ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ ခရီးသွားလာခွင့်နှင့်နိုင်ငံသား စာရွက်စာတမ်းများမပါဘဲ ထွက်ပြေးလာသူ ၁၉ ဦးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးတွင် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဝန်းကျင်အနီးရှိ တောအုပ်ထဲတွင် မသင်္ကာဖွယ်ရာ လူ ၂၀ ဦး ခိုအောင်းနေထိုင်ကြောင်း ကလေးဒေသခံအချို့က တွေ့ရှိ ဝိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာ အာဏာပိုင်များ ထံသို့ ယမန်နေ့က အပ်နှံခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
“စုစုပေါင်းက ၂၀ ပါ။ ကျူတောထဲမှာ တဲထိုးနေနေတာ ရွာသားတယောက် လာအကြောင်းကြားလို့ သွားကြည့်တာ။ တယောက်က ထွက်ပြေးသွားတယ်။ သူတို့အားလုံးကို ရဲစခန်းကို အပ်လိုက်ပါတယ်” ဟု ကလေးမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းမှ ဒုတိယဥကဋ္ဌ ဆရာတော် ဦးပဏ္ဍဝံသ က ဧရာဝတီသို့ မိန့်ကြားသည်။
ဖမ်းဆီးရရှိသူများမှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ ထွက်ပြေးလာသူ လူမျိုးခြားများဖြစ်သည်ဟု သိရှိထားပြီး မြန်မာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်မှတဆင့် ချင်းပြည်နယ်ကို ဖြတ်ကျော်ကာ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ရောက်ရှိလာကြောင်း၊ ၎င်းတို့တွင် နိုင်ငံသားအထောက်အထား စာရွက်စာတမ်း တစုံတရာ မပါဝင်ကြောင်း၊ ကလေးမြို့မှတဆင့် မန္တလေးနှင့် ရန်ကုန်မြို့သို့ သွားရောက်ကာ ထိုမှတဆင့် ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ မလေးရှားနိုင်ငံသို့ သွားရောက်ရန်ရှိသည်ဟု စစ်ဆေးချက်များက ဆိုသည်။
“ချင်းတောင်တန်းတလျှောက်ကလည်း လုံခြုံရေး အားနည်း၊ ကလေးမြို့ရောက်ရင်ကို မန္တလေး၊ ရန်ကုန်အထိက လမ်းကြောသင့်သွားပြီ၊ စစ်တာဆေးတာ သိပ်မရှိတော့ ဒီဖက်လမ်းကြောင်းကို ရောက်လာတာပဲ” ဟု ဆရာတော် ဦးပဏ္ဍဝံသ က မိန့်သည်။
လတ်တလော အဖမ်းခံရသူ များကို ကလေးမြို့နယ်ရှိ လူဝင်မှု ကြီးကြပ်ရေး (လဝက) တာဝန်ရှိသူများက စစ်ဆေးမေးမြန်း မှုများ ပြုလုပ်နေဆဲဖြစ်ပြီး စစ်ဆေးမှုအပြီး မည်သို့ မည်ပုံ လုပ်ဆောင်ရန် ရှိသည်ကို မသိရှိရသေးကြောင်း ကလေးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းတဦးက ဧရာဝတီသို့ ရှင်းပြသည်။
စစ်ကိုင်းတိုင်းကလေးမြို့အနီးတွင် အောက်တိုဘာလအတွင်းကလည်း ခရီးသွားလာခွင့်နှင့် နိုင်ငံသား အထောက်အထားမပါသူ ၁၆ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ယခုနှစ်အတွင်း အလားတူဖမ်းဆီးရရှိမှုမျိုး ၁၀ ကြိမ်ထက်မနည်းရှိနေပြီဟု ဒေသခံများ၏အဆိုအရ သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ်ဇွန်လမှ စတင်ပြီး လူမျိုးစုပဋိပက္ခများဖြစ်ပွားလျက်ရှိပြီး လူသေဆုံးမှုများ၊ အိုးအိမ်များ မီးရှို့ဖျက်ဆီးမှုများအပါအဝင် မတည်ငြိမ်သော အခြေအနေများကြောင့် အစိုးရက အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။
ဧရာဝတီသတင်းထောက် ဇာနည်မာန်နှင့် သန်းထိုက်ဦး ပူးပေါင်းရေးသားသည်။