Politics

ရဲတပ်ဖွဲ့ အဆင့်မြှင့်ရေး တရုတ်နှင့် ပူးပေါင်း လုပ်ဆောင်မည်

This article has been converted from Zawgyi One to Unicode

လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ အဆင့်မြင့် အားကောင်းစေရန် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားကြရေး မြန်မာနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ သဘောတူညီချက် ရရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ ဘေကျင်းမြို့သို့ အလည်အပတ် ခရီးရောက်နေသော ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုနှင့် တရုတ် နိုင်ငံတော် ကောင်စီဝင် Guo Shengkun တို့သည် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံပြီး ထိုကဲ့သို့ သဘောတူခြင်း ဖြစ်ကြောင်း တရုတ် အစိုးရ၏ ဆင်ဝှာသတင်းတပုဒ်က ဆိုသည်။

တွေ့ဆုံရာတွင် အဆင့်မြင့်ပုဂ္ဂိုလ်များ အလည်အပတ် ခရီးစဉ်ကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ဆန့်ကျင်ရေး ကိစ္စ၊ မူးယစ် ဆေးဆိုင်ရာ ရာဇဝတ်မှု တိုက်ဖျက်ရေးကိစ္စ၊ ၂ နိုင်ငံ ရာဇဝတ်မှု တိုက်ဖျက်ရေးနှင့် မဲခေါင်မြစ်အတွင်း ခရီးသွားများ လုံခြုံ စိတ်ချမှုရှိရေး ကဏ္ဍများတွင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးကို တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးလည်းဖြစ်သူ မစ္စတာ Guo က ပြောသည်။

တရုတ်အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူ့ဘ၀ အသက်အိုးအိမ်စည်း စိမ်လုံခြုံရေးတို့ အတွက် အထက်ပါကိစ္စများသည် အရေးပါကြောင်း မစ္စတာ Guo က ဆိုသည်။

ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၏ ယခု တရုတ်ပြည်သွားရောက်သည့် သတင်းကို နိုင်ငံပိုင် သတင်း မီဒီယာများက ကျယ်ကျယ်ပြန့်ပြန် ရေးသားဖော်ပြခဲ့ခြင်း မရှိသည်မှာ ထူးခြားကြောင်း၊ တရုတ်နိုင်ငံမှ နည်းပညာအဆင့်မြင့် စစ်လက်နက်နှင့် တခြား လုံခြုံရေးဆိုင်ရာ ဆက်စပ် နည်းပညာနှင့် ပစ္စည်းများ အကူအညီ ရရေး သွားရောက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခေါင်းဆောင်များ လာရောက်ခြင်း၊ အစည်းအဝေးများ၊ ညီလာခံများ ကျင်းပရေးတို့တွင် တရုတ်နိုင်ငံက နည်းပညာနှင့် တခြား လုံခြုံရေးဆိုင်ရာများ ကူညီပေးနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ေဋ္ဌးက ဧရာဝတီသို့ ပြောခဲ့သည်။

နှစ်ပေါင်း ၄၄ နှစ်ကြာပြီးနောက် လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) လုံခြုံရေးအတွက် ရဲအင်အား ၂ သောင်းခွဲ ချထားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ICG ကလည်း မြန်မာရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အင်အားနည်းခြင်း၊ နည်းပညာမကျွမ်းကျင်မှု၊ လုံလောက်သည့် လက်နက်ခဲယမ်းမပြည့်စုံမှု စသည့် အဘက်ဘက်က လိုအပ်မှုများ ရှိနေကြောင်း လွန်ခဲ့သည့် လပိုင်းက ၎င်းတို့၏ ကြေညာချက်တွင် ထောက်ပြ ထားသည်။

ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေး ကူညီပေးမည်ဖြစ်ကြောင်း ဥရောပ ကော်မရှင် မင်းကြီး မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုက ဒေါ်အောင်ဆန်းစုကြည်၏ တတိယမြောက် ဥရောပခရီးစဉ်တွင် ပြောကြားသည်။

ယခုအခါ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား မြန်မာ ကျပ်ငွေ ၆ ဘီလီယံတန်ဖိုးရှိ အဆင့်မြင့် လက်နက်များ တပ်ဆင်ရန်ရှိသည်ဟုလည်း သိရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တခြားနိုင်ငံများက မြန်မာနိုင်ငံအား စစ်လက်နက်ပစ္စည်း ရောင်းချရန် ပိတ်ဆို့ထားမှုနှင့် အခြားသော အကြောင်းများကြောင့် တရုတ်-မြန်မာ အစိုးရတို့ကြား စစ်ရေး ဆက်ဆံမှု အလွန်များခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ လက်ဆောင် အပါအဝင် တပတ်ရစ်နှင့် ဈေးနှုန်းသက်သာသည့် စစ်လက်နက်ပစ္စည်း အမြောက်အများကို မြန်မာသို့ ရောင်းချခဲ့ကြောင်း တရုတ်နယ်စပ် အခြေစိုက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း မြစ်ဆုံ စီမံကိန်းကိစ္စဖြစ်ပြီးနောက် ဆက်ဆံရေး အေးစက် လာခဲ့သည်။

ထို့နောက်ပိုင်း သမ္မတ ဦးသိန်းစိန်၏ တရုတ်ပြည် ချစ်ကြည်ရေးခရီးနှင့် တရုတ်ခေါင်းဆောင်များ၏ နေပြည်တော် ခရီးစဉ်များတွင် မြန်မာ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်ရေးအပြင် စစ်တပ်ချင်း ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေးမျက်နှာစာ ဖွင့်ရန်အထိပါ သဘောတူခဲ့ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အောက်တိုဘာလ တရုတ်နိုင်ငံ ခရီးစဉ်တွင် တရုတ်သမ္မတ အပါအဝင် အစိုးရနှင့် တပ်ဘက်ထိပ်တန်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှိကျင့်ဖျင်တို့ တွေ့ဆုံကြရာတွင် ၂ နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား အတွက်သာမက ပြောင်းလဲလာသည့် ကမ္ဘာ့အခင်းအကျင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့ အတွက်ပါ အကျိုး ဖြစ်ထွန်းစေရေး၊ မြန်မာ- တရုတ် ၂ နိုင်ငံကြား ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ဆက်ဆံရေး အဆင့်အထိ တိုးမြှင့် ဆက်ဆံသွားရေးတို့ကိုလည်း တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

ထို့အပြင် တရုတ် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သည့် သမ္မတ ရှိကျင့်ဖျင်က မြန်မာ-တရုတ် ၂ နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်သွားရေးနှင့် တရုတ်-မြန်မာ စစ်တပ်ချင်း ဆက်ဆံရေးကိုလည်း တိုးမြှင့် သွားမည်ဖြစ်ကြောင်း သဘောတူကြသည်။

ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို၏ တရုတ်နိုင်ငံ ခရီးစဉ်ကို မည်သည့်နေ့တွင် အဆုံးသတ်မည်ဆိုသည်ကိုမူ မသိရသေးပေ။

မြန်မာနိုင်ငံမှ ရဲအရာရှိတချို့လည်း တရုတ်နိုင်ငံ လုံခြုံရေးဆိုင်ရာ အကယ်ဒမီကျောင်းများတွင် ပညာသင်ကြားနေကြသည်။

Loading