ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေး တံတားကို မြန်မာအာဏာ ပိုင်များက ယနေ့မွန်းလွဲ ၂နာရီခန့်တွင် ဖွင့်လှစ်ပေးလိုက်သည်။
ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် နေရပ်ပြန်လာသော မြန်မာအလုပ်သမားများ ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီတွင် လူ ပွဲစားများ၏ အဓမ္မငွေတောင်းခံရမှုများနှင့် အခြားပြဿနာများ ကြုံတွေ့နေရမှုများမှ ကင်းဝေးရန်အတွက် မြန်မာအစိုးရက တနှစ် ကျော်ကြာ ပိတ်ထားသည့် ယင်း ချစ်ကြည်ရေးတံတားကို ယာယီဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရပြီး မဲဆောက်ရှိ ထိုင်း လူဝင်မှု ကြီးကြပ်ရေး(လဝက)ရုံးသို့ ရောက်ရှိလာသည့် မြန်မာအလုပ် သမား ၁၀၀ ကို ပထမအသုတ်အဖြစ် ထိုင်း လဝက အဖွဲ့က ချစ်ကြည်ရေးတံတား မှတဆင့် ယနေ့တွင် မြန်မာ ဘက်သို့ လွှဲပြောင်း ပေးရာ မြဝတီခရိုင် ဥက္ကဌ ဦးဇော်လွင်ဦး နှင့် တာဝန်ရှိသူများက လက်ခံခဲ့သည်။
ဦးဇော်လွင်ဦးက“ထိုင်းကနေ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို နယ်စပ်မှာ လူပွဲစားတွေက တယောက်ကို ဘတ် ၂၅၀၀ ငွေညှစ်တဲ့ ကိစ္စတွေနဲ့ အခြားပြဿနာတွေကြောင့် နိုင်ငံတော်အစိုးရက အလုပ်သမားတွေအတွက် ဒီနေ့ကစပြီး တံတား ကို ဖွင့်ပေးလိုက်တယ်”ဟု သတင်းထောက်များကို ပြောသည်။
ယနေ့မှစ၍ ချစ်ကြည် ရေးတံတားမှလွဲ၍ အခြားတရားမဝင် နယ်စပ်ဂိတ်များမှ မြန်မာ အလုပ်သမားများကို မပို့ရန်လည်း ဦးဇော်လွင်ဦး က ထိုင်း လဝက အရာရှိကို ပြောကြားသည်။
မြဝတီခရိုင် လဝက ဦးစီးမှူးကလည်း“ကျနော်တို့ဘက်က ဖွင့်ပေးလိုက်ပြီးဖြစ်တဲ့အတွက် နောက်ကို ဒီလမ်းကပဲ ပို့ရမှာဖြစ် တယ်၊ တံတားပေါ်ကနေလူ ၁၀၀ ပို့ပြီး အခြားတရားမဝင် ဂိတ်တွေကနေ ၃၀၀ လောက် ပို့ပေးတာမျိုး မလုပ်စေချင်ဘူး”ဟု ထိုင်း အာဏာပိုင်များကို ပြောသည်။
မြန်မာ အာဏာပိုင်များက နေရပ်ပြန်လာကြသည့် အလုပ်သမားများကို ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပြင် လိုအပ်ချက်များကို အပြည့်အ၀ အကူအညီပေးလျက်ရှိသည်ဟုလည်း ထိုင်းအာဏာပိုင်များနှင့် သတင်းထောက်များကို ဦးဇော်လွင်ဦးက ဖြည့် စွက်ပြောကြားသည်။
“ကျနော်တို့ အစိုးရကအလုပ်သမားတွေကို အပြည့်အဝအကူအညီပေးဖို့ ညွန်ကြားထားပြီး ဖြစ်တယ်၊ အခုပြန်လာကြတဲ့လူတွေကို နေရေးထိုင်ရေးကူညီပေးတဲ့အပြင် ငွေမရှိတဲ့လူတွေကိုလည်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်”ဟု ဦးဇော်လွင်ဦးက ဆို သည်။
မနက်ဖြန်မှ စတင်၍ ထိုင်းနိုင်ငံမှပြန်လာကြမည့် ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသည့် တရားဝင် အလုပ်သမားများနှင့် ဖမ်းဆီးခံ တရားမဝင် အလုပ်သမားများသည် ချစ်ကြည်ရေးတံတားမှ တဆင့်သာ နေရပ်ပြန်ကြရမည်ဖြစ်သည်။
နေရပ်ပြန် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ယာယီဖွင့်လှစ်ပေးခြင်းသာဖြစ်ပြီး အခြားလူများသွားလာခွင့်နှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် မရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ ရေဘေးနှင့် ဖမ်းဆီးခံရမှုများကြောင့် ယနေ့ မဲဆောက်သို့ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှာ ၅၀၀ ကျော်ရှိသည်ဟု သိရသော်လည်း ပထမနေ့အဖြစ် ထိုင်း လဝက က ချစ်ကြည်ရေး တံတားပေါ်မှတဆင့် မြန်မာဘက်ပြန်ပို့သည့် အရေအတွက်မှာ လူ ၁၀၀ သာဖြစ်သည်။
အောက်တိုဘာ လဆန်းက စတင်သည့် ဘန်ကောက်နှင့် ဆက်စပ်ခရိုင်များအတွင်း ရေဘေးဒဏ်ကြောင့် စက်ရုံအလုပ်ရုံများပိတ်၍ မဲဆောက်-မြဝတီ လမ်းကြောမှတဆင့် နေရပ်ပြန်လာကြသော ထောင်ချီသည့် မြန်မာ အလုပ်သမားများကို မြဝတီ ဘက် ရှိ အမှတ် ၁၀ လှေဂိတ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် လူပွဲစားများက တဦးလျှင် ထိုင်းဘတ်ငွေ ၂၅၀၀ ကောက်ခံ မှုများကြောင့် အလုပ်သမားများ အခက်အခဲ ကြုံခဲ့ကြရသည်။
ထိုသို့ အဓမ္မငွေတောင်းနေမှုကို နေပြည်တော် အမိန့်ဖြင့် မြဝတီခရိုင် အာဏာပိုင်များက လွန်ခဲ့သည့်အပတ်မှ စတင်အရေးယူခဲ့ပြီးနောက် ယနေ့တွင် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်မှ ယာယီစတင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ် သည်။
မြန်မာဘက်မှ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ယမန်နှစ် ဇူလိုင်လ ၁၈ ရက်နေ့က စတင် ပိတ်ထားခဲ့သည်။
ဘန်ကောက်ရှိ မြန်မာသံရုံး တာဝန်ရှိသူများကလည်း နခွန်ပထုန် မြို့နယ် ဝပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်းအတွင်း ယာ ယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးဒုက္ခကြုံနေရသည့် မြန်မာပြည်သားများကို ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့်ပူးပေါင်း ၍ ယာယီနေထိုင်ခွင့် စာရွက်စာတမ်းများ နှင့် ယာယီ ပတ်စ်ပို့များကို အောက်တိုဘာ၂၉ ရက်နေ့က စတင် ထုတ်ပေးခဲ့သည်။