အခုနောက်ပိုင်းခေတ်တွေမှာတော့ ဝါးဟာ လူတွေကြိုက်တဲ့ အသုံးအဆောင်ပစ္စည်းတခု ဖြစ်လာပြီး ဟိုတယ် လုပ်ငန်းတွေမှာပါ ဝါးကို အသုံးပြုလာကြပါတယ်။ တကယ်တော့ ဝါးဟာ ၁၈ လလောက် စောင့်လိုက်ရုံနဲ့ ၁၅ မီတာ ရှည်နိုင်တဲ့ အရွယ်အစားကို ရရှိတာဖြစ်တဲ့အတွက်ကြောင့် အခြား သစ်ပင်တွေထက်စာရင် အချိန်တိုတိုအတွင်း အများအပြား စိုက်ပျိုးထုတ်လုပ်လို့ရတဲ့ အပင်ဖြစ်ပါတယ်။
ဒါကြောင့်လည်း အခုနောက်ပိုင်းဟိုတယ်တွေဟာ ဝါးကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဝါးပင်တွေက ၃ နှစ်လောက်ဆိုရင်ကိုပဲ ကျွန်းသစ်လို မာတဲ့ အနေအထားတခုကို ရောက်ပါပြီ။ ကျွန်းသစ်လို ဈေးနှုန် းကြီးမြင့်တာမျိုးလည်း မရှိတဲ့အတွက် လှပတဲ့ ဒီဇိုင်းတွေနဲ့ အဆောက်အဦတွေမှာ ဝါးကိုသာ အသုံးပြုနိုင်ခဲ့မယ်ဆိုရင် ငွေကုန်ကြေးကျလည်း နည်းပါလိမ့်မယ်။
ဒါကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်ကြတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေဟာ ဝါးကိုအသုံးပြုပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို ဆောက်လုပ်လာခဲ့ကြပါတယ်။ အဲဒီလို ဝါးပင်တွေကို အသုံးပြုပြီး ဆောက်လုပ်ထားတဲ့ အာရှရဲ့ ဟိုတယ်တချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Bawah Island (အင်ဒိုနီးရှား)
အင်ဒိုနီးရှားနိုင်ငံရဲ့ သန္တာကျောက်တန်းတွေ ပေါကြွယ်ဝတဲ့ ဒီကျွန်းစုကတော့ စင်ကာပူနိုင်ငံကနေ မိနစ် ၉၀ လောက် ရေယာဉ်ပျံစီးသွားရင် ရောက်ပါပြီ။ ဘဘာဝ သားရိုင်းတိရစ္ဆာန်တွေကို ဘေးမဲ့ပေးရာ ကျွန်းတွေဖြစ်တဲ့ ဒီကျွန်းတွေမှာ ဆိုရင်တော့ ဝါးပင်တွေကိုသုံးပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို မြင်တွေ့ရမှာပါ။
ဘန်ဂလိုတွေကိုလည်း ဝါးကိုသာအသုံးပြုပြီး ဆောက်လုပ်ထားကြပါတယ်။ တခြားအသုံး အဆောင်ပစ္စည်းတွေ ကလည်း သဘာဝပစ္စည်းတွေပါပဲ။ အဲဒီအပန်းဖြေစခန်းတွေမှာ အသုံးပြုတဲ့လျှပ်စစ်စွမ်းအားစနစ်ကလည်း နေရောင်ခြည်စွမ်းအင်ဖြစ်သလို ရေချိုးကန်နဲ့ နံရံကပ် လက်ဆေးစင်တွေကိုလည်း ကြေးနီတွေကို ပြန်လည် အသုံးပြုထားပါတယ်။
(၂) Cempedak (အင်ဒိုနီးရှား)
ဒီအပန်းဖြေစခန်းကတော့ ၄၂ ဧကကျော် ကျယ်ဝန်းပါတယ်။ မိုးသစ်တောအတွင်းမှာရှိပြီး ရေငုပ်တာတွေ ရွက်လွှင့်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒီအပန်းဖြေစခန်းမှာဆိုရင်လည်း ဝါးကိုသုံးပြီးဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို တွေ့ရမှာပါပဲ။ အဆောက်အဦတွေအတွက် ဝါးအလုံးပေါင်း ၅သောင်းကျော်ကိုအသုံးပြုထားပြီး ရေရှည်တည်တံ့သွားနိုင်ဖို့ အတွက်လည်း အစီအစဉ်တွေ ချမှတ်ထားပါတယ်။
(၃) Naman Retreat ( Vietnam )
ဗီယက်နမ်ဗိသုကာပညာရှင် Vo Trong Nghia ဟာ ဝါးတွေနဲ့အဆောက်အဦတွေဆောက် လုပ်ကြဖို့ လှုံ့ဆော်သူတွေထဲမှာ ဦးဆောင်နေရာက ပါဝင်ခဲ့သူတယောက်ပါ။ ဒီအပန်းဖြေစခန်းကတော့ Da Nang နဲ့ Hoi An ကြားမှာ ရှိပါတယ်။ ဗီယက်နမ်နိုင်ငံက ထွက်တဲ့ဝါးတွေနဲ့ အပန်းဖြေစခန်းက အဆောက်အဦတွေကို ဆောက်လုပ်ထားပြီး ရိုးရာလက်သမားပညာကိုသုံးပြီး ခေတ်သစ်ဟန်နဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦ ဒီဇိုင်းတွေကြောင့် နာမည်ကြီး အပန်းဖြေစခန်းတခု ဖြစ်ပါတယ်။
(၄) Qi Palawan (ဖိလစ်ပိုင်)
Palawan ကျွန်းရဲ့ မြောက်ပိုင်းအစွန်မှာရှိပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စနစ်နဲ့အတူ ဝါးအဆောက်အဦ တွေကြောင့် နာမည်ကျော်စပြုလာတဲ့ နေရာတနေရာပါ။ ဒီနေရာမှာဆိုရင်တော့ ဖိလစ်ပိုင်ရိုးရာ အတိုင်း ဆောက်လုပ်ထားတဲ့ ဝါးအိမ်တွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒီအဆောက်အဦတွေအားလုံးကိုတော့ ဖိလစ်ပိုင်လက်သမားတွေက ဆောက်လုပ်ထားကြတာပါ။ ယောဂကျင့်နိုင်တဲ့ အဆောင်တွေကအစ ဝါးကို အသုံးပြုပြီး ဆောက်လုပ်ထားပါတယ်။
Ref : discovery.cathaypacific