ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေသည့် ဆရာမ ဒေါက်တာ စင်သီယာမောင်ကို သမ္မတ ဦးသိန်းစိန် အစိုးရကိုယ်စား ကျေးဇူးတင်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံရန် ယမန်နေ့က မဲဆောက်မြို့သို့ ရောက်ရှိလာသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝန်ကြီး ဦးအောင်မင်းက “ပညာရေး၊ လူမှုရေး အကုန်လုံးက အစိုးရမှာ တာဝန်ရှိတယ်၊ အစိုးရက မလုပ်ပေးဘူး။ ဒါပေမယ့်လို့ ဆရာမကြီး (ဒေါက်တာ စင်သီယာမောင်) တို့က လုပ်ပေးနေတာ အစိုးရကိုယ်စားလည်း ဆရာမကြီးကို ကျေးဇူးတင်တဲ့အကြောင်း၊ သမ္မတကြီး ကိုယ်စားလည်း ကျေးဇူးတင်တဲ့အကြောင်း အဲဒါလေး ကျနော်တို့က ပြောပြရတာပေါ့” ဟု ဒေါက်တာ စင်သီယာမောင်နှင့် မဲဆောက်မြို့ပြင်ရှိ Wattana Village Resort တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ဒေါက်တာ စင်သီယာမောင်ကလည်း ထိုပြောကြားချက်နှင့် ပတ်သက်၍ “ကျမတို့ လက်ရှိလုပ်ငန်းတွေပေါ်မှာ ကျေးဇူးတင်ပါတယ်ပေါ့နော်၊ ဒီလုပ်ငန်းတွေမှာ ဆိုရင်တော့ အစိုးရတွေရဲ့ တာဝန်ရှိမှုပေါ့။ သို့သော်လည်း ပြီးခဲ့တဲ့ကာလ အခြေအနေတွေမှာ လူထုတွေက ထိုင်းနိုင်ငံဘက်ကို ဆေးလာကုရတာတို့၊ ဒီဘက်မှာ လူမှုရေးအဖွဲ့တွေရဲ့ စောင့်ရှောက်မှုတွေအပေါ်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အဲဒါမျိုးပေါ့နော်” ဟု ဧရာဝတီသို့ ပြန်ပြောပြသည်။
ဦးအောင်မင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ ပါဝင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းသို့ သွားရောက်လေ့လာခဲ့ကြပြီး ဆေးခန်းအတွက် အလှူငွေ ဘတ် ၁၅၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆေးခန်းသို့ လာရောက်လေ့လာသော ဦးအောင်မင်းနှင့် အဖွဲ့ကို ဒေါက်တာ စင်သီယာမောင်က လူနာများ၏ အခြေအနေနှင့် ရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ကြားနေရသော မြန်မာကလေးများ၏ အခြေအနေများကို ရှင်းပြခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတူ အစိုးရသစ် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထု ဘဝလုံခြုံမှု ရှိစေရန်အတွက် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ပါဝင်စေရန် ဒေါက်တာ စင်သီယာမောင်က တိုက်တွန်းပြောဆိုကြောင်း သိရသည်။
“အစိုးရသစ်ရဲ့၊ စစ်တပ်တွေချည်းပဲ မဟုတ်ဘဲနဲ့ပေါ့နော်၊ လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ အိမ်နီးခြင်းနိုင်ငံတွေနဲ့ရော ရေရှည်ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကိုပါ တခါတည်း အစီအစဉ်ရှိရှိ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတွေကို ချသွားပေးဖို့ လိုတယ်ပေါ့နော်။ လူထုဘဝ လုံခြုံရင် လူတွေအားလုံးက ကိုယ့်မြေ၊ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး နေထိုင်နိုင်မယ်လေ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။
အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာသည်မှာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီး အစိုးရနှင့် လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး အစီအစဉ်များ လုပ်ဆောင်နေသည်မှာ နှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဆေးခန်းသို့ ပြည်တွင်းမှ လာရောက် ဆေးကုသသူများမှာ လျော့ကျမသွားဘဲ ပိုများလာကြောင်း၊ ထို့ကြောင့် ငွေကြေး အခက်ခဲအချို့ရှိကြောင်း ဒေါက်တာ စင်သီယာမောင်က ဆိုသည်။
“အကယ်၍ နောက်တကြိမ် တွေ့ဆုံကြမယ်ဆိုရင်တော့ နယ်စပ်မှာရှိတဲ့ လုပ်ငန်းအဖွဲ့တွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာမျိုးတော့ ဆက်ဆွေးနွေးသွားမှာပေါ့။ အထဲမှာ ပြန်လုပ်တယ်ဆိုတာကတော့ ဝန်ကြီးက တိုက်ရိုက်ပြောသွားတာတော့ မဟုတ်ပါဘူး။ သတင်းထောက်တွေမေးတဲ့ မေးခွန်းအပေါ်မှာပဲ ပြန်ဖြေသွားတာပဲရှိတာပါ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။
ယခုအခါ ဒေါက်တာ စင်သီယာမောင် ဦးစီးသည့် မယ်တော်ဆေးခန်းမှ စောင့်ရှောက်ထားသော ကလေး ၃၀၀၀ အတွက်လည်း အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ထိုကလေးများမှာ မဲဆောက်မြို့နယ် အနီးဝန်းကျင်တွင် အိုးအိမ်အခြေတကျ မရှိသော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
မယ်တော်ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာပြည်သားများကို အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်ပြီး နှစ်စဉ် လူနာ ၁၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဆေးခန်းတွင် မဲဆောက်ရှိ ရွှေ့ပြောင်း မြန်မာလုပ်သမားများနှင့် ထိုင်း-မြန်မာနယ်စပ် ဒေသခံများသာမက ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်သာမက ရန်ကုန်၊ မန္တလေးဘက်မှ အရေးပေါ်လူနာများ၊ နာတာရှည်ရောဂါသည်များ အပါအဝင် လူနာများ လစဉ် လာရောက်၍ ဆေးကုသခံယူကြသည်။