Military

အာရပ်နွေဦးကို ကယ်တင်ခြင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ကင်းမြီးကောက်ကို မဲရင်းနဲ့ မြွေကို လွှတ်သွားတတ်တယ်”
(အီဂျစ်စကားပုံ)

၁၉၅၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့…။ အီဂျစ်မှာ စစ်တပ်အာဏာသိမ်းခဲ့တယ်။ ဖာရို့ ဘုရင်ကြီးကို ထွက်တော်မူ နန်းကခွာပြီး အချုပ်သားဘ၀ ရောက်တယ်။
နန်းကျဘုရင်ကို အကျဉ်းချထားမလား၊ ကွပ်မျက်မလား ဆိုတာကို အာဏာသိမ်း စစ်ခေါင်းဆောင် တွေကြားမှာ အကျိတ်အနယ် ဆွေးနွေးခဲ့ကြတယ်။ နောက်ထပ် သုံးရက်အကြာမှာ ဘုရင်ကို နယ်နှင် ဒဏ်ပေး လိုက်တယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အစောင့်အရှောက်နဲ့ပဲ အီတလီ နိုင်ငံကို သင်္ဘောနဲ့ ပို့လိုက်တယ်။

အီဂျစ်၏ ကံကြမ္မာစာအုပ်မှာ “ထိုစဉ်က အသက် ၃၆ နှစ်အရွယ် နက်ဆာက ရည်မှန်းချက်သို့ သွားရာလမ်းတွင် လူထု၏ သဘောထားကို ပစ်ပယ်သင့်လျှင်လည်း ပစ်ပယ်ထားရမည်ဟု သဘောထားခဲ့သော်လည်း အသက် ၅၃ နှစ်အရွယ် ကျွန်တော်၏ သဘောထားမှာ အောက်ခြေလူထု၏ ထောက်ခံမှု မရဘဲ ဇွတ်အကောင်အထည် ဖော်ရန် မသင့်သည်ဟု နှိုင်းနှိုင်းချိန်ချိန်စဉ်းစားခဲ့သည်။ လူထု ထောက်ခံမှု မရလျှင် ရည်မှန်းချက်တချို့ကို ရွှေ့ဆိုင်းထားသင့်သည်ဟု ယုံကြည်ခဲ့သည်။ သို့နှင့် လူငယ် အရာရှိများနှင့် ကျနော့် အကြားတွင် လုပ်နည်းလုပ်ဟန်နှင့် မူဝါဒပိုင်းတွင် ဝိရောဓိ ဖြစ်ခဲ့သည်’ အဲဒီတုန်းက အာဏာသိမ်းခေါင်းဆောင်နဲ့ ပထမဆုံး အီဂျစ်နိုင်ငံရဲ့ သမတဖြစ်လာသူ မိုဟာမက် နာဂွစ် ကိုယ်တိုင် ရေးသားထားခဲ့တယ်။

နာဂွစ်က စစ်တပ်ဆိုတာ နိုင်ငံရေးနဲ့ ကင်းကင်းနေရမည်။ ဘုရင်စနစ်ကို ဖြုတ်ချလိုက်ပြီဖြစ်လို့ ရည်မှန်းချက်အောင်ပြီ၊ စစ်တန်းလျားကို ပြန်မယ်။ တိုင်းပြည် အာဏာကို အရပ်သား အစိုးရတရပ်ဆီကို အပ်မှသာ တရားနည်းလမ်းကျမယ်လို့ သဘောထားခဲ့ တယ်လို့ ဆိုတယ်။ ဒါပေမယ့် အာဏာသိမ်းအဖွဲ့ရဲ့ နံပါတ်နှစ် ခေါင်းဆောင်ဖြစ်တဲ့ နက်ဆာကျတော့ ဒီမိုကရေစီနဲ့ ပါတီစုံလမ်းကြောင်းကို ချပေးလိုက်ရင် အာဏာမသိမ်းခင်က အခြေအနေကို ပြန်ရောက် သွားလိမ့်မယ်။ အထူးသဖြင့် မွတ်စလင် သွေးသောက်အပါအဝင်၊ စနစ်ဟောင်းက အုပ်စုတွေ နေရာပြန်ရမှာကို စိုးရိမ်ခဲ့တယ်။ နောက်ဆုံးမှာ နာဂွစ်ဆီကနေ နက်ဆာက အာဏာသိမ်းလိုက်ပြီး နာဂွစ်ကို အိမ်ချုပ်ချလိုက်တယ်။ ချုပ်တော့ အဲဒီအဖြစ်အပျက်ကပဲ အီဂျစ်နိုင်ငံရဲ့ ကံကြမ္မာ၊ အီဂျစ်စစ်တပ် အတွက် အစဉ်အလာဖြစ်သွားပါတယ်။

နက်ဆာ အာဏာရလာတဲ့အခါ အစောဆုံး နှိပ်ကွက်ခံရတာ မွတ်စလင် သွေးသောက်အဖွဲ့ပါပဲ။ အဖွဲ့ဝင်တွေကို နှိပ်စက်၊ ဖမ်းဆီးတယ်၊ တချို့လည်း ပြည်ပကို ထွက်ပြေးသွားကြတယ်။ မွတ်စလင်သွေးသောက်အဖွဲ့ကလည်း နာဆာကို အဆိပ်ခတ် လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ မအောင်မြင်ပါဘူး၊ ဒီလိုနဲ့ နက်ဆာခေတ်ကနေ မူဘာရက်ခေတ်အထိ နှစ်ပေါင်း ၆၀ လုံးလုံး မွတ်စလင်သွေးသောက်အဖွဲ့ဟာ မြေအောက်အဖွဲ့လိုပဲ လှုပ်ရှားခဲ့ရတယ်။

နောက် ၂၀၁၁ အာရပ်နွေဦး လူထုလှုပ်ရှားမှုကြောင့် မူဘာရက် နုတ်ထွက်ခဲ့ရတယ်။ မူဘာရက်အလွန် ရွေးကောက်ပွဲမှာ မွတ်စလင် သွေးသောက်အဖွဲ့က ကျောထောက် နောက်ခံပေးထားတဲ့ ပါတီ အာဏာရလာတယ်။ သမတ မော်စီနဲ့ မွတ်စလင် သွေးသောက်အဖွဲ့က တိုင်းပြည်အာဏာကို တရစ်ပြီး တရစ် တိုးယူတယ်။ ဘာသာရေး အယူအဆတွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ သွင်းလာတယ်။ အတိုက်အခံလုပ် ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ပြန်ဖြစ်လာတယ်။ နောက်ဆုံးမှာ စစ်တပ် အာဏာသိမ်းတာနဲ့ ကြုံလိုက်ရတယ်။

အီဂျစ်ရဲ့ အသွင်ကူးပြောင်းရေးကို အိုဘားမားက အစီစဉ်တကျ အပြောင်းအလဲလို့ သုံးနှုန်းခဲ့ပါတယ်။ အာရပ်နွေဦးလှုပ်ရှားမှုနဲ့ အာဏာရှင်အောက်က ရုန်းထွက်ခါစ နိုင်ငံတွေမှာ အခြေအနေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ အီဂျစ်နိုင်ငံရေးမှာ အရေးပါတဲ့ အီဂျစ်စစ်တပ်ဟာ မူဘာရက်ခေတ်ကတည်းက ကမ္ဘာမှာအမေရိကန်ရဲ့ အထောက်အပံ့ အများဆုံးယူနေတဲ့ စစ်တပ်ဖြစ်ပါတယ်။ ဒါကြောင့် အီဂျစ်လူထုဆန္ဒပြပွဲတွေဟာ လစ်ဗျားလောက်၊ ဆီရီးယားလောက် သွေးမထွက်တာလို့ ယူဆစရာ ရှိပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဟာ စစ်တပ်ရဲ့ အစဉ်အလာ ရန်သူလို ဖြစ်နေတဲ့ မွတ်စလင်သွေးသောက်အဖွဲ့ ဖြစ်နေတယ်။ သူတို့ကလည်း ဘာသာရေးအစွန်းရောက် လမ်းကြောင်းကို တွန်းပို့တယ်။ နောက်ဆုံးမှာတော့ အာဏာက စစ်တပ်က သိမ်းလိုက်တာပါပဲ။

အီဂျစ် စစ်တပ်က အင်အား ငါးသိန်းရှိတယ်။ နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်လာတယ်။ တိုင်းပြည်စီးပွားရေးမှာ ၄၀ ရာခိုင်နှုန်းအထိ လက်ဝါးကြီးအုပ်ထားတယ်လို့ ခန့်မှန်းကြတယ်။ မွတ်စလင် သွေးသောက်အဖွဲ့ကို ထောက်ခံတဲ့ အင်အားဟာ တိုင်းပြည်ထဲမှာ ၂၅ ကနေ ၄၀ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်အောက်မှာ မွတ်စလင် သွေးသောက်အဖွဲ့ကို အရေးကြီးတဲ့ နိုင်ငံရေး အင်အားစုတစ်ရပ်အဖြစ် အသိအမှတ်ပြုရမှာပါပဲ။ စိုးရိမ်စရာကောင်းတာက တိုင်းပြည်မှာ အင်အားအကြီးဆုံး အင်စတီကျူးရှင်း နှစ်ခုက အခု အချိန်အထိ ကျောင်းတော်က ရန်စက ပြေသေးပုံ မရပါဘူး၊ အခု စစ်တပ် အာဏာသိမ်းမှုနဲ့ မော်စီ ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်း နေတာကြောင့် ပိုပြီးစိုးရိမ်စရာ ကောင်းပါတယ်။

အီဂျစ်စစ်တပ် ဘယ်လဲ

အခုအချိန်အထိ အီဂျစ်စစ်တပ်ရဲ့ အခန်းကဏ္ဍက မသဲကွဲသေးပါဘူး။ အီဂျစ်စစ်တပ်အနေနဲ့ နိုင်ငံရေးအရ “နာဂွစ်လမ်း” ကို ရွေးမလား၊ သို့မဟုတ် “နက်ဆာလမ်း” ကို ရွေးမလား၊ လမ်းနှစ်သွယ်ထဲက တလမ်းလမ်းကို ရွေးရပါလိမ့်မယ်၊ ဟန်ပြလုပ်လို့ မရပါဘူး၊ ဒါနဲ့လည်း မလုံလောက်သေးပါဘူး၊ တကယ်တော့ အီဂျစ်မှာ ဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေးကို အပြည့်အ၀ အကောင်အထည်ဖော်မှ နိုင်ငံ့စီးပွားရေး ၅ ရာခိုင်နှုန်း တက်လာပြီး အလုပ်လက်မဲ့နှုန်းကို ကာမိနိုင်ပါလိမ့်တယ်။ ဒုံရင်းအတိုင်းသွားရင်တော့ ၂၀၁၁-၂၀၃၀ ကာလမှာ အလုပ်လက်မဲ့နှုန်း ၃ ဆ တိုးလာဖွယ်ရှိနေပါတယ်။ အာရပ်နွေဦးလှုပ်ရှားမှုရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အလုပ်လက်မဲ့ ပြဿနာဟာ အဓိက နေရာက ပါနေပါတယ်၊ မူဘာရက်အလွန် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် တိုင်းပြည်စီးပွားရေးဆက်ကျဆင်းလိမ့်မယ်လို့ အိုင်အမ်အက်ဖ်က နဂိုကတည်းက ခန့်မှန်းထားပါတယ်။ အခုလို အခြေအနေမှာဆို ပိုဆိုးသွားမယ့် သဘောရှိပါတယ်။

တဖက်မှာ နိုင်ငံဘဏ္ဍာငွေထဲက စစ်တပ်အတွက် အသုံးစရိတ်ကို ဒေါ်လာဘီလီယံချီ (အတိအကျ ဘယ်သူမှ မသိ) အသုံးပြု နေရသလို စစ်တပ်ပိုင်ကုမ္မဏီတွေက အခွန် မဆောင်ကြပါဘူး။ အလုပ်အကိုင်မရှိတဲ့ အရပ်သားတွေကိုလည်း စစ်တပ်ကုမ္မဏီက အလုပ်မခန့်ပါဘူး။ ဒါကြောင့် စစ်တပ်ကုမ္မဏီတွေဟာ အလုပ်အကိုင်ဖန်တီးပေးဖို့ အဓိက မောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိက ကဏ္ဍဖွ့ံ့ဖြိုးဖို့ လမ်းမှာ အဟန့် အတားဖြစ်နေပါတယ်။

စစ်တပ်က စီးပွားရေးကဏ္ဍမှာ ချယ်လှယ်ခဲ့တာကြာခဲ့ပြီဖြစ်တဲ့အတိုင်း သူတို့ရဲ့စီးပွားရေးလက်ဝေခံတွေ၊ လက်ရှိ ဒီမိုကရေစီမဟုတ်တဲ့စနစ်မှာ အဆင်ပြေနေတဲ့ စီးပွားရေးသမား ထောင် သောင်းချီ ရှိနေပါတယ်။ ဒီလူအုပ်ကလည်း ခြေကုတ်ရထားပြီးသား ဒီစနစ်ကို ပိုပြီးခိုင်မြဲအောင် သူတို့ လုပ်ပိုင်ခွင့်တွေ ပိုပိုကျယ်လာအောင် စစ်တပ်အားကိုးနဲ့ ချဲ့ယူကြပါဦးမယ်။

ပြန်ချုပ်ရင် မေးခွန်းနှစ်ခုရှိပါတယ်။ အီဂျစ်စစ်တပ်အနေနဲ့ နောက် တက်လာမယ့် အစိုးရဟာ မော်စီ အစိုးရထက် ပိုပြီးတော့ ကိုယ်စားပြုမှုရှိတဲ့ အစိုးရတရပ်ဖြစ်လာအောင် ဘယ် အတိုင်းအတာအထိ လုပ်ပေးနိုင်မလဲ။ မွတ်စလင် သွေးသောက်အဖွဲ့ကို ဘယ်လိုသဘောထားမလဲ။ ဘယ်လောက် နေရာပေးမလဲဆိုတဲ့မေးခွန်းပါ။ အင်အားကြီးတဲ့ နိုင်ငံရေးအင်အားစုတရပ်ဖြစ်တဲ့ မွတ်စလင်သွေးသောက်အဖွဲ့ကို ဘေးဖယ်ထားခဲ့မယ်ဆိုရင် အီဂျစ်မှာ ဘယ်တော့မှ တည်ငြိမ်မှု မရနိုင်ဘူး။

တဖက်မှာ မွတ်စလင်သွေးသောက်အဖွဲ့ကရော စစ်တပ်ရဲ့အခန်းကဏ္ဍကို ဘယ်လို သဘောထားမလဲ။ နိုင်ငံရေးကို ဘာသာရေးဇာတ်သွင်းတာ၊ တိုင်းပြည်ထဲက တခြား ဘာသာဝင်တွေနဲ့ အားနည်းသူတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုတဲ့ ပေါ်လစီကို ဘယ်လောက်အထိ ပြုပြင်ပေးမလဲဆိုတဲ့မေးခွန်းပါ။ ဒုတိယမေးခွန်းက အီဂျစ်စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဆိုင်ပါတယ်။ စစ်တပ်အနေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို အထိခိုက်ခံပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်မှာလား ဆိုတဲ့ မေးခွန်းပါပဲ။

တော်လှန်ရေးကို ကယ်တင်ခြင်း

တကယ်တော့ အီဂျစ်တော်လှန်ရေးရဲ့ မူလပိုင်ရှင်ဟာ မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ မွတ်စလင် သွေးသောက်အဖွဲ့လည်း မဟုတ်သလို၊ စစ်တပ်လည်း မဟုတ်ပါဘူး၊ နိုင်ငံရေး အာဏာရဖို့လောက် ဒီမိုကရေစီကို အသုံးချချင်တဲ့ လစ်ဘရယ် မကျတကျ အုပ်စုတွေလည်း မဟုတ်ပါဘူး။ အလစ်ချောင်းနေတဲ့ စနစ်ဟောင်းရဲ့ နိုင်ငံရေး စားဖားကြီးတွေလည်း မဟုတ်ပါဘူး။

တော်လှန်ရေးရဲ့ ရည်မှန်းချက်က အီဂျစ်နိုင်ငံကို ခေတ်မီနိုင်ငံထူထောင်နိုင်ဖို့ ဖြစ်ပါတယ်၊ အငြိုးအတေးတွေနဲ့ လက်စားချေဖို့၊ မကြေပွဲနွှဲဖို့လည်း မဟုတ်ပါဘူး။ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာ ကိစ္စဖြစ်ပါတယ်၊ ဒါကို ဘယ်သူကမှ လမ်းလွဲအောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဒုတိယမြောက် တော်လှန်ရေး အာရပ်နွေဦးလှုပ်ရှားမှု ပေါ်လာတာပါ။ ဒါကို အီဂျစ် စစ်တပ်၊ မွတ်စလင် သွေးသောက် အဖွဲ့၊ နိုင်ငံရေးစားဖားတွေက ဒါကို သဘောမပေါက်သေး ကြရင်တော့ လူငယ်တွေရဲ့ တော်လှန်ရေးက ပြီးမယ့်ပုံ မရပါဘူး။ သူတို့ စခဲ့တဲ့ တော်လှန်ရေးကို သူတို့ ဆက်ပြီး ကယ်တင်ကြပါလိမ့်မယ်။

(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading