မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စမ်းသပ် သန်းခေါင်စာရင်း အဖြစ် မြို့နယ် ၂၀ အတွင်း ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့သည်။
ထိုသို့ စမ်းသပ်သန်းခေါင်စာရင်း ကောက်ခံရာတွင် သတ်မှတ် ဒေသများ အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး၊ နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ရှိမရှိ၊ မှတ်ပုံတင် ရှိမရှိ စသည်တို့ကို စစ်ဆေးသွားမည် မဟုတ်ဘဲ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းသွားမည် ဖြစ်ကြောင်း သိရသည်။
“ကောက်ယူမယ့် စမ်းသပ်မြို့နယ် ၂၀ ရွေးထားတယ်။ ၁၂ ရက်ကြာ ကောက်ပါမယ်။ မတ် ၃၀ ကနေ ဧပြီ ၁၀ ရက်နေအထိ ကောက်သွားမယ်။ ၂၀၁၄ အတွက် ရည်ရွယ်ပြီး ကြိုကောက်တာပါ။ စမ်းသပ်ကောက်တာမှာ ဘာအခက်ခဲတွေရှိမလဲ၊ မေးတဲ့ မေးခွန်းတွေမှာ အခက်ခဲတွေ ရှိမလား သိရအောင် ကောက်တာပါ” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန သန်းခေါင်စာရင်း ဌာနခွဲမှ ဌာနမှူး ဒေါက်တာခိုင်ခိုင်စိုးက ဧရာဝတီသို့ ပြောသည်။
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင် သာမန် အနေအထားရှိ မြို့များထက် ထူးခြား အနေအထားရှိသည့် မြို့များဖြစ်သည့် နယ်စပ်မြို့များ၊ တောင်ပေါ်မြို့များကို အများဆုံး ရွေးချယ်ကောက်ယူရန် စီစဉ်ထားကြောင်း သိရသည်။
“နယ်စပ်တွေကို အများဆုံး ရွေးကောက်တာက အဲဒီမှာ ဒုက္ခသည်တွေ ရှိတော့ တကယ်ကောက်တဲ့ အခါအခက်အခဲတွေ မရှိအောင်ဆိုပြီး စီစဉ်တာပါ” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
ကောက်ယူရာတွင် တမြို့နယ်လျှင် ကောက်ကွက် ၅ ကွက်ထား၍ ကောက်ယူမည် ဖြစ်ကြောင်း၊ကောက်ကွက် တကွက်လျှင် စာရင်းကောက် ဆရာမအဖြစ် ပညာရေးဌာနမှ မူလတန်းပြ ဆရာမ တယောက်က ကောက်ယူမည် ဖြစ်ပြီး တမြို့နယ်အတွက် မူလတန်းပြ ဆရာမ ၅ ယောက်မှ တာဝန်ယူ ကောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါကောက်ကွက် ၅ ကွက်ကို ပြန်လည် အုပ်ချုပ် စစ်ဆေးမည့် အလယ်တန်းပြ သို့မဟုတ် အထက်တန်းပြ ဆရာမတဦးက စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“မြစ်ကြီးနားက ကထောင် ရပ်ကွက်ကို ရွေးထားပါတယ်။ ဒီအထဲမှာ စစ်ဘေး ဒုက္ခသည်တွေက စမ်းသပ် ကောက်ခံမယ့် နေရာထဲမှာ ရှိနေရင် ကောက်ယူသွားမှာပါ။ စမ်းသပ် ကောက်တာဖြစ်တဲ့အတွက် တမြို့လုံးကိုတော့ ကောက်ခံသွားဦးမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။
၂၀၁၄ တွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အတွက် စမ်းသပ်သည့် အနေဖြင့် သန်းခေါင်စာရင်းကို ကောက်ယူခြင်း ဖြစ်ကြောင်း၊ ယခုကောက်ယူမှုမှာ နိုင်ငံသားကတ်ထုတ်ခြင်း၊အိမ်ထောင်စု စာရင်းပြုလုပ်ခြင်းနှင့် မသတ်ဆိုင်ကြောင်း၊ ကောက်ယူခဲ့သည့် တဦးခြင်း အကြောင်းအရာကို လုံခြုံမှု အပြည့်ဖြင့် ထိန်းသိမ်းထားမည် ဖြစ်ပြီး ထုတ်ပြန်သွားရန် အစီအစဉ်မရှိကြောင်း၊ ယခုကောက်ယူမှု အတွက် ကောက်ယူရရှိသည့် လူဦးရေစာရင်းကိုသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ တွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် ၂၀၁၁ မှ စတင်ကာ မြေပုံရေးဆွဲခြင်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းမှာ တနိုင်ငံလုံးအတွက် ရည်ရွယ်ရေးဆွဲသော မြေပုံဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ စမ်းသပ်သန်းခေါင်စာရင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၂၀ တွင် ၁၂ ရက်ကြာ ကောက်ယူသွားမည် ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူမည့် ဒေသများမှာ ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ကရင်ပြည်နယ် အတွင်းရှိ မြဝတီ၊ ချင်းပြည်နယ်ရှိ ဟားခါးနှင့် တမူး၊ တနင်္သာရီတိုင်းရှိ ထားဝယ်၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ မကွေးတိုင်းအတွင်းရှိ မကွေးမြို့၊ မန္တလေးတိုင်းရှိ မိုးကုတ်နှင့် ချမ်းအေးသာဇံ မြို့နယ်၊ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့် ကျိုက်ထို၊ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ နှင့် လမ်းမတော်မြို့နယ်၊ ရှမ်းပြည်နယ် ညောင်ရွှေ၊ တာချီလိတ်နှင့် မူဆယ်၊ ဧရာဝတီတိုင်းရှိ မြောင်းမြနှင့် ငပုတောမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများ အလွယ်တကူ ခွဲခြား သိရှိနိုင်ရေးအတွက် ကူညီမည့် ပညာရေး ဝန်ထမ်းများကို လူဝင်မှု ကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများ၏ ဝန်ထမ်းဝတ်စုံအရောင် ဖြစ်သော ကာကီရောင် ဝတ်စုံနှင့် ဦးထုတ်၊လက်ဆွဲအိတ်များ ထုတ်ပေးထားကြောင်း ပြည်သူများ အလွယ်တကူ ခွဲခြားသိရှိနိုင်ရန် ရည်ရွယ်ကာ ထုတ်ပေးထားခြင်း ဖြစ်ကြောင်း သိရပြီး စမ်းသပ် သန်ခေါင်စာရင်း ကောက်ပါက အဆိုပါ ဝတ်စုံများဖြင့် ဝတ်ဆင်ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေက မေးခွန်းလာမေးတဲ့အခါ ဘာလဲဆိုတာမျိုး၊ လန့်တာမျိုး မဖြစ်အောင် သတ်မှတ်ဝတ်စုံ ဆင်ပေးတာပါ။နောက် စာရင်းစစ်တဲ့ သူကို တနေ့ ၄၀၀၀ နှုန်း၊ ကောက်တဲ့သူကို တနေ့ ၃၀၀၀ နှုန်းနဲ့ ၁၂ ရက်စာ ပေးထားပါတယ်” ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်ခေါင်းစာရင်း ကောက်ယူမှုကို ၁၉၇၃ တွင် တကြိမ်၊၁၉၈၃ တွင် တကြိမ် ကောက်ယူခဲ့ဖူးပြီး နှစ်ပေါင်း ၃၀ အကြာ ၂၀၁၄ မတ်လ ၃၀ ရက်နေ့တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ထပ်မံ ကောက်ယူသွားမည် ဖြစ်သည်။
ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် UNFCA (United Nations Funds Clearance Authority) အဖွဲ့မှ ကူညီပေးလျှက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေး ဌာနမှ သိရသည်။