ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုးသမီးတဦးတို့အား ကျည်ဆန်များ ရောင်းချမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ခမရ ၃၇၅ တပ်ရင်းမှ တပ်ကြပ်ကျော်ဝေသည် စစ်တပ်ပိုင် ကျည်ဆန်များကို ကျောက်တော်ဒေသခံ ဒေါ်အေးကြည် ဆိုသည့် အမျိုးသမီးမှ တဆင့်ရောင်းချသည်ဟု စစ်ဆေးတွေ့ရှိရ၍ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင် က ဧရာဝတီ ကို ပြောသည်။
“ကျည်ဆန်တောင့် ၃၀၀၊ ငွေသား ကျပ်၂ သိန်းကျော်နဲ့အတူ မအေးကြည်ကို ဖမ်းမိတယ်၊ အဲဒီကျည်ဆန်တွေဟာ တပ်ကြပ် ကျော်ဝေက ပို့ဆောင်ခိုင်းတာလို့ ထွက်ဆိုတယ်၊ မအေးကြည်ကို ရဲစခန်းမှာ စစ်ဆေးနေတုန်းပါ၊ ကျော်ဝေကိုတော့ စစ်တပ် အချုပ်ခန်းမှာပဲ စစ်တပ် ဥပဒေအတိုင်း ဆောင်ရွက်နေပါတယ်”ဟု ရဲမှူး ခင်မောင် က ဆိုသည်။
တပ်ကြပ် ကျော်ဝေအား လက်နက် အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂ (၁)(ဂ) အရ စစ်ဘက်ရေးရာ အရာရှိများနှင့် ရဲ တပ်ဖွဲ့ ပူးပေါင်း စစ်ဆေးနေပြီး ဒေါ်အေးကြည်ကိုမူ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်းလည်း ၎င်းက ပြောဆိုသည်။
ကျောက်တော်မြို့နယ် လမ်းမတော်အရပ်မှ ဒေါ်အေးကြည်သည် တခြားကျေးရွာသို့သွားစဉ် သင်္ကာမကင်း၍ ကျောက်တော် မြို့နယ် အမျိုးသမီး ကွန်ရက်မှ အမျိုးသမီး ခေါင်းဆောင်များက ရှာဖွေစစ်ဆေးစဉ် ကျည်ဆန်များတွေ့ရှိကြောင်း၊ ထို့ကြောင့် မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ မြို့နယ် အာဏာပိုင်များနှင့်အတူ ဒေသခံ ရပ်မိရပ်ဘများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သော ရပ်မိရပ်ဘ တဦးဖြစ်သူ ဦးမောင်ဝင်း က ဧရာဝတီ ကို ပြောပြသည်။
ဒေါ်အေးကြည်၏ ဖခင်သည် ပန်းပဲဆရာ တဦးဖြစ်ကြောင်း၊ ၎င်းပြုလုပ်သည့် ဓား၊ ဆောက်၊ လှံ၊ ဂျင်ကလိ စသည့် သံထည် ပစ္စည်းများကို ထိုဒေသရှိ ဘင်္ဂါလီ(မွတ်စလင်)ကျေးရွာများတွင် ရောင်းချလေ့ရှိကြောင်း၊ ယခုအကြိမ်တွင်လည်း ထိုလက်နက် များ ထပ်မံ ရောင်းချနေသည်ကို တားဆီးလိုသည့်အတွက် စစ်ဆေးရာမှ ကျည်ဆန်များ တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။
“ကျနော်တို့ ထင်တာက စူးဆောက်တွေ၊ ဓားတွေပဲ ထင်ပြီးစစ်ဆေးတာ၊ ကျည်ဆန်တွေကိုပါ တွေ့တော့ ရဲစခန်းကို အကြောင်း ကြားပြီးမှ ဖမ်းဆီးစစ်ဆေးရင်းနဲ့ စစ်သားက ပို့ခိုင်းတယ်လို့ ထွက်ဆိုတယ်”ဟု ဦးမောင်ဝင်း က ဆိုသည်။
ရခိုင်ပြည်နယ် မြို့နယ်အများစု အပါအဝင် ကျောက်တော်မြို့နယ်တွင်လည်း ဘင်္ဂါလီလူမျိုးများနှင့် ပဋိပက္ခ ဖြစ်ထား၍ ပြဿနာများ ဆက်လက်မဖြစ်ပွားရန်၊ တည်ငြိမ်အေးချမ်းစေရန် ဓား၊ လှံ၊ ဂျင်ကလိ စသည့်လက်နက်များ ဆက်လက် မရောင်းချနိုင် ရေး တားဆီးရန် ရည်ရွယ်ချက်ဖြင့် ရပ်မိရပ်ဘများက အစည်းအဝေးပြုလုပ် ဆုံးဖြတ်ကြကာ စစ်ဆေးကြခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။
ကျောက်တော်မြို့နယ်၏ နေရာဒေသ တချို့တွင် ခိုးမှု၊ လုယက်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး မင်းကြပ်ကျေးရွာမှ ကျောင်းဆရာမ တဦးနှင့် ကျောင်းသူတဦးတို့ တရွာမှတရွာသို့သွားစဉ် လမ်း၌ အကြမ်းဖက် တိုက်ခိုက်၍ လက်ဝတ်ပစ္စည်းများ လုယက်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ် အာဏာပိုင်များက ထုတ်ပြန်ထားသည်။