အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်လွှာ စကားရပ်ပြင်ဆင်ပေးရေးသည် ထိပ်တိုက်ရင်ဆိုင်ရေးနှင့် ထွက်ပေါက်မရှိသည့် နိုင်ငံရေးဖြစ်စဉ်သို့ ရောက်ရှိအောင် လုပ်ဆောင်သည်ဆိုသော ပြောဆိုမှုများကို ပယ်ချလိုက်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် မကြာမီ ပြေလည်သွားမည်ဟု ပြောဆိုလိုက်သည်။
ယနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant’Agata နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့က ကျမ်းကျိန်လွှာပြဿနာကို ထွက်ပေါက်မရှိတဲ့ နိုင်ငံရေးလမ်းစဉ်အထိ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့အထိ တွန်းပို့နေတာ မဟုတ်ဘူး။ ဒီကိစ္စက လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲတခုဖြစ်တယ်။ နိုင်ငံရေးပြဿနာ မဟုတ်ဘူး။ မကြာခင် ပြေလည်သွားပါလိမ့်မယ်။ ကျမအနေနဲ့ အားလုံးက သဘောတူရမယ်ဆိုတာမျိုး စိတ်တူကိုယ်တူ ဖြစ်ရမယ်လို့ မဆိုလိုဘူး။ ဒါက ဒီမိုကရေစီပဲ။ ကျမ ထောက်ခံသူတွေကို ပြောချင်တာက ဒါက သိပ်မကြာခင် ပြေလည်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အစိုးရသည် NLD ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများတွင် ဖွဲ့စည်းပုံအခြေခံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုသော စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးထားပြီးဖြစ်ကြောင်း၊ ယင်းပြင်ဆင်ချက်နှင့် ကျမ်းကျိန်လွှာသည် လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် သာမန် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ (Technical problem) တခုမျှသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျမအနေနဲ့ စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်ကို ထိပ်တိုက်ရင်ဆိုင်မှု လုပ်ရမယ့်နေရာလို့ မမြင်ပါဘူး။ ထိပ်တိုက် ရင်ဆိုင်သွားမှာ မဟုတ်ဘူး။ ဒါကို စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေး တရပ်လို့ပဲ ရှုမြင်ပါတယ်။ တဦးကို တဦး နားလည်အောင်ကြိုးစားကြခြင်းဖြင့် တိုင်းပြည်ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၎င်းအနေနှင့် သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ယုံကြည်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ပြင်ပတွင် နှစ်ပေါင်း ၂၀ ကျော် ပြည်သူများအတွက် အလုပ်လုပ်ခဲ့သကဲ့သို့ လွှတ်တော်တွင်းလွင်လည်း ပြည်သူများအတွက် အလုပ်လုပ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။
“ကျမ်းကျိန်လွှာကိစ္စက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတိုင်း ကျမတို့ရဲ့ကတိတွေကို ကျမတို့က ပြန်ပြီးတော့ အကောင်အထည် ဖော်တာဖြစ်ပါတယ်။ ကျမတို့က အခုလုပ်နေတာတွေက ကျမတို့ ရွေးကောက်ပွဲမတိုင်မီက ကတိပေးခဲ့တာတွေနဲ့ အပြောင်းအလဲမရှိဘဲ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တမျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တမျိုးပြော အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLD မပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
NLD သည် တင်းမာသော လမ်းစဉ်ကို ကိုင်စွဲခဲ့သော ပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ထင်တာကတော့ အရင်တုန်းက ကျမတင် မကပါဘူး၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်တွေကို အများပြည်သူနဲ့ တကမ္ဘာလုံးက သိဖို့ခက်ပါတယ်။ ကျမတို့က အင်မတန်မှ အကန့်အသတ်တွေကြားထဲက လုပ်တဲ့အခါကျတော့ ကျမတို့ရဲ့ အထင်၊ ကျမတို့ရဲ့ အမြင်၊ ကျမတို့ရဲ့ အနေအထား၊ မူဝါဒတွေကို အများသိအောင် ပြောနိုင်ခွင့်တွေ မရှိခဲ့ပါဘူး။ အခုနောက်ပိုင်းကျတော့ မူဝါဒသဘောတရားတွေကို အများသိအောင် ပြောနိုင်ခွင့်တွေ ရလာလို့ ကျမတို့ အဖွဲ့ချုပ်က ပျော့ပြောင်းတယ်လို့ ထင်လာတာလို့ ကျမထင်ပါတယ်။ တကယ်တော့ ကျမတို့ အစကတည်းကလည်း ပျော့ပြောင်းခဲ့ပါတယ်။ ကျမတို့ အမြဲပြောတယ်။ ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲရှိတယ်။ ဒူးတော့ မထောက်ဘူး” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိရုပ်ရှင် The Lady ဇာတ်ကားကို ကြည့်ရှုပြီးနောက် ဧပြီလ အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှ စကေားပြောဆိုစဉ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နာမည်ကြီး ပုဂ္ဂိုလ်တဦးအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာပြီ ဆိုသည့်အချက်ကို ထောက်ပြခဲ့ကြောင်း၊ သူ့အနေဖြင့်လည်း ထိုလမ်းမျိုးလျှောက်ခဲ့ရ၍ မလွယ်ကူသည်ကို သိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ သွားရမည်ဖြစ်ရာ အပေးအယူများ လုပ်ရတော့မည်ဖြစ်ပြီး ထိုကိစ္စသည်ပင် ဒီမိုကရေစီ ဖော်ဆောင်မှုဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သေးသည်။
နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzidi ကမူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက် အကောင်အထည်ဖော်ရန် တောင်းဆိုပြီး နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားများနှင့် တိုက်ပွဲများ ရပ်တန့်ရေး တောင်းဆိုပြီး မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နောက်ကြောင်း ပြန်မလှည့်လျှင် စီးပွားရေးပိတ်ဆို့မှု ဆိုင်းငံ့ခြင်းလည်း နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း ပြောဆိုသည်။
အီတလီ နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ပေးအပ်မည့် ဖွံ့ဖြိုးရေးအကူအညီများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။