ကချင် စစ်ပြေးဒုက္ခသည် စခန်းများအတွင်း နေထိုင်ကြသူများသည် အဟာရပြတ်လပ်ကာ သွေးအားနည်း ရောဂါများ ခံစားနေကြရသည်ဟု သိရသည်။
အဆိုပါ ဝေဒနာများကို လူအရွယ်စုံ အားလုံးနီးပါး ခံစားနေကြသဖြင့် ကူးစက်လွယ်သည့် ရောဂါ တစုံတရာ ဖြစ်ပေါ်လာပါက
ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အလွန် စိုးရိမ်ရသည်ဟု စစ်ပြေးဒုက္ခသည် စခန်းများသို့ သွားရောက်ကာ အခမဲ့ ကူညီပေးနေသည့် ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။
“အခုကျနော် မြင်ရသလောက်ကတော့ အများစုက အဟာရပြတ်ပြီး သွေးအားနည်းနေ ကြတာပါ။ ပြီးတော့ သူတို့က ကိုယ်ခံအား မရှိကြဘူး။ အဲဒါနဲ့တဆက်တည်း သွေးတိုးရောဂါ၊ ကူးစက်လွယ်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းရောဂါ၊ ဝက်သက်ရောဂါတွေ အဖြစ်များတယ်” ဟု သူကဆိုသည်။
ယင်းဒုက္ခသည် စခန်းများတွင် တကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း၊ နေထိုင်ရသည့် နေရာ အလွန် ကျဉ်းမြောင်းသဖြင့် လေကောင်းလေသန့် မရရှိခြင်း၊ စားသောက်မှုပိုင်းတွင် အဟာရဓာတ် မပြည်စုံခြင်း၊ ဆေးခန်းတွင် ဆေးကုသ ပေးမည့် ဆရာဝန်၊ သူနာပြုများ မလုံလောက်ခြင်း အပြင် ဆေးဝါး မပြည့်စုံ ခြင်းတို့ကြောင့် စစ်ပြေး ဒုက္ခသည် များအတွက် ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရကြောင်း သိရသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIO) လက်အောက်ခံ ဒုက္ခသည် စခန်းတခု ဖြစ်သည့် အင်ခေါင်းပါ စစ်ပြေး ဒုက္ခသည် စခန်းမှ ဒေါ်လုထွယ်က “ဒီမှာက တလကိုတကြိမ် ဆန်၊ ကုလားပဲနဲ့ ဆားတွေ ထုတ်ပေးပါတယ်။ ပိုက်ဆံက မရှိတော့ ကျန်တဲ့ ဟင်းတွေ ဘာတွေ သယ်လို့တော့ မရဘူးပေါ့။ ပေးတဲ့ဟာတွေပဲ စားရတယ်။ စခန်းမှာရှိတဲ့ ကလေး၊ လူကြီးတွေက အစ ဒါတွေပဲစားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကချင် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ခန့်အပါအဝင် ကချင်ပြည်နယ် နယ်စပ် ဒုက္ခသည်စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခသည် ၅၃၀၀၀ ကျော်အတွက် KIO က တနှစ်ခန့် ထောက်ပံ့ ပေးခဲ့ပြီး ယခုအခါ ငွေကြေး အကျပ် အတည်း ဖြစ်လာသဖြင့် ဒုက္ခသည်များကို ထောက်ပံ့မှု အားနည်းလာသည်ဟု သိရသည်။
ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွင် နေထိုင်သူများကို တပတ်လျှင် ဆန်နို့ဆီဗူး ၆ ဗူး၊ ကုလားပဲ နို့ဆီဗူး ၁ လုံးနှင့် အားလူးကို ရန်ဖန်ရန်ခါသာပေးကြောင်း၊ စခန်းတွင် နေထိုင်သည့် လူတဦး၏ တရက် အသုံးစရိတ်သည် ပျမ်းမျှ ကျပ် ၄၀ သာရှိကြောင်း ဒုက္ခသည် စခန်းများကို အကူအညီ ပေးနေသူများက ဆိုသည်။
မာဂျာယန် စစ်ပြေးဒုက္ခသည် စခန်းရှိ ဘော်ဒါဆောင်နေ ကလေးငယ်များသည် မိဘနှင့် ခွဲခွာနေထိုင်ရရုံမက စားသောက်မှု အပိုင်းတွင်လည်း ၎င်းတို့ နေအိမ်များနှင့် မတူညီသဖြင့် စိတ်ဖိစိမှု များကာ အဆောင်မှ ထွက်ပြေးသည့် ကလေးငယ် တချို့ ရှိကြောင်း သိရသည်။
“ဒီစခန်းက ကလေးတွေကို တနေ့နှစ်ကြိမ်ပဲ ထမင်းကျွေးတယ်။ မနက်ဆိုရင် ကျောင်းမသွားခင်နဲ့ ညနေပိုင်း ဆိုရင် ၅ နာရီခွဲ လောက်မှကျွေးတယ်။ နေ့လယ်ဆိုရင် ဘာမှမစားကြရဘူး။ ဘတ်ဂျက်နဲ့ မျှအောင် ကျွေးနေရတာပါ” ဟု မာဂျာယန်မှ အဆောင်မှူး ဆရာမ တဦးက ဆိုသည်။
မာဂျာယန် ဘော်ဒါဆောင်တွင် နေထိုင်သည့် မူလတန်း အရွယ် ၅၈၉ ဦး၊ အလယ်တန်း ကျောင်းသား ၁၇၅ ဦးနှင့် အထက်တန်း ကျောင်းသား ၁၆၇ ဦးတို့ရှိကြောင်း၊ ၎င်းတို့သည် စစ်ဘေးဒဏ်ကို ရှောင်လာရခြင်း ဖြစ်ပြီး မိဘများနှင့် ခွဲခွာနေကြရကြောင်း၊ အနေအထိုင် ဆင်းရဲကာ အာဟာရ လိုအပ်မှုကြောင့် ရေရှည်တွင် ယင်းကလေးများအတွက် စိုးရိမ်ဖွယ် အခြေအနေ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
မန်ဝိန်းကြီး စခန်းတွင် နေထိုင်သည့် ကလေးငယ်များသည် ကူးစက်လွယ်သည့် ဝက်သက် ရောဂါ ဖြစ်ပွားနေပြီး ရောဂါ ပြန့်ပွားနှုန်းမှာ တနေ့ထက်တနေ့ များလာပြီး တလ နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ အဆိုပါ ရောဂါသည် အသက် ၁၀ နှစ်ကျော် ကလေးငယ်များတွင် အဖြစ်များကြောင်း သိရသည်။
အလားတူ မိုးရာသီတွင် ကချစ် စစ်ပြေး ဒုက္ခသည် စခန်းများအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနှုန်းလည်း တိုးပွားလျှက် ရှိကြောင်း ဂျေယန့်စခန်းသို့ သွားရောက်သည့် ဆေးကုသရေး အဖွဲ့များက ပြောသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ KIO က တည်ဆောက် ပေးထားသော ဒုက္ခသည် စခန်းများတွင် လာရောက် ခိုလှုံနေကြကာ၊ နယ်မြေ တည်ငြိမ်မှု မရရှိ သေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင်ကြသေးချေ။