ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ဆီ သွားတဲ့လမ်းကြောင်းတွေ၊ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရတွေဟာ ဖြစ်စဉ် အသစ်တရပ် မဟုတ်ပေမယ့် မကြာသေးမီ ကာလများအတွင်း အဲဒီလိုနိုင်ငံတွေ ပိုမို တိုးတက်များပြားလာခဲ့တာကို တွေ့ရတယ် (သမိုင်းကိုကြည့်ရင် ၁၉၂၀ ပြည့်လွန်ကာလ ဥရောပ ဗဟိုအရှေ့ပိုင်း ဒေသအချို့နဲ့ ၁၉၄၆ ကနေ ၁၉၅၅ အကြားက ပယ်ရွန်ရဲ့ လက်အောက်က အာဂျင်တီးနား)။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် နိုင်ငံတွေဟာ လမ်းကြောင်း ၃ ခုကနေ ပေါ်ထွက်လာခဲ့တယ်။ ပထမ လမ်းကြောင်းကတော့ တင်းပြည့်ကျပ်ပြည့် အာဏာရှင် နိုင်ငံတွေ ပြိုလဲတာ ဖြစ်တယ်။
အဲဒီနိုင်ငံတွေမှာ နှစ်သမနိ ရှည်ကြာနေတဲ့ အာဏာရှင်နိုင်ငံတွေဟာ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် ပုံစံတကျရှိတဲ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေကို သွတ်သွင်းရတာပဲဖြစ်ဖြစ်၊ ဒါမတိုင်မီက ဟန်ပြသက်သက် ထားခဲ့တဲ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေကို ပိုပြီးတော့ အသက်ဝင် လှုပ်ရှားလာအောင် လုပ်ရတာဖြစ်ဖြစ် လုပ်ဆောင်ရလေ့ ရှိပါတယ်။ ဒါပေမယ့် အတိုက်အခံ လှုပ်ရှားမှုတွေရဲ့ အားနည်းမှုကြောင့် အဲဒီ အသွင်ကူးပြောင်းမှုတွေဟာ ဒီမိုကရေစီ ပိုမိုဆန်မလာခဲ့ဘဲ အနိုင်ရသူတွေဟာ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေကို စိတ်ကြိုက်ခြယ်လှယ်တာ ဒါမှ မဟုတ် သူတို့နဲ့ အဆင်ပြေမယ့် လုပ်နည်းလုပ်ဟန်တွေကိုသာ ရွေးချယ်ကျင့်သုံးတာမျိုး လိမ္မာပါးနပ်စွာနဲ့ လုပ်သွားတတ်ကြပါတယ်။
အဲဒီလိုပုံစံမျိုးကို အာဖရိကတိုက်ငယ်ဒေသ နိုင်ငံတော်တော်များများမှာ တွေ့ခဲ့ရပါတယ်။ အဲဒီဒေသဟာ စီးပွားရေး အကျပ်အတည်းနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် အာဏာကို ချုပ်ကိုင်ထားသူတွေဟာ ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပ ပေးခဲ့ပေမယ့် အများစုကတော့ ဒီမိုကရေစီစနစ် ပိုမို ပီပြင်မလာခဲ့ဘဲ အာဏာကို ကိုင်ထားသူတွေသာလျှင် ဆက်လက် တည်မြဲခဲ့တာကို တွေ့ရပါတယ်။
ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ဆီ သွားတဲ့ ဒုတိယ လမ်းကြောင်းကတော့ အာဏာရှင် အစိုးရတရပ် ပြုတ်ကျပြီး ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင် အစိုးရသစ်တရပ် အစားထိုး ပေါ်ထွက်လာတာပဲ။ အဲဒီလို ဖြစ်ရပ်မျိုးမှာတော့ အနည်းနဲ့အများ ဆိုသလို ရွေးကောက် တင်မြှောက်တဲ့စနစ် တရပ်တော့ အင်အားပျော့စွာနဲ့ ပေါ်ထွက်လာတယ်။ ဒီမိုကရေစီ အစဉ်အလာတွေ မရှိခဲ့တာ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အားပျော့တာ စတာတွေကြောင့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရဟာ အာဏာကို နည်းနည်း စည်းလွတ်ကမ်းလွတ် သုံးစွဲလို့ရပေမယ့်လည်း အဲဒီအစိုးရတွေဟာ သူတို့ရဲ့အုပ်စိုးမှုကို ပိုမို အင်အား တောင့်အောင်လုပ်ဖို့တော့ သူတို့မှာ အစွမ်းအစ မရှိဘူး။ ဒီလမ်းကြောင်းအတိုင်း လျှောက်ခဲ့ကြတာကတော့ အာမေးနီးယား၊ ခရိုအေးရှား၊ ရိုမေးနီးယား၊ ရုရှား၊ ဆားဘီးယား၊ ယူကရိန်းနဲ့ ၁၉၉၄ နောက်ပိုင်း ဟေတီ စတဲ့ ကွန်မြူနစ် နိုင်ငံဟောင်းတွေပဲ ဖြစ်ပါတယ်။
ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ဆီသွားတဲ့ တတိယ လမ်းကြောင်းကတော့ ဒီမိုကရေစီ စနစ်တရပ် ပြိုလဲကျသွားတာပါပဲ။ ဒီဖြစ်ရပ်တွေမှာတော့ ကာလရှည်လျား နက်နက်ရှိုင်းရှိုင်း ဖြစ်တည်လာခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် ပြည်သူ့ဆန္ဒနဲ့အညီ လွတ်လပ်စွာ တင်မြှောက်ထားတဲ့ အစိုးရတွေ ကိုယ်တိုင်ကိုက “ကိုယ့်ဘာသာကိုယ် ပြန်ပြီး အာဏာသိမ်းခြင်း” ဖြင့်ဖြစ်စေ အခွင့်အရေး ချိုးဖောက်မှုတွေကို အသေအချာ ရွေးချယ်ပြီး ပိုပိုဆိုးလာခြင်းဖြင့် ဖြစ်စေ ဒီမိုကရေစီ ကျင့်စဉ်တွေကို ပြန်ပြီး လှိုက်စားသွားမယ့် အခြေအနေမျိုးတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် အစိုးရဟာ အဲဒါကို ပြန်တည့်မတ်ဖို့ စိတ်ဆန္ဒ ဒါမှမဟုတ် လုပ်ရည်ကိုင်ရည် မရှိဘူး။ အဲဒီလိုမျိုး အသွင်ကူးပြောင်းမှုတွေထဲမှာ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလက ပီရူးနဲ့ ယနေ့ခေတ် ဗင်နီဇွဲလားတို့ကို သာဓကပြလို့ ရနိုင်တယ်။
အဲဒီ လောလောလတ်လတ် တိုးတက်ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တွေရဲ့ အကြောင်းရင်းမြစ်က စစ်အေးခေတ် ပြီးပြီးချင်း ကာလမှာ ဒီမိုကရေစီနဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ် နှစ်ခုစလုံးကို ပိုမိုအားကောင်း ခိုင်မာအောင် တည်ဆောက်ခြင်းနဲ့ ပတ်သက်နေတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်ကာလ တကမ္ဘာလုံးမှာ ဒီမိုကရေစီ ရေစီးအား ကောင်းလာတယ် ဆိုပေမယ့် ကမ္ဘာ့နေရာ အများအပြားကို ကြည့်ရင် ဒီမိုကရေစီနိုင်ငံတွေဟာ အခြေတကျ ဖြစ်ဖို့ရော ရေရှည်တည်တံ့ဖို့မှာပါ ခက်ခဲနေခဲ့တာကို တွေ့ရမယ်။
အဲဒီလိုမျိုး အသွင်ကူးပြောင်းမှုတွေဟာ ဆင်းရဲမွဲတေမှု၊ မညီမျှမှု၊ စာမတတ်မြောက်မှုနှုန်းမြင့်တဲ့၊ အားနည်းတဲ့ အစိုးရနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ အင်စတီကျူးရှင်း (ခေါ်) လုပ်နည်းလုပ်ဟန် ကျင့်စဉ်တွေပိုင်းမှာ မတည်ငြိမ်မှုတွေ၊ နိုင်ငံ နယ်နိမိတ်ပိုင်းမှာ ပြဿနာ ရှိနေတာတွေ ရှိတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးမှာ နိုင်ငံတော်က ဆက်လက် အုပ်စီးမှု၊ အားကြီးတဲ့ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တခြား လူမှုလုပ်ဆောင်ချက် နယ်ပယ်တွေ စတာတွေရှိတဲ့ ကွန်မြူနစ် ကမ္ဘာဟောင်းရဲ့ တချို့ အစိတ်အပိုင်းတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ မည်သို့ပင် ဆိုစေကာမူ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အလားအလာဟာ စစ်အေးခေတ်လွန် ကမ္ဘာမှာ သိပ်အားနည်းနေတယ် ဆိုရင်တောင် တင်းပြည့်ကျပ်ပြည့် အာဏာရှင်စနစ်တွေ တည်ဆောက်ရေးနဲ့ တည်တံ့ရေးဟာလည်း အလားတူ အားနည်းတယ်လို့ ဆိုရမယ်။ အဓိက ကတော့ အဲဒီ အပြောင်းအလဲဟာ စစ်အေးခေတ်လွန် နိုင်ငံတကာ ပတ်ဝန်းကျင်ရဲ့ ထွက်ကုန် တခုပဲဖြစ်တယ်။ အနောက်တိုင်း လစ်ဘရယ်ဝါဒရဲ့ အောင်မြင်မှုနဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုတို့ဟာ တခြားသော ရွေးစရာအစိုးရစနစ် ပုံစံတွေအပေါ် အမှတ်လျော့စေခဲ့ပြီး အစွန်အဖျား နိုင်ငံငယ်တွေအနေနဲ့ ပုံစံကျတဲ့ ဒီမိုကရေစီ စနစ်တွေကို ကျင့်သုံးစေဖို့အတွက် အားကြီးတဲ့ မက်လုံးတွေ ဖြစ်လာခဲ့တယ်။ အင်ဒရူးဂျာနို့စ် (Andrew Janos) အဆိုအရ လစ်ဘရယ်ဝါဒကြီးစိုးမှု ကာလတွေဟာ နိုင်ငံတကာမှာ အလေးစားခံလိုတဲ့၊ ဆက်လက်ရှင်သန်လိုတဲ့၊ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေအပေါ်မှာ “အကန့်အသတ် ကွန်ရက်” တခုကို အုပ်ချလိုက်တယ်။
ဒါကြောင့်လည်း ပထမကမ္ဘာစစ် နောက်ပိုင်း ခဏလေးပေါ်လာတဲ့ လစ်ဘရယ်ဝါဒ ကြီးစိုးမှုကာလလေးမှာ ဗဟိုဥရောပက အာဏာရှင်လို့ ပြောလို့ရတဲ့ နိုင်ငံတွေဟာ တစိတ်တပိုင်း လွတ်လပ်တဲ့ သတင်းစာ၊ လွှတ်တော်အတွင်းက အတိုက်အခံ အဖွဲ့ဝင်တွေရဲ့ ပုံမှန် စိစစ်မှုနဲ့ လွတ်လပ်သင့်သလောက် လွတ်လပ်တဲ့ တရားစီရင်ရေး စတာတွေကို လိုက်လျောခွင့်ပြုဖို့
ဖိအားတွေ ရလာခဲ့တယ်။ ဒါပေမယ့် အနောက်တိုင်း လစ်ဘရယ်နိုင်ငံတွေဟာ တန်ပြန်လွှမ်းမိုးဖို့ အားထုတ်တဲ့ အာဏာရှင် အင်အားကြီး နိုင်ငံတွေရဲ့ စိန်ခေါ်မှုကိုခံရတဲ့အခါ ခုနကပြောခဲ့တဲ့ “အကန့်အသတ် ကွန်ရက်တွေ” ဟာ ပျောက်ကွယ် သွားတော့တာပဲ။
တန်ပြန်လွှမ်းမိုးဖို့ အားထုတ်တဲ့ အာဏာရှင် အင်အားကြီး နိုင်ငံတွေဟာ တရားဝင် အသိအမှတ်ပြုခံရဖို့၊ စစ်ရေးနဲ့ စီးပွားရေး အကူအညီတွေ ရဖို့အတွက် တခြားသော ရွေးစရာလည်းဖြစ်ပြီး ဒါက အုပ်ချုပ်နေတဲ့ အထက်ပိုင်း လူတန်းစားကို ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက် ကျင့်သုံးစေမယ့် မက်လုံးတွေကိုလည်း အားပျော့သွားစေပါတယ်။ ဒါကြောင့်လည်း နာဇီဂျာမနီနဲ့ ဆိုဗီယက် ရုရှားတို့ ဒေသတွင်း အင်အားကြီးများအဖြစ် ပေါ်ထွန်းလာမှုဟာ ၁၉၃၀ ကာလအတွင်း ဗဟို ဥရောပမှာ စပ်ကျားနိုင်ငံရေးစနစ်တွေ ပြိုလဲသွားစေတဲ့ တချက်ဖြစ်သလို ဆိုဗီယက်ပြည်ထောင်စုရဲ့ အင်အား တောင့်တင်းမှုကြောင့်လည်း စစ်အေးခေတ်ကာလ တလျှောက် တတိယကမ္ဘာမှာ လီနင်ဆန်တဲ့ တသွေး၊ တသံ၊ တမိန့် အုပ်ချုပ်ရေးတွေ ပေါ်ထွန်းလာအောင် ထောက်ကူပေးခဲ့တဲ့ အချက်လည်းဖြစ်တယ်။ အနောက်တိုင်း အင်အားကြီး အုပ်စုဟာ သူတို့ရဲ့ လွှမ်းမိုးကြီးစိုးမှုကို စိန်ခေါ်မှုနဲ့ ကြုံတဲ့အခါမှာတော့ သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ သူတို့အကြား ကြားခံ အဖြစ်နေပေးနိုင်မယ့် အော်တိုကရေစီ (ခေါ်) လူတဦး ဒါမှမဟုတ် လူတဖွဲ့တည်းက ကြီးစိုးအုပ်ချုပ်တဲ့ စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေကို ပိုပြီး လက်ခံပေးတဲ့သဘောမှာ ရှိတယ်။
၁၉၉၀ ပြည့်လွန်နှစ်ကာလဟာ ၁၉၂၀ တုန်းက အနောက်တိုင်း လစ်ဘရယ်အုပ်စုရဲ့ လွှမ်းမိုးကြီးစိုးမှုနဲ့တူတဲ့ အလားတူ ကာလတခုလို့ မှတ်ချက်ပြုရပေမယ့် ဒီတကြိမ်က ပိုပြီးကျယ်ပြန့်တယ်လို့ ဆိုရမယ်။ သူတို့ရဲ့ နိုင်ငံတကာမှာ သြဇာ သက်ရောက်မှုဟာ ပုံစံ အမျိုးမျိုးနဲ့ရှိရာမှာ ဆန္ဒပြမှုတွေရဲ့ဂယက်၊ စည်းမျဉ်းကန့်သတ်မှုထားတာ (ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရေးမှာလို)၊ နိုင်ငံချင်း တိုက်ရိုက်ဖိအားပေးတာ (အဲဒီမှာ ဒဏ်ခတ်ပိတ်ဆို့မှု၊ ကန့်လန့်ကာ နောက်ကွယ်ကနေ သံတမန်ရေးနဲ့ လုပ်တာ၊ စစ်ရေးအရ ဝင်ရောက်ဖြေရှင်းတာတွေ ပါတယ်)၊ နိုင်ငံဖြတ်ကျော်ပြီး ပေါက်ရောက်တဲ့ ဇာတ်ကောင်တွေနဲ့ အဖွဲ့အစည်းတွေ စတာတွေပါဝင်တယ်။ ဒီ အခင်းအကျင်းသစ်ကို ကြည့်ရင် ကွန်မြူနစ်လက်ဟောင်းနဲ့ တတိယကမ္ဘာ ထိပ်ထိပ်ကြဲတွေက လစ်ဘရယ် ဒီမိုကရေစီကို အရင်က မကြုံဖူးတဲ့ အတိုင်းအတာနဲ့ နှစ်သက် လက်ခံတယ်ဆိုတာ တေ့ွရပါတယ်။ ဒါထက်ပိုပြီး အရေးကြီးနိုင်တာတခုက စစ်ရေးနဲ့ စီးပွားရေး အကူအညီရနိုင်စရာ တခြား အကြောင်းရင်းခံ မရှိတာကလည်း အနောက်တိုင်းအစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ သင့်မြတ်အောင် နေရေးရဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြသလိုလည်း ဖြစ်တယ်။
နိုင်ငံတကာရဲ့ ဖိအားဆိုတာရဲ့ အကျိုးသက်ရောက်မှုဟာ ဒေသကိုလိုက်လို့ အမျိုးမျိုး ကွဲလွဲနိုင်ပေမယ့်လည်း ပိုဆင်းရဲပြီး ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံအစိုးရတွေ အတွက် ဒီမိုကရေစီလမ်းစဉ်ကို လိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ အာဏာရှင် လုပ်ထုံးလုပ်နည်းတွေကို ဖက်တွယ်ထားခြင်းရဲ့ ဖြစ်လာနိုင်စရာ ရလဒ်တွေဟာ ၁၉၉၀ ပြည့်ကာလတွေမှာ သတိပြုမိလောက်အောင်ကို မြင့်တက်လာခဲ့ပါတယ်။
ပေါ်ထွန်းစ အော်တိုကရက်နဲ့ အလားအလာရှိတဲ့ အော်တိုကရက် အလောင်းလျာတွေဟာလည်း အာဏာရှင်စနစ်ကို ခိုင်မာအောင်ပြုပေးမယ့် အရာတွေရဲ့ ဆန့်ကျင်တားဆီးမှုတွေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်ခဲ့ရပါတယ်။ လုံးဝ တံခါးပိတ်ထားတဲ့ စနစ်တရပ်ကို ခိုင်မာအောင် လုပ်ဖို့ရာမှာ အာဏာကို ချုပ်ကိုင်ထားတဲ့ ထိပ်ပိုင်းအလွှာအနေနဲ့ သူတို့အာဏာကို ထိပါးလာနိုင်မယ့် အဓိကကျတဲ့ ရင်းမြစ်တွေကို ဖယ်ရှားရာမှာ စနစ်တကျ နှိပ်ကွပ်ခြင်းဖြင့်ဖြစ်စေ၊ အတိုက်အခံ ဖြစ်လာဖွယ် ရှိသူတွေကို ကိုယ့်ဘက်ပါအောင် လုပ်ထားခြင်းဖြင့် ဖြစ်စေ လုပ်ဆောင်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ထိပ်ပိုင်းအလွှာအတွင်း ညီညွတ်ဖို့လိုသလို အနိမ့်ဆုံး ပမာဏအထိ ထိရောက်ပြီး ငွေရေးကြေးရေးအရ တောင့်တင်းတဲ့ နိုင်ငံတော် လက်နက်ကိရိယာတွေ လိုအပ်ပါတယ်။
ဒီနေရာမှာ ရင်းမြစ်ရှားပါးမှုကလည်း တချိန်က အာဏာရှင်ဖွဲ့စည်းပုံ ယန္တယားတွေကို စုစည်း တုပ်နှောင်ပေးခဲ့တဲ့ အစောင့်အရှောက် ကွန်ရက်တွေကို ရေရှည်တည်တံ့အောင် လုပ်ဖို့အတွက် ခက်ခဲစေတဲ့အချက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖိနှိပ်ဖို့အတွက် တည်ဆောက်ထားတဲ့ လက်ရုံးတွေအပေါ် အထက်အောက်အမိန့်နဲ့ ထိန်းချုပ်ဖို့ မသေချာခြင်းနဲ့အတူ ပြည်တွင်းစစ်ရဲ့ အလားအလာကလည်း မြင့်တက်နေပြီး အာဏာရှင် အုပ်ချုပ်မှုကို ခိုင်မာစေဖို့ရာလည်း ပိုမိုခက်ခဲစေပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ကွန်မြူနစ် ခေတ်လွန် နိုင်ငံအများအပြားမှာ အစုအဖွဲ့ အမျိုးမျိုးအကြား နိုင်ငံတော်နဲ့ စီးပွားရေးအရင်းအမြစ် အမျိုးမျိုးအပေါ် ထိန်းချုပ်မှုတွေ ပြန့်ကြဲသွားခြင်းကြောင့် ဘယ်တဦးတယောက်သော ခေါင်းဆောင်ကိုမှ အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်စေဖို့ မလွယ်ကူစေခဲ့ဘဲ ပဒေသာသဘောမျိုးဆန်တဲ့ စနစ်သာ နောက်ဆုံး ပေါ်ထွက်လာတဲ့ သဘောရှိတယ်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အစိုးရ အတော်များများဟာ ပြည်တွင်းပြည်ပ ဖိအားတွေကို ကျော်လွှားနိုင်ခဲ့ပြီး အာဏာရှင်နိုင်ငံများအဖြစ် ရပ်တည်နိုင်ခဲ့ကြတယ်။ တချို့ဟာ နိုင်ငံတကာစနစ်ရဲ့ လိုက်လျောခွင့်ပြုမှုတွေကနေ အကျိုးရှိခဲ့ကြတယ်။ အဓိကကတော့ အနောက်အုပ်စုရဲ့ နိုင်ငံခြားရေးမူဝါဒ အစီအစဉ်မှာ ဒီမိုကရေစီကို အားပေးဖို့ထက် စီးပွားရေးနဲ့ လုံခြုံရေးကိစ္စတွေကို ပိုဦးစားပေးခဲ့ကြလို့ပဲ ဖြစ်တယ်။ တချို့ကတော့ ရေနံလိုမျိုး တန်ဖိုးရှိတဲ့ ထွက်ကုန်တွေကရတဲ့ ဝင်ငွေအပေါ် ထိန်းချုပ်မှုကြောင့်ဖြစ်ပြီး အဲဒါကြောင့် မိမိဖာသာ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်မယ့် အရပ်ဘက် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဟာ နှေးကွေးရပြီး အုပ်ချုပ်သူတွေ အနေနဲ့လည်း မိမိတို့ရဲ့ အတိုက်အခံတွေကို ကိုယ့်ဘက်ပါအောင် လုပ်နိုင်ခဲ့ပါတယ်။ တချို့သောနိုင်ငံတွေ (ဥပမာ – အာရှတိုက် အလယ်ပိုင်း) ကတော့ အရိုက်အရာကို ဆက်ခံမှုလိုမျိုး ဓလေ့ကို ပံ့ပိုးပေးခဲ့တဲ့ အစဉ်အလာလို ဖြစ်နေတဲ့ ထိပ်တန်းလွှာ ကွန်ရက်တွေကနေ အကျိုးကျေးဇူး ခံစားခဲ့ရတာ ဖြစ်တယ်။
ဒါပေမယ့်လည်း ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အာဖရိက၊ လက်တင်အမေရိကနဲ့ ကွန်မြူနစ်ဟောင်း ယူရေးရှားဒေသ အနှံ့အပြားမှာတော့ ပေါ်ထွန်းစနဲ့ အလားအလာရှိတဲ့ အော်တိုကရက်တွေမှာ အပေါ်ကလိုမျိုး အလေးသာမှုတွေ မရှိခဲ့ဘူး။ နိုင်ငံတကာရဲ့ဖိအား၊ အစိုးရရဲ့ အားနည်းချက်နဲ့ ထိပ်တန်းအလွှာရဲ့ အစိတ်စိတ်အမြွှာမြွှာဖြစ်မှု စတဲ့ အစုအပေါင်းတွေကြောင့် အာဏာရထားသူတွေ အနေနဲ့ အတိုက်အခံတွေကို နှိပ်ကွပ်တာ ဒါမှမဟုတ် ကိုယ့်လူဖြစ်အောင် လုပ်တာတွေအတွက် အရင်းအနှီး ကြီးတယ်ဆိုတာ သွားတွေ့တယ်။ ဒါရဲ့ရလဒ်က အချို့သော အော်တိုကရက်တစ် ခေါင်းဆောင်တွေတောင်မှ သူတို့အာဏာအပေါ် ယှဉ်တုဖက်ပြိုင်တဲ့ အရေးကြီး နယ်ပယ်တွေကို မဖယ်ရှားပစ်နိုင်ခဲ့ပါဘူး။ အာဏာရှင်စနစ်ရဲ့ အားနည်းချက်တွေမှာ အကြောင်းရင်းက အမျိုးမျိုးရှိတယ်။
အယ်လ်ဘေးနီးယားနဲ့ ဟေတီတို့မှာဆိုရင် သူတို့တတွေ တင်းပြည့်ကျပ်ပြည့် အာဏာရှင်နိုင်ငံတွေ ဖြစ်မလာတာဟာ နိုင်ငံတကာကြောင့်ပဲလို့ ပြောရင် ရနိုင်တယ်။ အာဖရိကကိုကြည့်ရင် စစ်အေးခေတ်ရဲ့ ကျောထောက်နောက်ခံပြုမှုရဲ့ အဆုံးကြောင့် ဖြစ်လာတဲ့ ရင်းမြစ်တွေ ရှားပါးလာမှုနဲ့ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းတွေရဲ့ ကန့်သတ်ချက် စည်းမျဉ်းတွေကြောင့် တချို့သော အစိုးရတွေဟာ အားနည်းတဲ့ အတိုက်အခံတွေကိုတောင်မှ နှိပ်ကွပ်တာ၊ ဒါမှမဟုတ် ကိုယ့်လူဖြစ်အောင် လုပ်နိုင်ရလောက်အောင် အင်အားမတောင့်ခဲ့ဘူး။ ဆိုဗီယက်ခေတ်လွန် နိုင်ငံတွေဖြစ်တဲ့ မော်လ်ဒိုဗာ၊ ရုရှားနဲ့ ယူကရိန်းတို့မှာတော့ နိုင်ငံရေးနဲ့ စီးပွားရေးရင်းမြစ်တွေအပေါ် ထိန်းချုပ်မှုမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်မှုတွေက အရပ်ဘက် လူ့အဖွဲ့အစည်း အားပျော့တဲ့ နေရာတွေမှာတောင် နိုင်ငံရေးအရ အားပြိုင်မှုတွေကို မွေးထုတ်ပေးခဲ့တယ်။ ဖြစ်ရပ်တွေ အားလုံးမှာ တူညီတယ်လို့ ပြောလို့ရလောက်တဲ့ အချက်ကတော့ ပဒေသာစနစ်နဲ့ ဒီမိုကရေစီနည်းကျ ဝင်ရောက် ယှဉ်ပြိုင်မှုတွေဟာ ထိပ်တန်းလွှာလူတန်းစားရဲ့ အလိုရှိမှုကြောင့် ဆိုတာထက် ထိပ်တန်းလွှာဟာ သူတို့ကို မဖယ်ရှားနိုင်လို့ပဲ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်များမှာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ဟာ ပေါ်ထွန်းဖို့ အလားအလာ အကောင်းဆုံးပါပဲ။ ဒီမိုကရေစီ ဖြစ်ဖို့ပဲဖြစ်ဖြစ် အာဏာရှင်ဖြစ်ဖို့ပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အင်အားတောင့်တင်းမှုတွေ ဖြစ်လာဖို့ရာ အခြေအနေ မပေးခဲ့ဘူး။ ဒါပေမယ့် တခုမှတ်ရမှာက အဲဒီ အခြေအနေတွေဟာ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်ဖြစ်လာဖို့ မရှိမဖြစ် လိုအပ်တာမျိုး တော့လည်း မဟုတ်ဘူး။
တချို့သော ဖြစ်စဉ်ဖြစ်ရပ်တွေ ဥပမာ အယ်လ်ဆာဗေးဒိုး၊ မာလီ၊ မွန်ဂိုလီးယားတို့မှာ ခုနကပြောတဲ့ အခြေအနေမပေးတဲ့ အကြောင်းရင်းခံတွေ ရှိတဲ့ကြားက ဒီမိုကရေစီစနစ် ပွင့်ထွန်းရှင်သန်ခဲ့တယ်။ တခြားသော ဖြစ်ရပ်တွေမှာတော့ အာဏာရှင်စနစ်ရဲ့ ချို့ယွင်းမှုနောက်မှာ တိုင်းပြည်ပြိုလဲပြီး ပြည်တွင်းစစ်တွေ ပေါ်ပေါက်ခဲ့တယ်။ လိုက်ဘေးရီးယား၊ ဆီယာရာလီယွန်နဲ့ ဆိုမာလီယာစတဲ့ နိုင်ငံတွေမှာလိုပါ။
ဒီမိုကရေစီမဟုတ်သည့် နိုင်ငံများနှင့်ပတ်သက်၍ အယူအဆတရပ် ရှာခြင်း
သောမတ် ကာရိုးသားရဲ့ တိုက်တွန်းမှုဖြစ်တဲ့ “အကူးအပြောင်းအပေါ် ပုံသေယူမှု” ကိုကျော်ပြီး စဉ်းစားကြဖို့ဆိုတဲ့ စကားနဲ့ပဲ ကျနော်တို့ နိဂုံးချုပ်ချင်ပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ ပတ်သက်ပြီး စောစောစီးစီး မျှော်လင့်ကြတာဟာ အကောင်းမြင်လွန်းနေတယ်ဆိုတာ ခုဆိုရှင်းလောက်ပါပြီ။ အာဏာရှင်နိုင်ငံ အတော်များများဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး “တတိယလှိုင်း” ကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ တချို့သော နိုင်ငံတွေမှာ အာဏာရှင်စနစ်တရပ် ပြိုလဲပြီးနောက်မှာ ဒီမိုကရေစီစနစ် ပေါ်ထွန်းမလာဘဲ နောက်ထပ် အာဏာရှင်စနစ်တရပ်သာ ပေါ်ထွန်းလာခဲ့တာကို တွေ့ရပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ဆယ်စုနှစ်တခု အကြာမှာတော့ ကမ္ဘာပေါ်က လွတ်လပ်ပြီးနိုင်ငံတွေရဲ့ အများစုဟာ ဒီမိုကရေစီ မဟုတ်သေးပါဘူး။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုနဲ့ ပတ်သက်လို့ စေ့ဆော်တဲ့အကြောင်းတွေ၊ အကျိုးဆက်တွေ၊ အသစ်ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒီမိုကရေစီထောက်တိုင်များ တောင့်တင်းခိုင်မာရေး စတာတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု လေ့လာရေးသားထားကြပေမယ့် ဒီမိုကရေစီမဟုတ်တဲ့ အစိုးရစနစ်တွေ ပေါ်ထွန်းလာတာ ဒါမှမဟုတ် သူတို့ ဆက်လက်ရပ်တည်နေတာနဲ့ ပတ်သက်တဲ့ သုတေသနပြုမှုတွေတော့ အတော်ကို နည်းပါးပါသေးတယ်။
စစ်အေးခေတ်လွန် အနောက်တိုင်း လစ်ဘရယ်ဝါဒ ကြီးစိုးလာမှု၊ ကမ္ဘာ့စီးပွားရေး ကဏ္ဍပြောင်းလဲမှု၊ မီဒီယာနဲ့ ဆက်သွယ်ရေး နည်းပညာတွေ ဖံွ့ဖြိုးတိုးတက်လာမှုနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အားပေးအားမြှောက် ပြုမှုကို ရည်ရွယ်တဲ့ နိုင်ငံတကာ ကွန်ရက်တွေ များပြားလာမှုတွေဟာ အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေ ရင်ဆိုင်ရတဲ့ အခွင့်အလမ်းတွေနဲ့ အခက်အခဲတွေကို ပြန်လည် ပုံဖော်ပေးနေတဲ့ အချက်တွေလို့ ဆိုရမှာပါ။ ရလဒ်အနေနဲ့ကတော့ အာဏာရှင်စနစ် ပုံစံအချို့ဖြစ်တဲ့ အလုံးစုံချုပ်ကိုင်တဲ့ အာဏာရှင်စနစ်၊ ဗျူရိုကရေစီ အာဏာရှင်စနစ် စတာတွေဟာ ဆက်လက်ရပ်တည်ဖို့ ပိုမိုခက်ခဲလာတာပါပဲ။ တချိန်တည်းမှာပဲ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ယဥှ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ် အပါအဝင် ဒီမိုကရေစီ မဟုတ်တဲ့ အစိုးရစနစ် ပုံစံအသစ် (ဒါမှမဟုတ် တချို့တဝက်သစ်) တွေဟာ အရေးပါ အရာရောက်လာတာပဲ။ တခြားသော ဒီမိုကရေစီမဟုတ်တဲ့ ပုံစံသစ်အမျိုး အစားဝင်တွေလည်းပဲ အရေးပါလာတယ်။ အဲဒီအထဲမှာ တခြားသော စပ်ကျားအုပ်ချုပ်ပုံ စနစ်တွေဖြစ်တဲ့ ကွန်မြူနစ်ခေတ်လွန် အရိုက်အရာ ဆက်ခံတဲ့ အာဏာရှင် စနစ်နဲ့ ဟန်မပျက်ဆက်သွားနေတဲ့ လဲပြိုနိုင်ငံတွေ (ခေးအော့ဆိုကရေစီ) ပါဝင်တယ်။ ဒီမိုကရေစီမဟုတ်တဲ့ စနစ်တွေ ပေါ်ထွက်လာမှုနဲ့ ပတ်သက်ပြီး သုတေသနပြုမှုဟာ တခြားရွေးချယ်စရာ နိုင်ငံရေးစနစ်သစ် အားလုံး (လိုချင်တာဆွဲ မျှော်လင့်တာ မဟုတ်ဘဲ) အကြောင်း ပိုပြည့်ပြည့်စုံစုံ နားလည်အောင် လုပ်ရာမှာ အရေးကြီးပါတယ်။ စစ်အေး ခေတ်လွန် အကူးအပြောင်း နိုင်ငံတွေအတွက် အဲဒီစနစ်တွေ အားလုံးကို လမ်းဖွင့်ပေးထားပါတယ်။
(စတီဗင် လီဗစ်စကီး (Steven Levitsky) သည် ဟားဗတ်တက္ကသိုလ်ရှိ အစိုးရနှင့် လူမှုရေးလေ့လာမှု ပညာဌာနမှ ပါမောက္ခဖြစ်သည်။ သူ၏ Transforming Labor-based Parties in Latin America စာအုပ် နှင့် လူကန်၊ အေ၊ ဝေးနှင့် ပူးတွဲရေသားခဲ့သော Competitive Authoritarianism: Hybrid Regimes after the Cold War စာအုပ်တို့ကို ကိန်းဘရစ်ဂျ် တက္ကသိုလ်မှ ထုတ်ဝေခဲ့သည်။ လူကန်၊ အေ၊ ဝေး (Lucan A. Way) သည် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဖြစ်ပြီး Journal of Democracy ၏ အယ်ဒီတာ ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။)