ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးပေါ်ခေါ်ဆိုဖို့ တရားဝင် ထုတ်ပြန်ထားတဲ့ ၁၉၉ ဖုန်းနံပတ်ဟာ လက်တွေ့ အရေးကြုံလာတဲ့ အချိန် မှာ ခေါ်ဆိုလို့ မရကြဘူးလို့ မြို့ပြလူထုတွေအကြားမှာ ပြောဆိုနေကြသလို ဖုန်းဝင်ပြီး ဖုန်းမကိုင်တဲ့အတွက် ဝေဖန် ပြစ်တင်သံတွေလည်း ထွက်ပေါ်နေပါတယ်။
ပြစ်တင်ဝေဖန်ခံနေရတဲ့ ရဲတပ်ဖွဲ့ဘက်ကလည်း သူတို့မှာ ဆက်သွယ်ရေးလိုင်း အားနည်းချက်တွေရှိနေသလို ၁၉၉ အရေးပေါ် ဖုန်းကို ဆက်ပြီးတော့ ရဲတွေကို ဆဲဆိုကြိမ်းမောင်းသူတွေ၊ စနောက်သူတွေကြောင့် ဖုန်းမကိုင်တာတွေလို့ ရန်ကုန်တိုင်း ရဲမှူး ဦးသိန်းလွင်က ဧရာဝတီကို ပြောပါတယ်။
“တခါတလေ ဖုန်းကိုကောက်ကိုင်လိုက်ရင် ကလေးတွေ ဖြစ်နေတယ်။ ကလေးတွေက လိုက်နှောက်ယှက်နေကြတာ။ ပြန်ချလိုက်၊ လှမ်းနောက်လိုက်နဲ့ အဲလိုအခက်အခဲ ရှိတာပေါ့။ အပုပ်ချိန် ညနေ ၉ နာရီ ၁၀ ရီလောက်ဆိုရင် သောက်စားတဲ့ လူတွေက ဖုန်းလှမ်းဆက်တာမျိုးလည်း ရှိတယ်။ ဖုန်းကိုင်လိုက်တဲ့ ရဲတွေကို မင်းညီမပေးမလား၊ မင်းအမပေးမလား၊ မင်းအဒေါ်ပေးမလား၊ အဲလိုတွေ နှောင့်ယှက်တာ။ ကျနော်တို့က ဖုန်းပြန်ချလိုက်လို့ရှိရင် ခဏနေ ပြန်ခေါ်လိုက်နဲ့ အဲလိုမျိုးတွေနှောက်ယှက်တာ” လို့ ရဲမှူး ဦးသိန်းလွင်က ရှင်းပြပါတယ်။
ဒီ့အပြင် “ည ၁၂ နာရီကျော် ၂ နာရီ ၃ နာရီလောက် KTV တို့ ဘာတို့ သွားပြီးတော့ သူတို့မှာ လိုအပ်ချက်တွေ ရှိရင်ရှိမှာပေါ့၊ အဲဒါမျိုး အဆင်မပြေတာလည်း ခဏခဏ တိုင်တာ၊ တစ်ကြိမ်တိုင် ကျနော်တို့က ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ဖုန်းချလိုက်၊ နောက်ထပ် အကြိမ်ပေါင်းများစွာ ခေါ်လိုက် တိုင်နေတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေမှာလည်း အိပ်ချင်လည်း မအိပ်ရတော့ဘူး၊ အဲလိုမျိုးတွေ ကြုံတွေ့ရတာ” လို့ ရဲမှူးက ဆက်ပြောပြပါတယ်။
နှောင့်ယှက်သူတွေ ဖုန်းဆက်နေချိန် အရေးကြီးဖုန်းတွေဝင်လာရင် ဖုန်းမအားတာတွေဖြစ်နိုင်သလို ၁၉၉ ဖုန်း လိုင်းတွေဟာလည်း ဆက်သွယ်ရေးလိုင်း ချို့ယွင်းချက်တွေရှိနေတဲ့ အတွက် ဖုန်းမကိုင်တာတွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
၁၉၉ နံပတ် ဖုန်းမကိုင်ကြောင်း ပြောဆိုသံတွေ ထွက်ပေါ်လာတဲ့အတွက် သူကိုယ်တိုင် ဖုန်းခေါ်ဆိုကြည့်ခဲ့ရာမှာလည်း ခေါ်ဆိုသည့်ဖက်မှ ဖုန်းဝင်ပေမယ့် လက်ခံတဲ့ဘက်က ဖုန်းဝင်သံမကြားတဲ့ အဖြစ်ပျက်မျိုးတွေရှိကြောင်း သိရပါတယ်။
အခုတော့ ဆက်သွယ်ရေးလိုင်းအား ချို့ယွင်းမှုတွေကိုတော့ ပြင်ဆင်ပြီးဖြစ်လို့ ၁၉၉ ဖုန်းနံပတ်တွေကို ဆက်သွယ်လို့ရရှိနေပြီဖြစ်ကြောင်း ဖုန်းလိုင်းတွေကိုလည်း စိစစ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေပြီဖြစ်ကြောင်း ရဲမှူး ဦးသိန်းလွင်က ပြောပါတယ်။
၁၉၉ ဖုန်းနံပတ်ကို ဒီနေ့ ဧရာဝတီက ဆက်သွယ်ကြည့်ရာမှာ ဖုန်းကိုင်ဖြေကြားမှုရှိခဲ့ပြီး အရေးပေါ်အကြောင်းအရာတခု ဖုန်းဆက်အကြောင်း ကြားလာရင် ဆောင်ရွက်မယ့် အခြေအနေကို မေးမြန်းကြည့်ရာမှာ “အရေးပေါ် အကြောင်းကြားလာရင်တော့ နီးစပ်ရာ ရဲစခန်း ဖုန်းနံပတ်တွေကိုပေးတယ်၊ အရေးပိုကြီးရင် ကြီးသလို ဒီကနေပြီးတော့ တိုက်ရိုက်ဆောင်ရွက်တာတွေ ရှိပါတယ် ခင်ဗျ” လို့ အနောက်ပိုင်း ခရိုင် ရဲအရာရှိ တစ်ဦးက ဧရာဝတီကိုပြောပါတယ်။
လုယက်မှု၊ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရဲဝန်ထမ်းတွေ အဂတိလိုက်စားမှု စတဲ့ အကြောင်းအရာအမျိုးမျိုးနဲ့ ပတ်သက်ပြီး ရဲစခန်းကို အကူအညီတောင်းခံဖို့ ၁၉၉ နံပတ်ကို ဆက်သွယ်တဲ့အခါ မရရှိတဲ့ လူတွေများသလို ရရှိတဲ့လူ အချို့မှာလည်း အကူအညီ မရတာတွေလည်းရှိတယ်လို့ သိရပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေသူ အစ္စလာမ် ဘာသာဝင် တစ်ဦးက“မိတ္ထီလာမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ ပြဿနာ တက်နေတုန်းက ဒီ မအူကုန်းဘက်ကို လူတချို့က လာလုပ်ဖို့ရှိတယ်ဆိုပြီး လာပြောတယ်၊ အဲဒါနဲ့ ကျနော် ချက်ချင်းပဲ ၁၉၉ ကို ဖုန်းဆက်တယ်၊ စိုးရိမ်စိတ်နဲ့ အကြိမ်ကြိမ် ဆက်တယ်၊ လုံးဝ မကိုင်ဘူး၊ အဲဒီကိစ္စသာ တကယ် ဖြစ်ခဲ့ရင် ကျနော်တို့က ဘယ်သူ့ကို သွားအားကိုးရမလဲ” လို့ ဧရာဝတီကို ပြောပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်သူ တစ်ဦးကလည်း “ဟိုတလောက အင်းစိန်လမ်းမပေါ်မှာ လူငယ်တွေချင်း အုပ်စုလိုက် ရိုက်ကြတယ်၊ ခဲတွေနဲ့ ပေါက်ကြတယ်၊ ကျနော်က ၁၉၉ ကိုဆက်တယ်၊ လုံးဝ ဖုန်းမကိုင်ဘူး၊ ရန်ပွဲက ကွဲပြဲပြီး နောက်ဆုံး သူတို့ဘာသာ သူတို့ ထွက်ပြေး သွားကြတယ်၊ ရဲက မလာဘူး၊ ဖုန်းလည်းခေါ်လို့မရဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတို့ရဲ့ လုံခြုံရေးအား ကူညီဆောင်ရွက်ရန်နဲ့ လူထုက ပူးပေါင်း ကူညီရန် အတွက် ထူးခြားဖြစ်စဉ် သတင်းများ၊ လူထု နစ်နာချက်၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့ ဆောင်ရွက်ချက်၊ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်မှု၊ အဂတိလိုက်စားမှု စတာတွေကို ဆက်သွယ် အကြောင်းကြား နိုင်ဖို့ အတွက် အရေးပေါ် ၁၉၉ ဖုန်းနံပတ်နဲ့ အော်တိုတယ်လီဖုန်း နံပတ်တွေကို တပ်ဆင်ပေးထားတာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။