပဲ။ Da Nang မြို့ကတော့ ဗီယက်နမ်နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံးမြို့တမြို့ပဲဖြစ်ပါတယ်။ Son Tra ကျွန်းဆွယ်ကတော့ လှပရုံတင် မဟုတ်ဘဲ အံ့အားသင့်စရာကောင်းတဲ့ ကျွန်းဆွယ်တဆွယ်လည်း ဖြစ်ပါသေးတယ်။
အဖြူရောင် သဲသောင်ပြင်တွေ ဖုံးလွှမ်းထားပြီးရေကလည်း ကြည်လင်သန့်ရှင်းနေပါသေးတယ်။ ဒီကျွန်းဆွယ်မှာရှိတဲ့ မျောက်တောင်ပေါ်ကနေ လှမ်းကြည့်ရင်တော့ Da Nang မြို့ရဲ့အလှကို အပေါ်စီးကနေ မြင်နိုင်ပါတယ်။
မိုးသားပြာပြာတွေဖုံးအုပ်ထားတဲ့ ပင်လယ်ရေပြင်တွေနဲ့ သန့်ရှင်းလှပနေတဲ့ကမ်းခြေတွေဟာ မျောက်တောင်လို့ ခေါ်လေ့ရှိတဲ့ တောင်အောက်မှာ ငြိမ်ငြိမ်သက်သက် စီးမျောနေတာကို တွေ့ နိုင်ပါလိမ့်မယ်။
၂။ The Nguyen Dynasty Tombs
ဒီ သင်္ချိုင်းကတော့ Hue မြို့ ၊ Chau Chu တောင်နဲ့ မနီးမဝေးမှာရှိပါတယ်။ Hue မြို့ဟာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း မှာရှိတဲ့ မြို့တမြို့ပါပဲ။ ဒီ သင်္ချိုင်းကလည်း ဗီယက်နမ်ရဲ့ ထင်ရှားတဲ့နေရာ ပါပဲ။ နောက်ထပ်ကျော်ကြားတဲ့ သင်္ချိုင်းတွေကတော့ Minh Mang , Khai Dinh , Tu Doc , Thieu Tri နဲ့ Dong Kanh တို့ပါပဲ။
ဒီသင်္ချိုင်းတွေဟာ ဂျီသြမေတြီထောင့်ချိုးတွေကို အချိုးကျကျ ပေါင်း စပ်ထားတာဖြစ်ပြီး ဘာသာရေးအငွေ့အသက် တွေလည်း ပါဝင်ပါသေးတယ်။
ဒီသင်္ချိုင်းကတော့ Khai Dinhဘုရင် အတွက်တည်ဆောက်ထားတာဖြစ်ပြီး Khai Dinh ဟာ Nguyen မင်းဆက်ရဲ့ ၁၂ ဆက်မြောက်မင်းပဲဖြစ်ပါတယ်။
၃။ Phu Quoc Island
ဒီကမ်းခြေကလည်း ဗီယက်နမ်နိုင်ငံရဲ့ အထင်ကရနေရာပါပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်း ကတော့ ဗီယက်နမ်ရဲ့ အလှဆုံးကမ်းခြေဟာ Nha Trang ကမ်းခြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ခရီးသွားတွေက Phu Quoc ကမ်းခြေကိုပဲ သွားကြပါတော့တယ်။
ဘာကြောင့်လည်း ဆိုတော့ ပိုမို သန့်ရှင်းတဲ့အတွက်ကြောင့်ပါ။ နောက်ပြီး Phu Quac ကမ်းခြေဟာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးကမ်းခြေလည်း ဖြစ်ပါသေးတယ်။
၄။ Phong Nha-Ke Bang National Park
Phong Nha-Ke Bang ဟာ ဗီယက်နမ်နိုင်ငံရဲ့ အမျိုးသားပန်းခြံဖြစ်ပြီး UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နေရာတခုဖြစ်ပါတယ်။ လာအို-ဗီယက်နမ်နယ်စပ်မှာရှိပြီး ဒီနေရာမှာရှိတဲ့ Son Dong ဂူဟာ ကမ္ဘာ့အကြီးဆုံးဂူစာရင်းထဲ ပါဝင်ပါတယ်။ Son Dong အပြင် နောက်ထပ် ဂူပေါင်း ၃၀၀ ကျော် ရှိပါသေးတယ်။
၅။ The One Pillar Pagoda
ဗုဒ္ဓဘုရားကျောင်းဖြစ်တဲ့ ဒီဘုရားရှိခိုးကျောင်းဟာ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့ရဲ့ နှလုံးသည်းပွတ် ပါပဲ။ ဒီကျောင်းကိုတော့ ၁၀၄၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဘုရင် LyThai Tong ရဲ့ အိပ်မက်အရ တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘုရင်မက်ခဲ့တဲ့အိပ်မက် ကတော့ ပဒုမ္မာကြာပန်းထဲကနေ ဘုရားရှိခိုးကျောင်းတကျောင်းပေါ်လာတယ် ဆိုတဲ့အိပ်မက်ပါပဲ။
သစ်သားနဲ့တည်ဆောက်ထားခဲ့တဲ့ကျောင်းတကျောင်းဖြစ်ပြီး အခုလက်ရှိ ခရီးသွားတွေ လည်ပတ်နေကြတဲ့ကျောင်း ကတော့ အသစ်ပြန် တည်ဆောက်ထားတဲ့ ကျောင်းပဲ ဖြစ်ပါတယ်။ မူလဆောက်ခဲ့ တဲ့ ကျောင်းဟောင်းကတော့ စစ်အတွင်းကပဲ ဖျက်ဆီးခံခဲ့ရပါတယ်။
Ref : vietravle