ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေ၌ အစိုးရ စစ်တပ်မှ သိမ်းယူထားသည့် မြေများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ ဆောက်လုပ်ရေးကုမ္ပဏီ ၅ ခုထံ နှစ် ၃၀ ဖြင့် ငှားရမ်းလိုက်ကြောင်း သိရသည်။
စစ်တပ်မှ သိမ်းယူထားသည့် မြေများကို တပ်အတွက် အသုံးပြုခြင်း၊ စစ်တပ်ပိုင် အဆောက်အအုံများ ဆောက်လုပ်ခြင်း မရှိပါက ပိုင်ရှင်များထံ ပြန်ပေးရမည်ဟု သတ်မှတ်ထားကြောင်း၊ သို့သော် ပြန်မပေးဘဲ ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၅ ခုကို ငှားရမ်းလိုက်သည့်အတွက် ယခုအခါ ဟိုတယ်များ ဆောက်လုပ်နေကြကြောင်း မြေသိမ်းခံရသည့် ဒေသခံများက ဧရာဝတီကို ပြောသည်။
“ငပလီကို မြို့အဖြစ် သတ်မှတ်လိုက်တော့ ကမ်းခြေမှာရှိတဲ့ မြေတဧကကို ကျပ်သိန်းပေါင်း ၂ သောင်းခွဲ၊ ၃ သောင်းအထိ ဈေးပေါက်နေတယ်၊ အဆောက်အအုံ မဆောက်ရင် မြေတွေ ပြန်ပေးရမှာဆိုတော့ ဟိုတယ်တွေ အမြန်ဆုံး ဆောက်ကြဖို့ စစ်တပ်က ကုမ္ပဏီတွေကို တွန်းအားပေးနေပုံရတယ်” ဟု မြေသိမ်းခံရသူ ဒေသခံတဦးက ဆိုသည်။
ဟိုတယ် ဆောက်လုပ်နေသည့် ကုမ္ပဏီများမှာ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု၊ ဧဒင် အုပ်စု၊ မင်းဇာနည် ကုမ္ပဏီ၊ Amazing ဟိုတယ် အုပ်စုနှင့် ဖော်ကျွန်း ကုမ္ပဏီတို့က ဟိုတယ်များ ဆောက်လုပ်နေကြကြောင်း သိရသည်။
စစ်တပ်က နှစ် ၃၀ ဖြင့်ငှားရမ်းထားသည့် မြေဧက စုစုပေါင်းမှာ ၃၅ ဒသမ ၅၃ ဧက ရှိပြီး ၂၀၀၀ ပြည့်နှစ်တွင် သိမ်းယူခဲ့ကြောင်း၊ လက်ရှိတွင် ဟိုတယ်များ ဆောက်လုပ်နေကြပြီ ဖြစ်သော်လည်း လျှော်ကြေး တစုံတရာ ပေးမှု မရှိသေးကြောင်း ငပလီ ဒေသခံများက ပြောသည်။
“အသိမ်းခံရတဲ့ မြေတွေပေါ်မှာ ဆောက်ထားတဲ့ ဧည့်ရိပ်သာတွေကိုလည်း အကုန်လုံး ဖျက်ပေးခဲ့ရတယ်၊ ဘာလျော်ကြေးမှလည်း မပေးခဲ့ပါဘူး၊ ဧည့်ရိပ်သာ ပိုင်ရှင်စုစုပေါင်း ၆၀ ဦးရဲ့ မြေတွေပါတယ်” ဟု ဧည့်ရိပ်သာ ဖျက်သိမ်းခံခဲ့ရသူ ဒေါ်မူမူက ဆိုသည်။
မြေသိမ်းခံရသူများကို ငပလီနဲ့ အလှမ်း ဝေးကွာသော တောတောင်များရှိ လယ်မြေတချို့ အစားထိုး လျှော်ကြေးပေးကြောင်း၊ ထိုမြေများသည်လည်း ဒေသခံ တောင်သူများထံမှ သိမ်းယူ၍ အစားထိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
ငပလီဒေသရှိ စစ်တပ်မှ သိမ်းယူထားသည့် လယ်မြေများကို အသုံးမပြုပါက ပိုင်ရှင်များထံ ပြန်ပေးရန် လွှတ်တော်၌ အကြိမ်ကြိမ် တင်ပြခဲ့ကြကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်ကလည်း အသုံးမပြု မြေများကို ပြန်ပေးမည်ဟု ပြောဆိုထားကြောင်း၊ သို့သော် ယနေ့အထိ ပြန်ပေးခြင်း မရှိသေးဟု ငပလီ ဒေသခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှှိုင်က ဧရာဝတီ ကို ပြောသည်။
“ကာကွယ်ရေး ဝန်ကြီးပြောတာကတော့ ဒီမြေတွေက ငှားလို့ရတဲ့ ပိုက်ဆံတွေကို သူတို့လည်း မပိုင်ဘူး၊ နိုင်ငံတော်ကို ပေးသွင်းရမယ်လို့ ပြောတယ်၊ ဒီတော့ ပိုင်ရှင်တွေအတွက် ဘယ်လိုလုပ်ပေးမလဲ ဆိုတာကို မေးကြည့်တော့လည်း သေချာတော့ မပြောဘူး” ဟု ဦးမြင့်လှှိုင်က ဆိုသည်။
ငပလီ ကျေးရွာအား မြို့အဖြစ် တည်ဆောက်ရန် ပြီးခဲ့သည့် လအနည်းက သတ်မှတ်ခဲ့ပြီးနောက် ကမ်းခြေရှိ မြေဈေးနှုန်းမှာ အဆမတန် မြင့်တက်သွားကြောင်း၊ ရွာခံများမှာလည်း ထိုနေရာမှ တခြားနေရာသို့ ပြောင်းရွှေ့ခံရမည်ကို စိုးရိမ်နေကြကြောင်း ငပလီ ရွာခံများက ပြောသည်။
“မြို့အဖြစ် သတ်မှတ်လိုက်ပြီ ဆိုတာနဲ့ မြေဈေးတွေ အဆမတန် တက်ကုန်တယ်။ မြေဝယ်ယူမယ့် စီးပွားရေး သမားတွေ များပေမယ့် ရောင်းမယ့်သူမရှိဘူး၊ ဟိုတယ်ဇုန် တည်ဆောက်တော့မယ်ဆိုတော့ နေအိမ်တွေ ဖယ်ရှားခံရမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်။ အစိုးရ အာဏာပိုင်တွေကလည်း ပွင့်ပွင့်လင်းလင်း ရှင်းပြတာ ဘာမှမရှိသေးဘူး” ဟု ရွာခံ ဦးထွန်းဦးက ဧရာဝတီသို့ ပြောသည်။
ငပလီကမ်းခြေ ကျေးရွာကို မြို့အဖြစ် တိုးမြှင့်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ အကျိူးစီးပွား ဖြစ်ထွန်းရေးအတွက် လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်၏ ပြီးခဲ့သည့်လအတွင်း သွားရောက်ခဲ့သော ရခိုင်ဒေသတွင်း ခရီးစဉ်တွင် လမ်းညွှန်ခဲ့ကြောင်း၊ ယခုအခါ မြို့အဖြစ် တည်ဆောက် ရေးလုပ်ငန်းများကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောသည်။
“ကျနော်တို့ ဒေသအာဏာပိုင်တွေ အနေနဲ့တော့ အဓမ္မ လယ်သိမ်းတာ၊ ပြောင်းရွှေ့ခိုင်းတာတွေ မလုပ်ပါဘူး၊ ဒေသခံတွေကို ရွာသားကနေ မြို့သားအဖြစ် ပြောင်းလဲပေးတာပဲ ရှိပါတယ်”ဟု ဦးထွန်းဝေက ဧရာဝတီသို့ ပြောသည်။
ငပလီရွာခံများကမူ ၎င်းတို့ကျေးရွာကို သဘာ၀ အတိုင်းသာ ထားရှိစေလိုပြီး အစိုးရ အာဏာပိုင်တို့၏ ပြောဆိုမှုအပေါ်လည်း ယုံကြည်မှု မရှိဟု ဆိုသည်။ ငပလီမြို့တွင် ငပလီကျေးရွာ အပါအဝင် ကမ်းခြေတလျှောက်ရှိ ကျေးရွာ ၁၀ ရွာ ဝန်းကျင် ပါဝင်မည် ဖြစ်သည်။
ဟိုတယ်များ တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ ဧဒင်ဆောက်လုပ်ရေးနှင့် မက်စ်မြန်မာ ကုမ္ပဏီအုပ်စုတို့ထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။