ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးသည့် လူသတ်မှုဖြင့် တရားရင်ဆိုင် နေရသူများကို ရဲများက သေနတ်ဖြင့် ပစ်ဖမ်းရာမှ ရဲတပ်သားတဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံထားရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည့်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ဖြစ်ပွားခဲ့ကြောင်း၊ ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေး သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားကြောင်း၊ သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့ပြီး လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း မူဆယ်မြို့ ရဲစခန်းမှ တာဝန်မှူး ဒု ရဲအုပ် ဘရန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“ထွက်ပြေးတဲ့ တရားခံ ၅ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိတယ်။ လွတ်သွားသူတွေကို ရဲတွေက လိုက်ဖမ်းနေပါတယ်။ တရုတ်ပြည် ဘက်ကို ထွက်သွား တာလားတော့မသိဘူး။ တရုတ်အစိုးရ ဘက်ကိုလည်း အကူအညီ တောင်းထားပါတယ်။ ရဲတပ်သား တဦး ကတော့ သေနတ်မှန်ပြီး သေသွားပြီ။ တရားခံ ၂ ဦးလည်း သေနတ်မှန်လို့ မူဆယ် ဆေးရုံမှာ တင်ထားတယ်” ဟု သူက ဆိုသည်။
တရားခံများ ထွက်ပြေးမှုကြောင့် မူဆယ်မြို့ လုံခြုံရေးကို ယခင်ကထက် ပို၍ ယူထားကြောင်း၊ တရားခံများကိုလည်း လိုက်လံ ရှာဖွေနေကြောင်း၊ ထိုနေ့တွင် တာဝန်ကျနေသည့် ရဲတပ်သားများကို အချုပ်ထဲတွင် ထိန်းသိမ်းထားသည် ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း အဆိုပါ တာဝန်မှူးက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအိုက်ပေါင်း၏မြေး စိုင်းအိုက်လိန်နှင့် အဖွဲ့အား ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ဝင်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်
မူဆယ်ဒေသခံ စိုင်းအိုက်က “အရင်က အဲဒီအမှု ရုံးချိန်းဆိုရင် မူဆယ်ကရော၊ နမ့်ခမ်းကရော ပြည်သူတွေ အားလုံးနီးပါး လာ နားထောင်ကြတယ်။ အရင် ရုံးချိန်းတိုင်းက သောကြာနေ့မှာ လုပ်တာ၊ အခုတပတ် ရုံးချိန်းက အင်္ဂါ နေ့မှာဆိုတော့ ပြည်သူတွေလည်း မသိဘူး။ တရားရုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်မှပဲ ပြည်သူတွေ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးသည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း၊ ထိုကိစ္စကြောင့် လက်ရှိ မူဆယ်မြို့တွင် ရှုပ်ထွေးနေကြောင်း၊ တရားခံများကို ပြန်လည် မဖမ်းမိပါက ပြည်သူများ ဆူပူမှုဖြစ်လာနိုင်ကြောင်း၊ ရဲများလည်း လုံခြုံရေး တင်းကျပ်ကာ တရားခံကို ရှာဖွေနေကြောင်း စိုင်းအိုက်က ဆိုသည်။
“ဒီအမှုက ရပ်ထားတာကြာပြီ။ မူဆယ်မြို့မှာ လုံခြုံရေးအရ ပြည်နယ် တရားရုံးကို ပြောင်းပေးဖို့ အထက်ကို တင်ပြထားတယ်။ဒါပေမယ့် အထက်က ဘာမှ အကြောင်းမကြားလို့ ဒီတပတ်မှာ တရားရုံး ထုတ်လိုက်ရတာပါ။ တာဝန်ကျတဲ့ ရဲသားတွေလည်း အချုပ်ထဲ ရောက်နေတယ်လို့ ကြားတယ်။ တရားခံ ထွက်ပြေးရင်တော့ အချုပ်ချက်ချင်း ဝင်ရပါတယ်” ဟု မူဆယ်မြို့ ခရိုင် တရားရုံးမှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။
လက်တလော အခြေအနေအရ သေနတ်ပစ် ခံထိခဲ့သည့် တရားခံ ၂ ဦးမှာ ဆေးရုံတင်ထားရပြီး အခြေအနေ ဆိုးနေကြောင်း၊ လူသတ် တရားခံများသည် ထွက်ပြေးရန် ကြိုတင် ကြံရွယ်ထားပုံရကြောင်း၊ ထွက်ပြေးသွားသည့် တရားခံ ၃ ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှာဖွေနေကြကြောင်း ရှေ့နေက ဆိုသည်။
လူသတ် တရားခံများကို မတ်လဆန်းပိုင်တွင် နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း လိုက်ကြောင်း၊ တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားကြောင်း သိရသည်။
ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးအား အမြန်ဆုံး ရှာဖွေ ဖမ်းဆီးပေးရန်နှင့် ၎င်းအမှုကို တရားမျှတစွာ ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများက တောင်းဆို ထားကြကြောင်း မူဆယ် ဒေသခံများက ပြောသည်။