နယူးယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုများလာတာကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန်တို့က ဆေးဘက်ဆိုင်ရာ အကူအညီတွေ အရေးပေါ် ထောက်ပံ့ပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။ လက်ရှိ ကူးစက်ရောဂါခံစားနေရသူ ၁၅,၀၀၀ ကျော်ရှိပြီး ၂၁ ရက်နေ့ကထက် လူ ၄,၀၀၀ ကျော် များလာပါတယ်။ ဒါဟာ ကမ္ဘာတဝှမ်းလုံး ကူးစက်ခံ အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းကျော်လောက် ရှိပါတယ်။
စမ်းသပ်မှုတွေ အရှိန်ဟုန်နဲ့ လုပ်ဆောင်နေပေမယ့်လည်း နယူးယောက်မြို့ထဲမှာတော့ ရောဂါပိုးကူးစက်သူတွေ များပြားလာပါတယ်။ နိုင်ငံတဝှမ်းမှာတော့ လူ ၃၀,၀၀၀ ကျော် ကူးစက်ခံရပြီး ၅၈၂ ဦးသေဆုံးခဲ့ကာ အဲ့ထဲကမှ နယူးယောက်ပြည်နယ်မှာ သေဆုံးသူ ၁၁၄ ယောက်နဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။
နယူးယောက်မြို့တော်ဝန်ရဲ့ ညွှန်ကြားချက်အရ မြို့ကြီးကို မတ်လ ၂၀ ရက်က အသေးစား စီးပွားရေးလုပ်ငန်းတွေ အပါအဝင် တမြို့လုံး Shutdown လုပ်ခဲ့ပြီး နယူးယောက်မြို့သားတွေကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Cuomo နဲ့ မြို့တော်ဝန် De Blasio တို့ကို အိမ်ဖြူတော်က အစိုးရကို ဖိအားပေးလိုက်ပြီး ကူးစက်မှုများနေတဲ့ နယူးယောက်မြို့အတွက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ အမြန်ဆုံးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“တကယ်လို့ ကျနော်တို့ရဲ့ တောင်းဆိုမှုကိုသာ သမ္မတဘက်က လျစ်လျူရှုနေမယ်ဆိုရင် အသက်ရှင်ရမယ်သူတွေ လက်လွှတ်လိုက်ရမှာပါ။ အသက်ရှုစက် Ventilator တွေသာ နောက်ထပ် ၁၀ ရက်နေလို့ ထပ်မရတော့ဘူး ဆိုရင် မသေသင့်တဲ့ပြည်သူတွေ သေကုန်ကြမယ်” လို့ မြို့တော်ဝန် De Blasio က ဆိုပါတယ်။
သမ္မတ ထရန့်က အဆိုပါ တောင်းဆိုမှုကို အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်မှာ လိုအပ်တဲ့ အကူညီတွေ ပေးသွားမယ်အပြင် ကယ်လီဖိုးနီးယား၊ ဝါရှင်တန်တို့မှာလည်း နိုင်ငံတော်လုံခြုံရေးတပ်တွေ စေလွှတ်သွားပြီး အိပ်ရာ ထောင်ကျော်နဲ့ နှာခေါင်းစည်းတွေကို ၄၈ နာရီအတွင်း ထောက်ပံ့ပေးသွားမယ်လို့ ကတိပေးလိုက်ပါတယ်။
မြို့တော်ဝန် De Blasio ဟာ မတ်လ ၂၂ ရက်ကပဲ နယူးယောက်မြို့တော်ဟာ အမေရိကန်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ ဗဟိုချက်ဖြေနေတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “အားလုံးပဲ ဒီသတင်းပေးရတာ ကျနော်လည်း မပျော်ပါဘူး။ အားလုံးလည်း ကြားရတာ စိတ်မကောင်းဖြစ်နေကြမှာပါ” လို့ ဆိုပါတယ်။
နယူးယောက်မြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၃၈ ယောက်ဟာ အပြစ်ဒဏ်ခံ ထောင်သမားတွေထားရာ အဓိကထောင်ဖြစ်တဲ့ Rikers Island ပေါ်မှာ တွေ့ရှိခဲ့တာပါ။ ဒါ့ပြင် ထောင်သားတဝက်လောက်မှာလည်း ရောဂါကူးစက်ခံ လူနာအသစ်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
Ref: The Guardian
You may also like these stories:
COVID-19 ကို ရင်ဆိုင်ကာကွယ်နိုင်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ
COVID-19 ကြောင့် ထိုင်းမှာ လူ ၃ ဦး ထပ်မံသေဆုံး