ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒု သမ္မတအဖြစ် ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာ ခန့်အပ်လိုက်ပြီ ဖြစ်ရာ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် (ရေ) မှ ခေါင်းဆောင်တဦး အနေဖြင့် ပထမဆုံး အကြိမ် တိုင်းပြည် အုပ်ချုပ်ရေးတွင် အမြင့်ဆုံး ရာထူးရရှိခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလကတည်းက နုတ်ထွက်သွားသည့် ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နေရာတွင် ဦးဉာဏ်ထွန်းအား အစားထိုးခန့်အပ် ခြင်းဖြစ်သည်။
လေ့လာသူများ၏ အဆိုအရ မြန်မာ့တပ်မတော်တွင် ရေတပ်နှင့် လေတပ် အရာရှိများသည် အများအားဖြင့် သဘောထား ပျော့ပျောင်း သူများဖြစ်ကြောင်း၊ ဒုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် နိုင်ငံရေးအမြင် ရှိသူဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် အသက် ၅၈ နှစ် ရှိပြီဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၁၆) ဆင်းဖြစ်သည်။ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံများတွင် တပ်မတော်ဆိုင်ရာ သင်တန်းများ တက်လာသူဖြစ်သည့်အတွက် နိုင်ငံတကာ ဆက်ဆံရေး အမြင်ရှိသူ ဖြစ်ကြောင်း၊ တပ်မတော် (ရေ) တွင် ထောက်လှမ်းရေး တပ်မှူး၊ စစ်ဦးစီးအရာရှိ၊ စစ်ဦးစီးအရာရှိချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) စသည်ဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၎င်းနှင့် ရင်းနှီးသူများ၏ အဆိုအရ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်ပြီး အနုပညာ ဝါသနာပါကြောင်း၊ တပ်မတော် (ရေ) နှင့် သက်ဆိုင်သည့် ရုပ်ရှင်ဇာတ်ကားများတွင် တခါတရံ ပါဝင်သရုပ်ဆောင်ဖူးကြောင်း၊ သရုပ်ဆောင် အဆိုတော် ဝင်းဦး၏ သီချင်းများ ကိုလည်း ထပ်တူထပ်မျှ ဆိုနိုင်ကြောင်း သိရသည်။
လက်ရှိအစိုးရအဖွဲ့တွင် တပ်မတော်(ရေ) ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးသိန်းကလည်း စက်မှုဝန်ကြီးအဖြစ် တာဝန်ယူ လျှက်ရှိသည်။
တပ်မတော် (ရေ) တွင် တာဝန်ထမ်းဆောင်စဉ်က ဦးစိုးသိန်းသည် ဦးဉာဏ်ထွန်း၏ အထက် အရာရှိဖြစ်ခဲ့သော်လည်း ယခုအခါ တာဝန်အရ ဦးစိုးသိန်းထက် ပို၍ ဦးဉာဏ်ထွန်းက မြင့်သွားသဖြင့် လေ့လာစောင့်ကြည့် သူများက ၎င်းတို့နှစ်ဦး၏ ရှေ့ဆက်ဆံရေး မည်သို့ ဖြစ်လာမည်ကို စိတ်ဝင်စားနေကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က လစ်လပ်နေသည့် ဒု သမ္မတ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း အခြေခံ အချက်အလက်တချို့နှင့် ငြိစွန်းသည့် အတွက် ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းအား တပ်မတော်သား ကိုယ်စားလှယ်များက အမည်စာရင်း ပြောင်းလဲ တင်သွင်းလိုက်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုသမ္မတ အဖြစ် ရွေးချယ်ခံရလျှင် ၎င်း၏ နေရာကို ဆက်ခံရန် စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်အား အစားထိုးခန့်အပ်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၏ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် တင်ကြို ပြောင်းရွှေ့ စီစဉ်ထားပြီး ဖြစ်သည်။