ရှုပ်ထွေးသည့် ယာဉ်ကြောတွေကြားမှာ ဖြတ်သန်းသွားနေစဉ်မှာပင် ပန့်ခ်ရော့ခ် ဂီတသမားတို့၏ ကိုယ်ဟန်အမူအရာက အငြိမ်မနေဘဲ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ သူတို့၏ ပန်းရောင်ဆံပင်ပုံစံ တခုထဲကြောင့်တင် မဟုတ်ပါ၊ သားရေ ဂျာကင်များ သို့မဟုတ် အရိုးခေါင်းပုံ ဆေးမင်ကြောင်များကြောင့်လည်း ဒီ အသက်၂၀ ဝန်းကျင် လူငယ်လေးတွေက ကြမ်းတမ်းသည့် ပုံ ပေါက်နေသည်။ သို့သော် သူတို့က မွတ်ဆလင် ဆန့် ကျင်ရေး လှုပ်ရှားမှုတွေမှာ ဗုဒ္ဓဘာသာ ဘုန်းကြီး တွေ ပါဝင်နေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အခြားသူတွေ နှုတ် ဆိတ်နေချိန်မှာ ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောချင်နေကြသည်။
“သူတို့က ဘုန်းကြီး အစစ်တွေဆိုရင် ကျနော်ငြိမ်နေလိုက်မှာပေါ့၊ ဒါပေမယ့် ဟုတ်မှ မဟုတ်တာ” ဟု Rebel Riot အဖွဲ့ ခေါင်းဆောင် အဆိုတော် ကျော်ကျော် ကပြောနေစဉ် တီးဝိုင်းမှ ဒရမ်တီးသူက ဘာသာရေးအယူသီးမှု နှင့် “၉၆၉” ဟု သိ ကြသည့် မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအကြောင်းရေးစပ်ထားသည့် သီချင်းသစ် ကို ဆူဆူညံညံတီးခတ်နေသည်။ “သူတို့က အမျိုးသားရေးဝါဒီတွေ၊ ဖက်ဆစ်တွေ။ ဒီအကြောင်းကို ဘယ်သူမှ မကြားချင်ကြဘူး။ ဒါပေမယ့် ဒါက အမှန်ပဲ”ဟု သူက ဆိုသည်။
အယူသီး ဘုန်းကြီးများက မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့တန်းက ပါဝင်ခဲ့ကြသည်။ လူဦးရေ သန်း ၆၀ ရှိသောနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်က အများစုဖြစ်ပြီး ထိုအထဲမှ အနည်းငယ်ကသာ ၎င်းတို့ကို ကန့်ကွက် စကားပြောဖို့ ဆန္ဒရှိခဲ့ကြသည်။ မြန်မာများက ဗုဒ္ဓဘာသာကို အရေးပါသည့် အစိတ်အပိုင်းတခုအဖြစ် သဘောထားကြပြီး ဘုန်းကြီးများကိုလည်း လူ့အဖွဲ့အစည်းတွင် အထူးအလေးအမြတ်ပြုရမည့်သူများအဖြစ် သတ်မှတ်ကြသည့် အတွက် အများက ဝေဖန်ပြောဆိုခြင်း မပြုခဲ့ကြပါ။ အခြားသူများကလည်း မွတ်ဆလင်များကို သူတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အစဉ်အလာများကို ခြိမ်းခြောက်နေသည့် အပြင်လူများအဖြစ်သဘောထားပြီး ရှင်းရှင်းလင်းလင်းပင် ဆန့်ကျင်ငြင်းပယ် ကြသည်။
တိတ်ဆိတ်ငြိမ်သက်နေခြင်းသည် လူစုလူဝေးဖြင့် ဗလီများကို ဖြိုဖျက်ခြင်း၊ မွတ်ဆလင်များ၏ နောက်ကို ညာသံပေး၍ အမဲ လိုက်သလို လိုက်ပြီး ချိန်းကြိုးများ၊ သတ္တုပိုက်များနှင့် မသေမချင်း ရိုက်သတ်ခြင်း အစရှိသည်တို့နှင့် ထပ်တူထပ်မျှ အန္တရာယ် ကြီးသည်ဟု အမေရိကန် အခြေစိုက် Anti-Defamation League မှ နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူး Michael Salberg ကပြောသည်။
“အဲဒီမှာ ပြဿနာရှိတာက တရားခံတွေမဟုတ်ဘူး၊ ဘေးကရပ်ကြည့်နေတဲ့သူတွေ” ဟု သူက ဂျာမဏီနိုင်ငံ တွင် ဂျူးများ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ရဝမ်ဒါနိုင်ငံမှ မျိုးဖြုတ် သတ်ဖြတ်ခြင်းများကို အလွယ်တကူ ဖြစ်ပေါ်စေခဲ့သော အခြေအနေများကို ရည်ညွှန်းရင်း ပြောသည်။
ရက်စက်ကြမ်းတမ်းသော ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားပြီး လွန်ခဲ့သော ၂ နှစ်ခန့်က အမည်ခံ အရပ်သား အစိုးရ အာဏာရရှိလာပြီးနောက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေး ခြင်း၊ ငြိမ်းချမ်းစွာစုဝေးခွင့်ကို ပိတ်ပင်ထားမှုများကို ဖြေလျော့ပေးခြင်းနှင့် စိစစ်ရေး ကိုရုပ်သိမ်း၍ မီဒီယာများကို လွတ် လပ်ခွင့်ပေးခြင်း အစရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့သည်။
ထိုနည်းတူ သြဇာအရှိန်အဝါကြီးပြီး ၉၆၉ လှုပ်ရှားမှုကို ထောက်ခံပေးနေသည့် ဦးဝီရသူ အပါအဝင် ဘုန်းတော်ကြီးများ သည်လည်း လွတ်လပ်စွာ ပြောဟောစည်းရုံးခွင့် ရရှိခဲ့သည်။ ဦးဝီရသူက မြန်မာနိုင်ငံတလွှားတွင် လွန်းပြန်သွားရင်း မွတ်ဆလင်ပိုင် ဆိုင်များကို သပိတ်မှောက်ရန်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် မွတ်ဆလင်အမျိုးသားများ လက်ထပ်ခြင်းကို တားမြစ်ပိတ်ပင်ရန်နှင့် မွတ်ဆလင်တို့၏ မြင့်မားသော ကလေးမွေးဖွားမှုနှုန်းကြောင့် လက်ရှိ ၄ ရာခိုင်နှုန်းသာရှိသော မွတ်ဆလင် လူဦးရေသည် နောင်အခါတွင် လူများစုအဖြစ်သို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးခြင်းများ ကို ဟောပြောစည်းရုံးရင်း ထောက်ခံသူများလည်း တိုးပွားလာသည်။
“ကျနော် တကယ်ပြောနိုင်တာကတော့ လူတွေ အနေနဲ့ ဗုဒ္ဓဘုရားဟောကြားဆုံးမခဲ့တာတွေကို ပြန်ကြည့်သင့်ပါတယ်၊ ပြီးရင် ဘုရားက ဘာကိုဆိုလိုခဲ့တာလဲလို့ ကိုယ့်ဖာသာ ကိုယ်ပြန်မေးပါ” ဟု မြန်မာနိုင်ငံမှ ကျော်ကြားသော ပန့်ခ်ရော့ခ် တေးဂီတ ဝိုင်းဖြစ်သည့် No U Turn မှ ဦးဆောင်သူ အသက် ၂၇ နှစ်အရွယ်ရှိ ရဲငွေစိုးက ပြောသည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက်တွင် “လူသားစစ်ပွဲများ” အမည်ရသည့် သီချင်း တပုဒ်ကို သူ ရေးသားခဲ့သည်။ “ကျနော် မြို့ထဲမှာ လျှောက်သွားတဲ့ အခါ ၉၆၉ အကြောင်း၊ မွတ်ဆလင်ကို မုန်းတဲ့ အကြောင်း၊ မငြိမ်မသက် ဖြစ်နေတဲ့အကြောင်း ပြောနေတာတွေ ကြားရနေရတယ်။ ဒါတွေ မဖြစ်သင့်ပါဘူး”ဟုလည်း သူက ပြောသည်။
အမုန်းပွားစေသည့် အပြောအဆိုများနှင့် ပတ်သက်၍ ကျွမ်းကျင်သူများက ဦးဝီရသူကဲ့သို့သော သူများကို တုံ့ပြန်ရန် အကောင်းဆုံး နည်းလမ်းမှာ အလယ်အလတ်ကျသည့် ဗုဒ္ဓဘာသာဝင်များ၏ စကားကို နားထောင်ခြင်းဖြစ်သည်ဟု ပြောကြသည်။
သို့သော်လည်း လက်တဆုပ်စာ ဘုန်းတော်ကြီးများနှင့် အရပ်ဖက်လှုပ်ရှားသူများသာလျှင် ဘာသာပေါင်းစုံ ဆွေးနွေးပြောဆိုခြင်းနှင့် ချစ်ကြည်ရေးတို့တွင် ပါဝင်လှုပ်ရှားကြပြီး ကျန်သူများမှာ ဆိတ်ဆိတ်နေခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော အနောက်တိုင်းသားများသည် အခြားနေရာများတွင် တိုးတက်သော အမြင်ရှိသည့် မြန်မာများက ဘာသာရေး အဓိကရုဏ်းများနှင့် ပတ်သက်၍ စကားစပ်မိသည့် အခါတိုင်း ဘုန်းကြီးများဖက်မှ မသိမသာ ကာကွယ်ပြောဆိုခြင်း သို့မဟုတ် နှုတ်ပိတ်နေခြင်းများ ပြုတတ်ကြ၍ မကြာခဏဆိုသလို အံ့အားသင့်ကြရသည်။
“ဒါဟာ လုံးလုံးလျားလျား ရူးသွပ်မှုဆိုတာ သူတို့ထဲက တော်တော်များများ သိကြတာ သေချာပါတယ်၊ ဒါပေမယ့် သူတို့ ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး” ဟု မြန်မာနိုင်ငံနှင့် ပတ်သက်သော စာအုပ်အမြောက်အများရေးသားခဲ့သည့် ဆွီဒင် ဂျာနယ်လစ် Bertil Lintner ကပြောသည်။ “တကယ်လို့ ပြောလိုက်မယ်ဆိုရင် အမျိုးသားရေးဝါဒီတွေ၊ ဘာသာရေး တယူသန်တွေက မွတ်ဆလင်ကို ထောက်ခံတဲ့သူလို့ စွပ်စွဲပြီး တိုက်ခိုက်တာခံရလိမ့်မယ်” ဟုလည်း သူက ဆက်ပြော သည်။
အသက် ၂၀ အရွယ်ရှိ နံရံဆေးမှုတ် ပန်းချီသမား အာကာကျော်၏ မိတ်ဆွေ သူငယ်ချင်းများထဲတွင် မွတ်ဆလင် ဂီတ သမားများ၊ ဒီဂျေများ ပါဝင်သည်။ လွန်ခဲ့သောနှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခများက သူတို့၏ ပေါင်းသင်းဆက်ဆံမှု အသိုင်း အဝိုင်းကို ထိခိုက်ပျက်စီးစေသဖြင့် အလွန်စိတ်ပျက်ခဲ့မိကြောင်း သူကပြောပြသည်။
အာကာကျော်နှင့် အခြားဘာသာဝင်များ စုပေါင်း၍ စည်းလုံးညီညွတ်မှုကို ဖော်ပြသော ဂီတဗွီဒီယို တခုဖန်တီးခဲ့ရာတွင် “ဘာမှမပူပါပါနဲ့၊ အနည်းဆုံး ငါတို့တွေကြားမှာတော့၊ အားလုံး အဆင်ပြေသွားပါလိမ့်မယ် ” ဟု ထည့်သွင်းစပ်ဆိုခဲ့ သည်။
သို့သော် ရန်ကုန်မြို့ နံရံများပေါ်ရှိ ၉၆၉ သင်္ကေတများနှင့် စတစ်ကာများနှင့် ပတ်သက်သော သူ၏ သဘောထား ကို မေးမြန်းသည့်အခါ “အဲဒီကိစ္စက ရှုပ်ထွေးပါတယ်။ ဒီတခုနဲ့ ပတ်သက်ရင် ပရိသတ်နေရာမှာ နေတာပဲ ကောင်းမယ်လို့ ကျနော် ထင်ပါတယ်” ဟု အာကာကျော်က ပြောသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများက ကြိုဆိုခဲ့ကြသော သမ္မတဦးသိန်းစိန်က တိုင်းမ် မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝီရသူ၏ ရုပ်ပုံကိုဖော်ပြပြီး “ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာ” ဟု ရေးသားခဲ့သည့်အတွက် ထိုလထုတ် တိုင်းမ်မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ဝေခွင့် ပိတ်ပင်ခဲ့သည်။ ထိုသို့ ပိတ်ပင်ခဲ့ခြင်း အတွက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် ၉၆၉ ကို ထောက်ခံကြောင်းနှင့် အစွန်းရောက် ဘုန်းကြီးကို “ဗုဒ္ဓဘုရား၏ သားတော်” ဟု သဘောထားကြောင်း ဖော်ပြခဲ့သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တစုံတရာပြောကြားခြင်း မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၌ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဗုဒ္ဓဘာသာကို ဆန့်ကျင်သူအဖြစ် သတ်မှတ်တုန့်ပြန်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ် ရကြောင်း နိုင်ငံရေးလေ့လာဆန်းစစ်သူများက ဆိုသည်။
အပြင်လူလို ဖြစ်နေသည့် ပန့်ခ်ရော့ခ် ဂီတသမားများကတော့ ကျန်နေသည်။
စစ်အစိုးရ လက်ထက်အတွင်းက သေးငယ်သည့် ပန့်ခ် အသိုင်းအဝိုင်းသည် အဆောက်အဦလွတ်တွေထဲမှာ၊ မီးရထား လမ်းဘေးမှာ သို့မဟုတ် ကိုယ်ပိုင်အိမ်ထဲမှာ လျှို့ဝှက်စွာ လေ့ကျင့်ခဲ့၊ ဖျော်ဖြေခဲ့ရသည်။ အခြားသူများက ဖမ်းဆီးခံရမည်၊ ထောင်ကျမည်ဟု ကြောက်ရွံ့ တွန့်ဆုပ်နေချိန်မှာ သူတို့က စစ်တပ်၏ လက်တွင်းမှ အကြမ်းဖက်မှုများ အကြောင်း အော် ဟစ်ခဲ့ကြသလို လူတိုင်း ဆုံးရှုံးခံစားနေရချိန်တွင် နိုင်ငံရေးအရ အဆက်အသွယ်ကောင်းသော စီးပွားရေးသမားတွေက ပိုပြီး ချမ်းသာလာကြသည့် အကြောင်းကိုလည်း သီချင်းတွေထဲမှာ မေးခွန်းထုတ်ခဲ့သည်။
ယခု သူတို့မှာ “ဘာသာရေး အမုန်းပွားမှု” ဆိုသည့် စစ်မြေပြင်သစ်တခု ရှိလာသည်။ သူတို့ နောက်ဆုတ်ရှောင်လွှဲသွားမှာ မဟုတ်ပါ။
Rebel Riot မှ ကျော်ကျော်က ကမ္ဘာကြီးကို၊ မြန်မာနိုင်ငံကို၊ နောက်ဆုံး ရန်ကုန်မြို့ကို ပြောင်းလဲဖို့ သူမတတ်နိုင်သော် လည်း အနည်းဆုံး သူ့အနားက လူတွေကိုတော့ သူလွှမ်းမိုးနိုင်သည် ဟုပြောသည်။
“သူတို့က ကျနော်တို့ကို ဖမ်းနိုင်တယ်၊ ဒါမှမဟုတ် အုပ်စုဖွဲ့ပြီး တိုက်ခိုက်ရင်လည်းတိုက်ခိုက် နိုင်တယ်။ ကျနော်တို့ ဂရုမစိုက်ဘူး၊ အဲဒီစိတ်ဓာတ်နဲ့ အသင့်ပြင်ထားတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ထဲမှာရှိတာကိုတော့ ပြောပြချင်ပါတယ်” ဟု ရဲအရာရှိတဦး၏ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကျော်ကျော်က ပြောသည်။
(အေပီသတင်းထောက် Robin McDowell ၏ Punks Break Burma’s Silence on Religious Attacks ကို နိုင်မင်းသွင် ဘာသာပြန်သည်)