လက်ပံတာင်းတောင် ကြေးနီ စီမံကိန်း အတွက် မြေယာလျော်ကြေးယူ၍ ရွှေ့ပြောင်း ပေးခဲ့ရသည့် ရွာသားများအား ဝမ်ပေါင် ကုမ္ပဏီက အလုပ်နေရာများ ခန့်ပေးထားသော်လည်း အလုပ်အကိုင် လိုအပ်မှု ပြဿနာများ ကြုံနေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“အလုပ် နေရာတွေကတော့ ပေးပါတယ်။ ဒါပေမယ့် သူတို့ပြောထားတာက လူအယောက်စေ့ အလုပ်ပေးမယ်လို့ ပြောထားတာ။ တကယ့်တကယ် အလုပ်ရတော့ တအိမ်ကို တယောက်နှုန်းပဲ အလုပ်ရတော့ အခက်အခဲတွေ အများကြီး ဖြစ်တာပေါ့” ဟု ကန်တောရွာမှ ကိုအေးခိုင်က ပြောသည်။
ယခင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မပြုလုပ်ခင်က မိမိတို့အနေဖြင့် တောင်ယာ လုပ်ကိုင်စားသောက်ရာတွင် အဆင်ပြေပြေနှင့် နေထိုင်စားသောက်နိုင်သော်လည်း ယခုစီမံကိန်း အတွက် မြေယာလျော်ကြေး၊ သီးနှံ လျော်ကြေးယူ ပြောင်းရွှေ့ပြီး ဝမ်ပေါင်ကုမ္ပဏီက ပေးထားသည့် အလုပ်အကိုင်ကို လုပ်ရသည့်အခါ မိသားစု စားဝတ်နေရေး အဆင်မပြေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြောင်းရွှေ့ပေးခဲ့ရသည့် ကျေးရွာ ၂၆ ရွာများမှ ရွာသားများအား အလုပ်အကိုင် ခန့်အပ်ရာတွင် ၁၀ ဧက ဆုံးရှုံးသည့် အိမ်ထောင်စုကို အလုပ်အကိုင် တနေရာ၊ ဧက ၂၀ ပိုင်ဆိုင်သည့် အိမ်ထောင်စုကို အလုပ်အကိုင် ၂ နေရာ၊ ဧက ၂၀ နှင့် အထက် ဆုံးရှုံးသည့် အိမ်ထောင်စုများကို အလုပ်အကိုင် ၃ နေရာနှင့် ဘွဲ့ရလူငယ်များကို သီးသန့် အလုပ်တာဝန်များ ပေးသွားမည် ဟု ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်ကြေငြာထားသည်။
“ကျနော်တို့ သူတို့တွေကို အလုပ်ပေးထားပါတယ်။ အခုဆို အလုပ်ပေးထားတဲ့ ရွာသား စုစုပေါင်း ၁၃၀၀ ရှိနေပြီ။ စီမံကိန်း ပြန်စဖြစ်မယ်ဆိုရင် နောက်ထပ် ရွာသားပေါင်း ၁၅၀၀ ကို ထပ်ခန့်ဖို့ စီစဉ်ထားတယ်။ လစာ အနေနဲ့ကတော့ သူတို့ရဲ့ ပညာအရည်အချင်းနဲ့ အလုပ်အကိုင်ပေါ် မူတည်ပြီး ပေးထားပါတယ်”ဟု ဝမ်ပေါင် ကုမ္ပဏီမှ အုပ်ချုပ်ရေး မန်နေဂျာ Dong Yunfei က ပြောသည်။
ထို့အပြင် ဘွဲ့ရလူငယ် အလုပ်သမား ၃၅၀ ဦးခန့် ထပ်မံ ခန့်ထားရေး အတွက် အောက်တိုဘာ ၁ ရက်နေ့တွင် လူတွေ့ စစ်ဆေး၍ ရွေးချယ်သွားမည် ဖြစ်ပြီး ယင်းတို့အား ၆ လ သင်တန်းပေး၍ တလလျှင် အမေရိကန်ဒေါ်လာ ၁၈၀ ပေးမည် ဖြစ်ကြောင်း၊ သင်တန်းတက်နေစဉ်ကာလတွင် တလလျှင် ၁ သိန်းစီ ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုကဲ့သို့ စီမံကိန်းရပ်နားထားသည့် အချိန်တွင်လည်း ရွာသားများ အလုပ်အကိုင်နေရာရရှိစေရန် အုတ်ဖုတ်သည့် လုပ်ငန်းများ ကဲ့သို့သော လုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးထားကြောင်း ၎င်းက ဆိုသည်။
“ရွှေ့ပြောင်းတဲ့ ရွာက လူတွေကို အလုပ်ကိုယ်စီ ပေးမယ်ဆိုပြီး အရင်က ပြောတယ်။ တကယ် လက်တွေ့မှာ တအိမ်ကို တယောက်နှုန်း လောက်ပဲ အလုပ်ခန့်ထားတာ တွေ့ရတယ်။ ရွာသားတွေက သူတို့ဆီမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေ ဖြစ်နေရတယ်။ ကျမတို့ အလုပ်သမားတွေ မဖြစ်ချင်ဘူး။ အရင်ကလို ကိုယ့်စိုက်ခင်း ကိုယ်စိုက်ပြီး၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ချင်လို့ သူတို့ကို မဖယ်ပေးဘူး”ဟု တုံရွာမှ မစန္ဒာက ဧရာဝတီသို့ ပြောသည်။
ယခင်က တောင်ယာစိုက်ပျိုး လုပ်ကိုင်စားသောက်စဉ်က ဝင်ငွေ သင့်တင့်မျှတ စားသောက်နိုင်သော်လည်း ယခု ရွာသစ်သို့ ပြောင်းရွှေ့ပြီး ပေးထားသည့် အလုပ်အကိုင်များ လုပ်ကိုင်စားသောက်ရသည့်အခါ ၁ လလျှင် ပျမ်းမျှအားဖြင့် ၈ သောင်းကျော် ၉ သောင်းခန့်သာ ရရှိသဖြင့် အဆင်မပြေကြောင်း ဝက်မှေးရွာမှ ကိုသာအေးဖေက ပြောသည်။
ဝမ်ပေါင် ကုမ္ပဏီက လက်ပံတောင်းတောင် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံထားကြောင်း၊ ကန်ထရိုက်စာချုပ်သစ်အရ အစိုးရက အမြတ် ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်း ရရှိကြမည် ဖြစ်ကြောင်း ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် စာချုပ်သစ် အရ အကျိုးအမြတ် ခွဲယူရရှိသည့် ယင်းအဖွဲ့အစည်း အားလုံး ရရှိသော တနှစ်တာ အသားတင် အမြတ်၏ ၂ ရာခိုင်နှုန်းကို စီမံကိန်း ဝန်းကျင်ရှိ လူမှုအဖွဲ့အစည်းများ အတွက် ရန်ပုံငွေထူထောင် သုံးစွဲမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ စွမ်းအားပြည့် လည်ပတ်သည်နှင့် တပြိုင်နက် စီမံကိန်း ပိတ်သိမ်းသွားမည့် အစီအစဉ်အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၂ သန်းကို ရန်ပုံငွေ အဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို၂၀၁၁ ခုနှစ် အောက်တိုဘာလက စတင်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံများက ကန့်ကွက် သဖြင့် ၂၀၁၂ ခုနှစ်က ရပ်နားခဲ့ပြီး ယခုလတွင် စီမံကိန်း ပြန်လည် လည်ပတ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။