ဒေါ်အောင်ဆန်းစုကြည်က မိမိကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော်လည်း လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးရေး လမ်းကိုလည်း ဖွင့်ထားကြောင်း ပြောကြားလိုက်သည်။
ယမန်နေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးတို့ တွေ့ဆုံရာတွင် ၈၈ ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း ဝင်သွားလျှင် အစဉ်တစိုက် တောင်းဆိုနေသည့် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကိုစိုးထွန်းက “လွှတ်တော်နိုင်ငံရေး ဖြစ်စဉ်တွေကလည်း ရှိနေရမှာဖြစ်သလို လွှတ်တော်ပြင်ပ နိုင်ငံရေးကလည်း ဆက်ရှိနေရမယ်။ လွှတ်တော်တွင်း နိုင်ငံရေးကို ဆောင်ရွက်တဲ့ကိစ္စ အားလုံး ပူးပေါင်းဆောင်ရွက်ရေးကြောင့် ပိုပြီး ရင်းနှီးမှုတွေရလာမယ်၊ နားလည်မှုတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရလာမယ်၊ ဒိုင်ယာလော့ဂ်ဖြစ်စဉ်တွေ ပိုပြီး မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်နိုင်အောင် လုပ်နိုင်မယ်လို့ သူယုံကြည်တဲ့အတွက် သူအခုလို လျှောက်လှမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ကျောင်းသူများမှာ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ ကိုကိုကြီး (စမ်းချောင်း)၊ ကိုဇော်ထက်ကိုကို၊ ကိုမြတ်သူ၊ ကိုချစ်ကိုလင်း၊ မမီမီလွင်၊ မနုနုအောင်၊ ကိုရဲဝင်း၊ မစန်းစန်းမော်တို့ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က လာမည့်ရွေးကောက်ပွဲများတွင် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေး ကိစ္စများတွင် ပူးပေါင်းကူညီပေးကြရန်လည်း ပြောဆိုခဲ့သည်ဟု သိရသည်။
“အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို လူတွေ မြင်လာအောင် သူ့အနေနဲ့ ပြောခဲ့တယ်ဆိုတာလည်း အန်တီက ပြောပါတယ်”ဟု ကိုစိုးထွန်းက ဆိုသည်။
ပြည်သူလူထုကို မကြောက်မရွံ့နှင့် ကိုယ်ဆန္ဒကို ထုတ်ဖော်ပြီး ကြိုက်နှစ်သက်သော ပါတီ၊ ပုဂ္ဂိုလ်ကို ရွေးချယ်ပေးတတ်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခြင်း၊ လက်မခံခြင်းကိုလည်း အကြောင်းပြချက်နှင့်တကွ ကျယ်ကျယ်ပြန့်ပြန့် နားလည်စေရန် ၈၈ ကျောင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့ ပူးပေါင်းလုပ်ဆောင်ရေး ဆွေးနွေးကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ပတ်သက်၍ ကိုစိုးထွန်းက “ကျနော်တို့ မူအရ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်မလွတ်လာသေးတဲ့ အတွက်ကြောင့် ရွေးကောက်ပွဲ ဝင်ဖို့ မရှိသလို၊ ရွေးကောက်ပွဲကို ၈၈ မျိုးဆက်အနေနဲ့ ကိုယ်စားလှယ်ပေးဖို့ ဆိုတာလည်း မရှိတာကို ရှင်းပြတယ်။ ဒါကို အန်တီကလည်း နားလည်တယ်လို့ ပြောပါတယ်”ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများလည်း လွတ်မြောက်လာမည်ဟု မျှော်လင့်ယုံကြည်ကြောင်း ပြောသည်။