ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်း ကော့သောင်း ခရိုင်အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်နေသည့် ထိုင်းနိုင်ငံသား ၈၀ ခန့်ကို မြန်မာအစိုးရ စစ်တပ်က ဖမ်းဆီးထားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
ရနောင်း ခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသူများကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် ထိုင်းနိုင်ငံသားများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း၊ ထွက်ပြေး လွတ်မြောက်သူ တချို့မှာ တောထဲတွင်တိမ်းရှောင် နေရကြောင်း၊ ယင်း ဒေသတွင် အသုံးပြုနေသည့် မြေသယ် မြေတူးစက် Backhoe ကား ၈ စီးနှင့် Pick Up ကားများကိုလည်း သိမ်း ဆည်းထားကြောင်း ထိုင်း သတင်းများက ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ မြန်မာ အစိုးရစစ်တပ်က ထိုင်း နိုင်ငံသားများအား လာမဝိုင်းခင် သေနတ်ကို မိုးပေါ် ထောင်၍ တနာရီ နီးပါး ခြိမ်းခြောက် ပစ်ခတ်မှုများ ပြုလုပ်ကြောင်း သိရသည်။
ထွက်ပြေးလွတ်မြောက်လာသူ ထိုင်းနိုင်ငံသား ၃ ဦးက ထိုင်းတာဝန်ရှိသူ တချို့နှင့် တွေ့ဆုံ၍ ထွက်ပြေး တိမ်းရှောင်နေသူများနှင့် အဖမ်းခံရသူများကို အဆက်အသွယ် ရရှိရန် ကြိုးစားနေကြောင်းလည်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။
ယင်းဒေသတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအဝင် စူရတ်ဌာနီ၊ နခွန်စီ ထာမရတ်၊ ချုံ ဖော်မြို့နယ်များမှ မိသားစုဝင် များသွားရောက်နေထိုင်နေကြပြီး ခန့်မှန်းခြေ လူဦးရေ ၈၀၀ ခန့် ရှိကြောင်း သိရသည်။
ကလဘူရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးက“အဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာအာဏာပိုင်တွေ ကိုဆက် သွယ်နေတုန်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရက ထိုင်းနိုင်ငံသားများကို ယာယီ ထိန်းသိမ်းထားခြင်း ဖြစ်ပြီး မစိုးရိမ်ရကြောင်းလည်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် ယုထဆက် ဆာစီပရာပ(Yuthasak Sasiprapa)က“အဖမ်းခံရတဲ့လူတွေ ပြန်လွတ် လာအောင် ထိုင်းနိုင်ငံ မှာရှိတဲ့ မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံထဲက တာဝန်ရှိသူတွေကို ကူညီဖို့ ပြောထားတယ်၊ ထိုင်းနိုင်ငံသားတွေ အားလုံး အန္တရာယ် ကင်း ကင်း ပြန်လွတ်လာမယ်လို့ ယုံကြည်တယ်”ဟု ယနေ့ သတင်းထောက်များကို ပြောကြားသည်။
ယခုဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများအရေးကို လာမည့် ဇူလိုင် လကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ လာရောက်မည့် သမ္မတ ဦး သိန်းစိန်ခရီးစဉ် မတိုင်ခင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။
“ထိုင်း နိုင်ငံသားတွေက အဲဒီနေရာမှာ ကျူးကျော် ဝင်ရောက်နေထိုင်နေတာ ကြာပြီ ပြဿနာ တက်နိုင်တယ် ဆိုတာလည်း သက် ဆိုင်ရာ တာဝန်ရှိသူတွေက အသိပေးတယ်၊ ဒါပေမယ့် ဒေသခံတွေက မယုံကြဘူး၊ နောက်ဆုံးတော့ ပြဿနာ ဖြစ်တာပဲ”ဟု ကလပ်ဘူရီ မြို့နယ် တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ komchadluek အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။