ယခင် နအဖ အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအဝင် အငြိမ်းစား ပုဂ္ဂိုလ် ၇၀ နီးပါး၏ ထောက်ပံ့ငွေကြေး တောင်းခံမှု ကိစ္စကို ဥပဒေနှင့်ညီ၊ မညီ ထပ်မံ စစ်ဆေးသွားမည်ဟု သိရသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အကြီးအကဲ နှစ်ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး၏ အိမ်အကူ၊ ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ကြေး ရလိုကြောင်း အိုးအိမ်ဦးစီးဌာနက တောင်းခံသော ဖြည့်စွက် ဘတ်ဂျက်တောင်းခံမှုတွင် ထည့်သွင်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာ နိုဝင်ဘာလ ၂၃ ရက်နေ့က အတည်ပြုပေးလိုက်ရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
အဆိုပါကိစ္စကို အတည်ပြုပေးလိုက်သော်လည်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အသေးစိတ် မသိရှိကြသည့် အတွက် ဝင်ရောက် ဆွေးနွေးမှု မပြုကြကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် ခေါ်ယူမည့် ပဉ္စမအကြိမ် လွှတ်တော်၌ ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
“ဒီကိစ္စက ဥပဒေနဲ့ညီလား၊ မညီလားဆိုတာကို ပြန်လေ့လာရဦးမှာပါ။ ကျနော် တယောက်တည်း အနေနဲ့လည်း ဆွေးနွေးလို့ မရဘူး။ ကျနော်တို့ပါတီရဲ့ သဘောထားက ဘယ်လိုလဲ၊ ဒီကိစ္စအပေါ် ဆွေးနွေးမလား ဆိုတာ အစည်းအဝေး လုပ်ရဦးမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောသည်။
အငြိမ်းစား ပုဂ္ဂိုလ်များအတွက် ဘတ်ဂျက် တောင်းခံမှုသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ဆက်တွဲ တောင်းခံရာတွင် ပါဝင်ကြောင်း၊ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ NLD ကိုယ်စားလှယ်များ အပါအဝင် မည်သည့် ကိုယ်စားလှယ်ကမှ ဆွေးနွေးမှု မရှိခြင်းသည် ထူးခြားမှု တခုဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
ယင်းကိစ္စအား အတည်ပြုပြီးမှသာ ဖတ်မိသည့်အတွက် ၎င်းကိုယ်တိုင် မဆွေးနွေးလိုက်ရကြောင်း၊ ဝန်ကြီးဌာနများ၏ ဘတ်ဂျက်တောင်းခံမှု ကိစ္စအားလုံးကို ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ဖြတ်တောက်ခြင်း ပြုလုပ်ခဲ့သကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးများကလည်း ပြန်လည်ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော် ယခုကိစ္စအား ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ် များအပြင် မည်သည့် ပါတီကမှ မဆွေးနွေးကြောင်း၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဟုတ်သည့် ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးသင့်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်ဆိုရင် ဒီကိစ္စကို အိုးအိမ်ဌာနကလည်းပဲ ရှင်းရှင်းလင်းလင်း တောင်းခံသင့်တယ်၊ အခုရေးထားတာက နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနဲ့ အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူတွေအတွက် ထောက်ပံ့ငွေ ရလိုမှုကို တခြားကိစ္စတွေနဲ့ ရောနှောထားတော့ ကိုယ်စားလှယ်တွေက သတိမထားမိကြဘူး” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
နိုင်ငံအကြီးဟောင်းများ ဘတ်ဂျက်တောင်းခံမှု ကိစ္စသည် လက်ရှိတွင် အရေးမကြီးဟု ယူဆကြောင်း၊ လက်ရှိတွင် ရခိုင် အရေးကိစ္စ၊ ကချင်ဒေသတွင်း စစ်ပွဲများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စများကို ဦးစားပေးနေရသည့်အတွက် NLD ပါတီ အနေဖြင့် မဆွေးနွေးခဲ့ကြောင်း ဦးဝင်းထိန်က ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ နှင့်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ၎င်းတို့ပါတီ ကိုယ်စားလှယ်များ အနေဖြင့် ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သော ကိစ္စများကိုသာ အလေးထား ဆောင်ရွက်နေရခြင်းကြောင့် ထိုကိစ္စအပေါ် အာရုံစိုက်မှု အားနည်းခဲ့ကြောင်း၊ သို့သော် ထိုဘတ်ဂျက်ငွေ တောင်းခံမှုသည် ပြည်သူများထံမှ ပေးဆောင်ရမည့် ဘဏ္ဍာငွေ ဖြစ်၍ လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးမှု၊ မေးခွန်းထုတ်မှုများ ဖြစ်လာနိုင်ကြောင်း ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံမှာ အငြိမ်းစား ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး အဆောင်အယောင်ပေးရာမှာ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေမပါဘူး၊ နောက်တခုက ဖြည့်စွက်ဘတ်ဂျက် တောင်းခံတာဆိုတော့ သာမန်ဘတ်ဂျက်တောင်းခံမှုပဲ ဖြစ်မှာပါ ဆိုပြီးတော့ ကိုယ်စားလှယ် အများစုကလည်းပဲ အမှတ်တမဲ့ ဖြစ်သွားကြတယ်ထင်တယ်”ဟု ဒေါက်တာ အေး မောင် က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံတော်အကြီးအကဲများ အငြိမ်းစားယူခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားသော အဆောင်အ ယောင်ဆိုင်ရာ ဥပဒေ၌ နိုင်ငံတော် သမ္မတနှင့်ဒု သမ္မတများ အငြိမ်းစားယူသည့်အခါတွင် ၎င်းတို့၏ အကျိုးခံစားခွင့်အတွက် ပင်စင်လစာ၊ ယဉ်မောင်း၊ နေအိမ်စသည်တို့ ပေးအပ်ရမည်ဟု ဖော်ပြထားကာ ဝန်ကြီး အဆင့်များ မပါရှိကြောင်းု သိရသည်။
သို့သော် အိုးအိမ်ဦးစီးဌာန၏ ဖြည့်စွက် ဘတ်ဂျက်ငွေတောင်းခံသည့် စာရင်းတွင် နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနှင့်ယခင် (နအဖ) အစိုးရ၏ နိုင်ငံတော်အဆင့်ရှိ အငြိမ်းစား ပုဂ္ဂိုလ်များ၊ ဝန်ကြီးများ၊ ဒု ဝန်ကြီးများအပြင် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များနှင့် လွှတ်တော် ဥက္ကဋ္ဌများ စသည်ဖြင့် ပါဝင်ပြီး ၎င်းတို့၏ အိမ်အကူဝန်ထမ်း ၄၀၀ ကျော်အတွက် တောင်းခံသည့် ငွေကြေးမှာ ကျပ် ၁၆၉ သန်းကျော် ဖြစ်သည်။
အစိုးရအဖွဲ့ ဝန်ကြီးဌာများမှ လွှတ်တော်သို့ တင်ပြသည့်ဘတ်ဂျက်များကို ရေးရာကော်မတီအလိုက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့ စစ်ဆေးသည့် အားကစား ဝန်ကြီးဌာနကလည်း တခြားနေရာတွင် အသုံးပြုမည့် ဖြည့်စွက် ဘတ်ဂျက်ငွေကို ဆီးဂိမ်းအတွက်ဟုဆိုကာ လှည့်ပတ် တင်သွင်းသည့်အတွက် ကျပ်သန်းပေါင်း ၆၀၀၀ ကိုဖြတ်တောက် လိုက်ရကြောင်း၊ ယခုကိစ္စကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ခင်မောင်ရီက ပြောသည်။
အငြိမ်းစား ပုဂ္ဂိုလ်များအတွက် တောင်းခံသည့် ယခုဘတ်ဂျက်ကိစ္စကို စိစစ်သည့်ကော်မတီက အဓိက တာဝန်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် သတိမထားခြင်းလည်း ရှိနိုင်သကဲ့သို့၊ မပြောသင့်သည့်အတွက် ထုတ်ဖော်မပြောခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ထိုကိစ္စသည် စစ်တပ် အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် သက်ဆိုင်နေခြင်း၊ ဦးသန်းရွှေသည် ယခုအချိန်အထိ အစိုးရ အဖွဲ့ အပေါ် သြဇာ အာဏာ သက်ရောက်မှု ရှိနေခြင်းတို့ကြောင့် ကိုယ်စားလှယ်များက ထောက်ပြ၊ ဝေဖန်၊ ဆွေးနွေးခြင်း မလုပ်ဆောင် ရဲကြကြောင်းလည်း တချို့က ဝေဖန်သည်။
“တကယ်တော့ ဒီပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့တွေအပေါ် ဝင်စွက်ဖက်တာ မရှိတော့ဘူးလို့ထင်တယ်၊ အခုကိစ္စကိုလည်း လုပ်ပေးပါလို့ အဲဒီပုဂ္ဂိုလ်တွေက တောင်းဆိုတာ မဖြစ်နိုင်ဘူး၊ တချို့က လုပ်ပေးသင့်တယ် ထင်လို့ လုပ်ပေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဦးခိုင်မောင်ရီက သုံးသပ်သည်။
ထိုကိစ္စအား ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရေးဆွဲတင်ပြခြင်း ဖြစ်သည့်တိုင် လွှတ်တော် အသီးသီး၏ ဥပဒေကြမ်း ကော်မတီများနှင့် လွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီတို့ထံ ပမထ တင်ပြရကြောင်း၊ ထိုကော်မတီက စိစစ် အတည်ပြုပြီးမှသာ ကိုယ်စားလှယ်များထံ ရောက်ရှိလာသည့်အတွက် ကိုယ်စားလှယ်အများစုက အလေးထားမှု အားနည်းသွားကြောင်းလည်း ကိုယ်စားလှယ်များထံမှ သိရသည်။
ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌမှာ အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြညိမ်းဖြစ်ပြီး ၎င်းသည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်သည်။
“တချို့ လုပ်ဆောင်ချက်တွေက သူ့ပါတီနဲ့ သူ့အစိုးရ လိုမျိုးဖြစ်နေတယ်၊ ဥပဒေကြမ်း ကော်မတီ ဆိုတာလည်း တခါတလေမှာ ကြံ့ခိုင်ရေးပါတီက ရေးပေးလာတာတွေကို လက်မှတ်ထိုးပေးရုံ အဆင့်ဖြစ်နေတယ်” ဟု ဥပဒေကြမ်း ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
ယခုလုပ်ရပ်ကြောင့် နောင်တွင်ဤ ဖြစ်ရပ်မျိုး မဖြစ်စေရန် ကိုယ်စားလှယ်များ အနေဖြင့် အသေးစိတ် လေ့လာဖတ်ရှှုရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက လွှတ်တော်အပေါ် အများပြည်သူ၏ ယုံကြည်မှု အားနည်းလာနိုင်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။