ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် နိုင်ငံခြားသားများနှင့် ဆက်နွှယ်သော လူမှုရေးအဖွဲ့ (INGO) များကို ဒေသခံ ရခိုင်တိုင်းရင်းသား တချို့က မကျေမနပ် ဖြစ်နေကြောင်း သိရသည်။
ယခုလ ၁၆ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဆက်လက် နေထိုင်ပါက ထိုအဖွဲ့ အစည်းနှင့် အဆောက်အအုံ၏ လုံခြုံရေးကို တာဝန်မယူ ဆိုသည့် အချက် အပါအဝင် မလိုလားကြောင်း ပြသသည့် သတိပေးစာ ကပ်ခြင်းများ ရှိနေကြောင်း စစ်တွေမြို့၌ ပြန်လည်ထူထောင်ရေး ကူညီထောက်ပံ့မှုများ ပေးနေသည့် လူမှုရေး အသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
သတိပေးစာတွင် အချက် ၄ ချက်ပါဝင်ပြီး ယင်းအချက်များမှာ နိုင်ငံခြားသားများနှင့် ဆက်ဆံမှုရှိနေသည့် မည်သည့် NGO မဆို ရပ်ကွက်အတွင်း နေထိုင်ခြင်းမပြုရန်၊ NGO/ INGO များအား အိမ်ငှားခြင်း မပြုရ၊ ငှားပါက ထိုအိမ်နှင့် ထိုအဖွဲ့အစည်း များ၏ လုံခြုံရေးကို တာဝန်မယူ၊ မွတ်စလင်များအား ဆေးဝါး ကူညီပေးနေသူများကို အိမ်ငှားလက်မခံရ၊ အောက်တိုဘာ ၁၆ ရက် နောက်ပိုင်းအထိ ဆက်လက်နေထိုင်ပါက ယင်းအဖွဲ့နှင့် ငှားရမ်းနေထိုင်သော အိမ်၏ လုံခြုံရေးကို တာဝန်မယူ ဟူ၍ ဖြစ်ကြောင်း အမည်မဖော်လိုသည့် လူမှုရေးအသင်းအဖွဲ့ တခုမှ သိရသည်။
“NGO တွေအပေါ်မှာ ဒေသခံတွေရဲ့ အမြင်တွေက အရင်လိုမဟုတ်တော့ဘူး။ လောလောဆယ်တော့ သတိထားနေရတယ်။ ဒါပေမယ့် တခြား INGO တွေထက်စာရင် ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ချိတ်ဆက်ပြီး လုပ်နေတဲ့ ပြည်တွင်း NGO တွေ အပေါ်မှာ ထားတဲ့ သဘောထားကတော့ မဆိုးပါဘူး။ တော်တော်များများက နားလည်ပေးကြတယ်။ ဒါပေမယ့် လူငယ်တွေကတော့ နားမလည်ကြဘူး” ဟု အဆိုပါ ပြည်တွင်း လူမှုရေးအဖွဲ့တခုမှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
ရခိုင်ဒေသသို့ လာရောက်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများသည် ထောက်ပံ့ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် မျှတမှုမရှိဟု ယူဆနေသည့် အတွက် ဒေသမှ ထွက်သွားစေချင် နေကြကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က “NGO တွေအနေနဲ့ ဆင်ဆင်ခြင်ခြင် လုပ်ပေးနိုင်ရင် ဒီပြဿနာက မဖြစ်နိုင်ဘူး။ မျှတမှုရှိတဲ့ တချို့အဖွဲ့တွေ ရှိကြပေမယ့် ဘက်လိုက်တဲ့ NGO တွေ တော်တော်များများ ရှိနေတယ်။ ၉၀ ရာခိုင်နှုန်းလောက်က ရခိုင်တိုင်းရင်းသားတွေ အတွက် လုပ်တာမဟုတ်ကြဘူး။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့တော့ ဒေသခံ လူထုရဲ့ မကျေနပ်ချက်တွေ ပိုများလာကြ တယ်။ AZG ဆိုရင် လုံး၀ လက်မခံနိုင်ကြဘူး ဖြစ်နေတယ်” ဟု ဦးအောင်မြကျော်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် INGO နှင့် UN ဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည့် အတွေ့အကြုံများနှင့် ဒေသခံများ၊ ဒေသအာဏာပိုင်များ ခွင့်မပြုသည့် ဒေသများသို့ လျှို့ဝှက် သွားရောက်ခြင်းများ ရှိနေသဖြင့် လူမှုရေး အသင်းအဖွဲ့များ အပေါ် သံသယ စိတ်များ ရှိနေခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံ သံဃာတော် တပါးက ဧရာဝတီသို့ မိန့်သည်။
ဦးအောင်မြကျော်ကလည်း “INGO တွေနဲ့ ဆုံတဲ့အခါ ကျနော်တို့က နှစ်ဘက်မျှအောင်လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ ပြောတုန်းမှာ ခေါင်းငြိမ့်ပေမယ့် လုပ်ငန်းလည်ပတ်တဲ့ အခါမှာ တဘက်လူမျိုးတွေကို ဦးစားပေးတဲ့ အပိုင်းတွေ ရှိနေတယ်။ သူတို့ကလည်း အလျှော့မပေးချင်ကြဘူး။ လူထုက မွတ်စလင်တွေကို လုံးဝမထောက်ပံ့နဲ့လို့ တဘက်စောင်းနင်း မပြောဘူး။ ဟိုဘက်ဒီဘက် မျှတစေချင်တဲ့ ဆန္ဒရှိကြတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများနှင့်ဆက်စပ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်နေသည့် ဒေသခံ ဝန်ထမ်း ၅ ဦးကို သက်ဆိုင်ရာက ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး ၄ ရက် မြောက်နေ့တွင် နိုင်ငံတော် သမ္မတက ပြန်လည် လွတ်ငြိမ်း ချမ်းသာခွင့် ပြုခဲ့ဖူးသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများတွင် ကုလသမဂ္ဂနှင့် INGO သုံးခုမှ ဝန်ထမ်း ၉ ဦး ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း အစိုးရကလည်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းတို့အနက် ၅ ဦးမှာ အပြစ်မရှိသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန် ၄ ဦးအနက် ၃ ဦးအား ပြစ်ဒဏ် အသီးသီးကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“INGO တွေဟာ ဘယ်ဒေသတွေမှာ ဘာတွေလုပ်မယ်ဆိုတာ လူထုရော၊ အစိုးရပါ သိအောင် ပွင့်ပွင့်လင်းလင်းလုပ်ရင် လက်မခံနိုင်စရာ မရှိပါဘူး။ အခုက နယ်စွန်နယ်ဖျား နေရာတွေကို အစိုးရခွင့်ပြုမထားဘဲ ခိုးသွားတဲ့ INGO တွေရှိနေတယ်။ မနှစ်က ရခိုင်တိုင်းရင်းသားတွေ လိုအပ်နေတာတွေကို တင်ပြပါဆိုလို့ NGO တွေကိုတင်ပြတယ်။ ဒါပေမယ့် NGO တွေက ဘင်္ဂါလီ တွေကိုပဲ ပေးတယ်” ဟု မြောက်ဦးမြို့ လက်ကျွယ်တောင် ကျောင်းတိုက်မှ သံဃာတော် ဦးထေရဝံသက ဧရာဝတီသို့ မိန့်သည်။
ထိုသို့ ဒေသခံများ၏ ကန့်ကွက်မှုများ ရှိနေသဖြင့် တချို့အိမ်ရှင်များက လူမှုရေး အသင်းအဖွဲ့များအား အိမ်ငှားရန် ငြင်းဆန်မှု တချို့လည်း ရှိကြောင်း လူမှုရေးအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများအား ယခုကဲ့သို့ ကန့်ကွက်ခြင်းကို ဒေသခံများ အနေဖြင့် သေချာစွာ စိစစ် ခွဲခြားရန် လိုအပ်ကြောင်း ကျန်းမာရေး ထောက်ပံ့မှုများ ပြုလုပ်လျှက်ရှိသည့် လူမှုရေးအသင်း တခုမှ အသင်းဥက္ကဋ္ဌက ထောက်ပြ ပြောဆိုသည်။
“ဘယ်အဖွဲ့တွေ ဘက်လိုက်တယ်၊ မလိုက်ဘူးဆိုတာ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ သေချာမစိစစ်ဘဲ ဝါးလုံးရှည်နဲ့ ရမ်းရင် ဒေသခံတွေ အတွက် မကောင်းဘူး။ ဥပမာ – ဘင်္ဂါလီရွာမှာ ကူးစက်ရောဂါ တခုဖြစ်ရင် အဲဒီရွာမှာ ရပ်နေမှာမဟုတ်ဘူး။ ရခိုင်ရွာတွေကိုလည်း ပြန့်မယ်၊ ရခိုင်ပြည်နယ်ကို ပြန့်မယ်၊ နောက်ဆုံး နယ်စပ်အထိ ပြန့်သွားရင် တဘက်နယ်စပ်က ဒါ အပြည်ပြည်ဆိုင်ရာ ကိစ္စဖြစ်လာပြီ။ မင်းတို့မနိုင်ဘူး ငါတို့ဝင်လုပ်မှ ရမယ်ဆိုရင် ပိုရှုပ်ကုန်မယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သူကဆက်လက်၍ NGO များ၊ ကျန်းမာရေး ဝန်ထမ်းတွေများတွင် လူမျိုး၊ ဘာသာ မခွဲခြား ဆိုသည့် ကျင့်ဝတ်ရှိကြောင်း၊ စစ်မြေပြင်၌ ရန်သူကို ဒဏ်ရာနှင့် ဖမ်းမိလျှင်လည်း ကျန်းမာရေး ဝန်ထမ်းများ၏ တာဝန်မှာ ဆေးကုသ ပေးရန်သာ ဖြစ်ကြောင်း၊ ပြီးမှသာ ရုံးတင်စစ်ဆေးခြင်း အစရှိသည့် ကိစ္စရပ်များကို လုပ်ဆောင်ခြင်းက တခြားကဏ္ဍ ဖြစ်ကြောင်း၊ ထိုသို့သော ကျင့်ဝတ်များ ရှိသည်ကို ဒေသခံများ နားလည် ပေးစေချင်ကြောင်း ရှင်းပြသည်။
INGO နှင့် NGO များသည် ဒုက္ခသည်စခန်းများမှ ပြည်သူများကို ထောက်ပံ့မှုများ ပြုလုပ်လိုကြရာ၊ ဒုက္ခသည် စခန်းများရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းမှာ ဘင်္ဂါလီများ ဖြစ်နေသဖြင့် ဒေသခံများ၏ မကျေလည်မှုကို ခံကြရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။
ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့များအနက် ကျန်းမာရေး ဝန်ကြီးဋ္ဌာနနှင့် ချိတ်ဆက် လုပ်ကိုင်လျှက်ရှိသည့် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံ သားဖွား ဆရာမများ အသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ကို ဒေသခံများလက်ခံပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။