ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ပေါင်း ၂.၃သန်းကျော် ယခုနှစ် ဆုန်ခရန် သင်္ကြန် ပွဲတော်အတွင်း လာရောက်မည်ဟု ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့(TAT) က မျှော်မှန်းထားပြီး ခရီးသွားလုပ် ငန်းနှင့်ဆက်စပ်ဝန်ဆောင်မှုများမှ အခွန် ငွေ ဘတ်ငွေဘီလီယံ ၂၀ ရရှိရန် လျာထားကြောင်း ဆိုသည်။
ဧပြီလ ၁၂ ရက်တွင် စတင် ကျင်းပမည့် ငါးရက်ကြာ ပွဲတော်တွင် နိုင်ငံတကာမှ ဧည့်သည် ရောက်ရှိမှု ပေါင်း ၃ သိန်း၊ ပြည်တွင်းမှ ၂ သန်း မျှော်မှန်းထားကြောင်း TAT အုပ်ချုပ်ရေးမှူး ယူသာဆက် စူပါဆွမ်က ပြောသည်။
ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ပွဲတော်ကာလကို ဧပြီလ ၁၂ ရက်ပါ ထပ်ဖြည့်ရန် အစိုးရက ခွင့်ပြုပေး ခဲ့သဖြင့် ယခင်နှစ် ကထက် ခရီးသွားအရေအတွက် ပိုမိုများပြားစွာလာရောက် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆုန်ခရန် သင်္ကြန် ပွဲတော် အဓိက ကျင်းပရာ နေရာမှာ ချင်းမိုင်မြို့ ဖြစ်ပြီး ယခုအခါ မြောက်ပိုင်းပြည် နယ်များ အထူးသဖြင့် ချင်းမိုင်မြို့တွင် လေထုအရည်အသွေးကျဆင်းနေမှုအပေါ် စိုးရိမ်ပူပန်မိကြောင်း မစ္စတာယူသာဆက် ဝန်ခံပြောကြားခဲ့ပြီး၊ ယခုအခါ လေထုအခြေအနေမှာ မကြာမီ တိုးတက်ရန် မျှော်လင့်ထားကြောင်း ၎င်းက ဆက်ပြောသည်။
တောင်ယာများနှင့် အမှိုက်သရိုက်များ အဆီးအတားမရှိ မီးရှို့ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်များတွင် မီးခိုးမြူထူထပ်ခြင်းဖြစ်ပေါ်လျက်ရှိရာ ချင်းမိုင်လည်း အပါအဝင်ဖြစ်သည်။
မီးခိုးမြူသိပ်သည်းနေ၍ ချင်းမိုင်နှင့် မဲဟောင် ဆောင် လေကြောင်းခရီးစဉ်များ ယာယီဆိုင်းငံ့ထား ရကြောင်း မစ္စတာယူသာဆက်က ပြောသည်။
ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့(TAT)၏ ၅၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲ၌ အမှာစကားပြောကြားရာတွင် ဒုတိယအဆင့် ပြည်နယ် ၅၅ ခုသို့ ခရီးသွားများ လာရောက် လည်ပတ်ခြင်းဖြင့် စီးပွားရေးမညီမျှမှု လျှော့ချရန်အတွက် ၎င်းတို့အဖွဲ့ အနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။