ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ ကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများကိုယ်တိုင် ကင်းစောင့်နေကြရသောကြောင့် လယ်ယာစိုက်ပျိုးရေးတွင် အားမထုတ်နိုင်ဘဲ လစ်ဟင်းဆုံးရှုံးမှုများ ဖြစ်နေရကြောင်း သတင်းရရှိသည်။
ရသေ့တောင်မြို့ခံ လယ်သမားတဦးက “တိုင်းပြည်က မအေးချမ်းတော့ စပါးစိုက်ချိန်မှာ မစိုက်နိုင်လိုက်ကြဘူး။ မဖြစ်မနေ စိုက်ရတော့မယ့် အချိန်မှာလည်း ည ၇ နာရီကနေ မနက် ၆ နာရီအထိ ကင်းစောင့်၊ မနက် လယ်ထဲဆင်း၊ လယ်ထွန်ဆိုတော့ လိုသလောက် ညက်အောင်မထွန်နိုင်ဘဲ စပါးကြဲကြရတော့ ပေါက်တဲ့ စပါးကပေါက် ပျက်တဲ့စပါးက ပျက်ပေါ့။ နောက်တခုက ဒီနှစ် မိုးလေဝသကလည်း အရင်နှစ်တွေထက် ဆိုးတယ်။ မိုးတော်တော်ကောင်းတော့ စပါးတွေရေမြုပ်ပြီး ထပ်ပျက်ပေါ့” ဟု ပြောသည်။
ပျက်စီးသွားသည့် စပါးများကို ပြန်လည် အစားထိုး စိုက်ပျိုးရန် မျိုးစပါး လုံလောက်မှု မရှိကြောင်း၊ လယ်ယာများကိုလည်း အကုန်မစိုက်နိုင်သောကြောင့် လာမည့်နှစ်တွင် စပါးအထွက် နည်းနိုင်ကြောင်းလည်း ဒေသခံများက ဆိုသည်။
“အခုက လယ်သမားတွေက အရင်နှစ်တွေကလိုပဲ တဧကအတွက် မျိုးစပါး ၅ တောင်းနှုန်းနဲ့ပဲ ထားကြတော့ ပျက်တာတို့၊ ရေမြုပ်တာတွေကြောင့် ပျက်သွားတဲ့ လယ်တွေကို အစားထိုးပြန်စိုက်ဖို့ မျိုးစပါး မရှိကြတော့ဘူး။ နောက်တချက်က ၅ ဧကရှိတဲ့ လယ်သမားတယောက်က လုပ်ရင်းကိုင်ရင်း အချိန်မမီလိုက်တဲ့ အခါကျတော့ ၃ ဧကပဲ စိုက်နိုင်လိုက်တယ်။ ဆိုတော့ နောက်နှစ် စပါးပေါ်ချိန်ဆို စပါးအထွက် လျော့သွားမယ့် အခြေအနေရှိတယ်” ဟု အောင်ဆိပ်ကျေးရွာ ဒေသခံတဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လက စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်များတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ရသေ့တောင်မြို့နယ်တွင်မူ ယင်းအမိန့် ထုတ်ပြန်ထားခြင်း မရှိပေ။
ရသေ့တောင်မြို့နယ်အတွင်း တပ်ရင်း ၃ ရင်းရှိသော်လည်း ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးယူခြင်း မဟုတ်ဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်တွင်သာ လုံးခြုံရေးယူနေရကြောင်း သိရသည်။