အကြမ်းဖက်မှု တခုခု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တသက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းတွင် ဖော်ပြထား သည်ကို တွေ့ရသည်။
အဆိုပါ ဥပဒေကြမ်းကို ဇန်နဝါရီ ၂၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားရာတွင် အခန်း ၁၉ ခန်း ပါဝင်ပြီး အကြမ်းဖက် မှုနှင့် သက်ဆိုင်သည့် အမျိုးအစားများကို အခန်းစဉ်လိုက် သတ်မှတ်ခွဲခြား ထားသည်ကို တွေ့ရသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဌ အဖြစ်တာဝန် ယူ ရ မည် ဖြစ်သည်ဟု ယင်းဥပဒေကြမ်းတွင် ပါရှိသည်။
အဆိုပါ ဥပဒေကြမ်းတွင် နျူကလီးယား ဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်း၊ နျူကလီးယား အဆောက်အအုံများနှင့် သက်ဆိုင် သည့် ပြစ်မှုများနှင့် ဇီဝ၊ ဓာတုနှင့် နျူကလီးယား လက်နက်များအား တားဆီးနှိမ်နင်းရေး အစရှိသည့် အကြမ်းဖက်မှုများကို ပြစ်မှုပြစ် ဒဏ် ချမှတ် အရေးယူခြင်းကိုပါ ထည့်သွင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ထို့အပြင် မြို့ပြလေကြောင်း ပျံသန်းရေးနှင့် လေဆိပ်တို့ကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ ပြုလုပ်မှုများအား တားဆီးနှိမ်နင်း ရေးနှင့် တိုက်ဖျက်ရေး၊ လေယာဉ် ဝန်ဆောင်မှုပေးချိန် ဘေးအန္တရာယ်ဖြစ်စေရန် လေယာဉ်ပေါ်တွင် ကျူးလွန်သည့် ပြစ်မှု၊ လေ ယာဉ် ကို ဥပဒေနှင့်မညီဘဲ တမင် သိမ်းပိုက်မှု၊ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်များအပေါ် ကျူးလွန်မှုများအား တားဆီး နှိမ်နင်းရေး၊ ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းမှုများအား တားဆီးနှိမ်နင်းရေး ပြစ်ဒဏ်များလည်း ပါဝင်သည်ကို တွေ့ရ သည်။
အဆိုပါပြစ်မှုများထဲမှ တခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူအား အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၂၀အထိ ဖြစ်စေ၊ ထောင်ဒဏ် တသက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ဖော်ပြထားသည်။