သက်သောင့်သက်သာ အခြေအနေတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ လစာကောင်းတဲ့ အလုပ်တွေကို စွန့်လွှတ်ပြီး သာမန်ဘဝထဲကနေ လွတ်မြောက်သွားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီးတွေထွက်ရင်း အချိန်ကုန်နေတဲ့ လူတွေအကြောင်းကို ရုပ်ရှင်တွေ၊ စာအုပ်တွေမှာ ထည့်သွင်း ရေးသား ရိုက်ကူးကြသလို အပြင်မှာလည်း လက်တွေ့ တကယ် ရှိပါတယ်။
ဒီလိုလူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ သတ္တိဟာ လေးစားစရာ ကောင်းပြီး ခရီးသွားခြင်းကနေ ရရှိလာမယ့် စွန့်စားခန်းတွေဟာ အဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဆွစ်ဇာလန်နိုင်ငံသားတယောက်ဟာ သူ့ရဲ့ ဝင်ငွေကောင်းတဲ့ အလုပ်ကနေ နုတ်ထွက်၊ သူပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ရောင်းချပြီး တောရိုင်း တိရစ္ဆာန်တွေကို ကာကွယ်ဖို့ အာဖရိကကို ထွက်လာခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Dean Schneider ဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတခုဖြစ်လာဖို့ အခြေအနေပေးခြင်း၊ မပေးခြင်းတွေနဲ့ မသက်ဆိုင်ကြောင်း သက်သေပြခဲ့တာဖြစ်သလို ငွေကြေးပမာဏ အမြောက်အများ မလိုအပ်ဘူးလိ့ုလည်း သက်သေပြနိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေထဲက သူဟာ သူ့အလုပ်ကနေထွက်ဖို့ သူ့မှာ တွန်းအားတခု ရှိနေခဲ့တာဖြစ်ပြီး ရောင်းချရသမျှ ပစ္စည်းတွေကို အသုံးချကာ တောရိုင်း တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် Hakuna Mipaka အဖွဲ့ကို တောင်အာဖရိကမှာ စတင်တည်ထောင်ခဲ့ပါတယ်။
Hakuna Mipaka အဖွဲ့ရဲ့ မြေပိုင်ဆိုင်မှုဟာ ၃၀၀ ဟက်တာ ကျယ်ဝန်းပြီး ခြင်္သေ့တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အဓိကရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အခြား တောရိုင်း တိရစ္ဆာန်တွေဖြစ်တဲ့ မြင်းကျား၊ အာဖရိက သမင်၊ အာဖရိက တောင်ဆိတ်၊ တောခွေးတွေအတွက် လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ သီးသန့် ကန့်သတ်ထားတဲ့ မြေနေရာတွေလည်း အဲဒီ ၃၀၀ ဟက်တာထဲမှာ ပါဝင်ပါတယ်။
Hakuna Mipaka ရဲ့ အဓိပ္ပာယ်ကတော့ “No Limits” ပဲဖြစ်ပြီး Dean ရဲ့ စကားအရဆိုရင်တော့ “ကျနော်တို့ ချစ်တဲ့အရာတွေကို ကျနော်တို့ပဲ ကာကွယ်ရမှာ” ဆိုတာ ဖြစ်ပါတယ်။
Dean ဟာ ငယ်ဘဝထဲကနေ တိရိစ္ဆာန်တွေအကြောင်း လေ့လာနေခဲ့ရချိန်တိုင်း ပျော်ရွှင်နေခဲ့ရပြီး အရွယ်ရောက်လာတဲ့အခါမှာလည်း တိရိစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတွေဟာ သူ့ဘဝ အခန်းကဏ္ဍမှာ တစိတ်တပိုင်းဆိုသလို ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ကြောင့်ပဲ တောရိုင်း တိရစ္ဆာန်တွေနဲ့ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို သင်ကြားခဲ့ပြီး တိရစ္ဆာန်တိုင်းအတွက် နယ်မြေစည်းရိုးတွေ သီးခြားစီ တည်ဆောက်ပေးဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝအလှတရားနဲ့ ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်နေတဲ့ တောရိုင်း တိရစ္ဆာန်တွေရဲ့ အလှတရားကို အခြားသူတွေကို ခံစားရှုမြင်တတ်အောင် သူ့ရဲ့ Instagram အကောင့်မှာ ဓာတ်ပုံတွေနဲ့ မျှဝေခဲ့ပါတယ်။
Ref: www.boredpanda.com