ထိုင်းနိုင်ငံ အစိုးရ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကို ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ဘန်ကောက်မြို့လယ် တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ကလေးငယ်များ အပါအဝင် ၃ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာ ရရှိသွားသည်။
ဆန္ဒပြသူများ ရှိရာ ဘန်ကောက်မြို့ ရတ်ချာဖရာစွန် (Ratchaprasong) အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၆ နှစ် အရွယ် ကလေး ၂ ဦး အပါအဝင် အသက် ၄၀ အရွယ် အမျိုးသမီး တဦး သေဆုံး၍ ၂၁ ဦး ဒဏ်ရာရ ရှိသွားကြောင်း ဒေးလီး နယူးစ် အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများကို ဘန်ကောက်မြို့ရှိ ဆေးရုံတချို့တွင် အရေးပေါ်လူနာအဖြစ် ဆရာဝန်များက အနီးကပ် ကုသပေး နေကြောင်း လည်း သတင်း၌ ပါရှိသည်။
သို့သော် မည်သည့် အဖွဲ့က ပြုလုပ်ကြောင်း ထိုင်းသတင်းများက ဖော်ပြထားခြင်း မရှိသော်လည်း လက်ရှိ အစိုးရကို ထောက်ခံနေ သူများက ဆန္ဒပြနေသူများအား တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့ပြီးနောက်ပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။
ယခု ဘန်ကောက် တိုက်ခိုက်ခံရမှုသည် စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ထရတ်(Trat) မြို့နယ် တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိသည် ဟု ယုံကြည်ရကြောင်း ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ(NSC) အကြီးအကဲ Paradorn Pattanatabut ၏ ပြောကြားချက် ကို ဘန်ကောက်ပို့စ် သတင်း၌ ယနေ့ ဖော်ပြထားသည်။
ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံ အရှေ့တောင်ဘက်ရှိ ထရတ်(Trat) မြို့နယ်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တဖွဲ့က လာရောက် ပစ်ခတ်ခဲ့ရာ ၅ နှစ် အရွယ် ကလေးတဦး အပါအဝင် ၂ ဦးသေဆုံးပြီး အတိုက်အခံအဖွဲ့ဝင် ၄၀ ခန့် ဒဏ်ရာရရှိသွား ကြောင်း သတင်းများက ဖော်ပြသည်။
ယင့်လတ် ရှင်နာဝပ်ကမူ ယင်းအကြမ်းဖက်မူကို ရှုတ်ချကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။
“အဓိက Ratchaprasong က အဖြစ်အပျက်မှာဆိုရင် ကလေးတွေ သေတယ်၊ အရမ်းကို စိတ်ထိခိုက်ပါတယ်၊ ကျမအနေနဲ့ သေ ဆုံး၊ ဒဏ်ရာရရှိတဲ့ မိသားစုဝင်တွေနဲ့အတူ စိတ်မကောင်းပါဘူး”ဟု ယင့်လတ်က ဆိုသည်။
ပြစ်မှု ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီး အရေးယူနိုင်ရန်လည်း ၎င်းက တိုက်တွန်းထားသည်။
အလားတူ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ထိုင်းနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် အကြမ်း ဖက်မှုများကို ရပ်တန့်ရန် ပြောကြားထားသည်။
ဆန္ဒပြ ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန်ကမူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ ယခုကဲ့သို့ ကလေးများ သေဆုံးရသည်အထိ အဖြစ်အပျက် ရှိလိမ့်မည်ဟု မထင်ထားကြောင်း သူ၏ လူ့မူကွန်ရက် စာမျက်နှာတွင် ယနေ့ ရေးထားသည်။
ဆက်လက်ပြီး ၎င်းအနေနှင့် အကြမ်းဖက်မှုကို မလိုလားဘဲ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းစေလိုကြောင်းလည်း ပြော ဆို ထားသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းက စတင်ခဲ့သည့် ဆန္ဒပြမှု ပဋိပက္ခများသည် ပြည်ပ၌ တိမ်းရှောင်နေရသော ထိုင်း ဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံ ပြန်လာနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လတ်က လွှတ်တော်တွင် အတည်ပြုချက် ယူခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် ပြည်ပတွင် နေထိုင်နေသူ ဖြစ်သည်။