ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပဋိပက္ခများနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) သံတွဲမြို့နယ် ဥက္ကဌ ဦးစောလှိုင်(ခ) ဦးမောင်ပုနှင့် ၁၁ ဦးသည် ယမန်နေ့က ငါးကြိမ်မြောက် ရုံးချိန်း၌ အာမခံရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခံခဲ့ရသော ဦးမောင်ပုတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆၊ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇ အမှုများဖြင့် ပထမဆုံး စွဲချက်တင်ခဲ့သော်လည်း အမှုမမြောက်သည့် အတွက် စွဲဆိုထားသော အမှုများကို ပယ်ချခဲ့သည်။
သို့သော် လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ)၊ သံတွဲ ရဲစခန်းဝင်းထဲက ရဲတပ်ဖွဲ့ဝင်များကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၁၈၆ တို့နှင့် ပြောင်းလဲ၍ စွဲဆိုခြင်းခံခဲ့ရသည်။ ယင်း အမှုများဖြင့် ယခု အာမခံရရှိခဲ့ကြောင်း လိုက်ပါ ဆောင်ရွက်ပေးနေသည့် ပြည်နယ် တရားလွှတ်တော် ရှေ့နေ ဦးတင်ညိုက ပြောသည်။
“ပထမတုန်းက စွဲထားတဲ့ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၂၇ တို့က အမှုမမြောက်လို့ဆိုပြီး တလလောက်ကြာတော့ လက်ရှိစွဲခံထားရတဲ့ ပုဒ်မနှစ်ခုနဲ့ သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ရဲစခန်းမှူးတို့က တရားလိုလုပ်ပြီး ပြောင်းလဲတရားစွဲခဲ့တာပါ။ ကျနော့်အမြင်ပြောရရင် အမှုမမြောက် ရင် လွှတ်ပေးရမှာပေါ့”ဟု ရှေ့နေ ဦးတင်ညို က ပြောသည်။
ဦးမောင်ပုနှင့် ၁၁ ဦးသည် ယမန်နေ့ရုံးချိန်း၌ ၅၀၅(ဂ)၊ ၁၈၆ အမှုနှစ်ခုဖြင့် အာမခံရရှိသော်လည်း ၁၁ ဦးထဲမှ နှစ်ဦးဖြစ်သည့် ကျန်းမာ ရေးမှူး ဦးသိန်းဝင်းနှင့် ကိုမြင့်မိုးတို့မှာ ပုဂ္ဂိုလ်ရေး အမှုတွဲများကြောင့် အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးကြောင်းလည်း ရှေ့နေ က ပြောသည်။
RNDP သံတွဲမြို့နယ် ဥက္ကဌ ဦးမောင်ပုကို ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစရာများ ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရစဉ်အတွင်း သံတွဲအကျဉ်းထောင်နှင့် ကျောက်ဖြူအကျဉ်းထောင်များကို ပို့ဆောင်ခံခဲ့ရကြောင်း၊ နေပြည်တော် ရဲတပ်ဖွဲ့ဝင် များ၏ ညစဉ် စစ်ဆေးမှုများကိုလည်း ခံခဲ့ရကြောင်း အာမခံနှင့် ပြန်လည် လွတ်မြောက်လာသည့် ဦးမောင်ပုက ပြောပြသည်။
“အောက်တိုဘာလ ၁၂ ရက်က လာခေါ်တယ်။ မီးရှို့မှုနဲ့ တရားစွဲခံရတယ်လို့ ကြားရတယ်။ အချုပ်ထဲရောက်မှ ပြန်ကြားရတာက အဖမ်းခံရပြီးနောက်နေ့မှ အိမ်တွေမီးရှို့ခံရတာလို့ သိရတယ်။ သံတွဲမှာ အဖမ်းခံရပြီးတော့ ကျောက်ဖြူထောင်ကို ပို့တယ်။ အဲဒီမှာ ငါးရက်လောက် တိုက်ပိတ်ခံရတယ်။ စစ်ဆေးရေးကတော့ ညတိုင်းဝင်တယ်။ ရုံးချိန်း နှစ်ခါမြောက်မှာ အမှုထပ်ပြောင်းသွားတယ်။ အခု အာမခံနဲ့ လွှတ်တယ်။ ဒါပဲ ကျနော်သိရတယ်”ဟု ဦးမောင်ပုက ဆိုသည်။
၎င်း အပါအဝင် ဖမ်းဆီးခံရသူ ၁၇ ဦး ဖြစ်ကြောင်း၊ ကျောက်ဖြူထောင်တွင် ၃ ဦး၊ သံတွဲထောင်တွင် ၂ ဦး အသီးသီး လွှတ်ပေး လိုက်ကြောင်း၊ ယခု အာမခံရသူ ၁၁ ဦးလည်းပါဝင်ကြောင်း ဦးမောင်ပုက ပြောပြသည်။
သံတွဲမြို့ နှင့် ကျေးရွာတချို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့သော ပဋိပက္ခများကြောင့် အိမ်ခြေ ၁၁၂ လုံး၊ ဘာ သာ ရေး အဆောက်အအုံ ၃ ခု၊ ဆီ ဂိုဒေါင်တခု မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇ ဦး၊ ဒဏ်ရာရသူ ၅ ဦးရှိကြောင်း အောက်တိုဘာ ၁၄ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ ၄၈၇ ဦး ရှိကြောင်းလည်း ပါရှိသည်။
ထိုပဋိပက္ခများကို ဖော်ထုတ်နိုင်ရန်အတွက် အထူးအမှုစစ် အဖွဲ့များကို ဖွဲ့စည်းစစ်ဆေး ဖော်ထုတ်ခဲ့ရာ နိုဝင်ဘာ ၂၂ရက်နေ့အထိ ဖြစ် ပွားခဲ့သည့် အမှုပေါင်း ၁၉ မှုကို တရားစွဲတင်နိုင်ခဲ့ပြီး သံသယရှိသူ ၁၀၂ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရရှိသည့် အချက်များကို ကိုးကား၍ နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။
သတင်းစာ ဖော်ပြချက်တွင် ဖမ်းဆီးထားသူများထဲမှ ၉ ဦးကို ပြစ်မှုကျူးလွန်မှုရှိကြောင်း မပေါ်လွင်သည့်အတွက် ပြန်လွှတ်ပေးခဲ့ပြီး ၉၃ ဦးကို တရားစွဲတင်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရ ပြစ်မှုကျူးလွန်သူ ၇၁ ဦးတို့အား တရားခံပြေး အဖြစ် စွဲချက်တင်ထားကြောင်းလည်း ပါရှိသည်။