သန်းခေါင်စာရင်း ကောက်ခံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မရှိသည့် နယ်မြေများနှင့် နယ်မြေလုံခြုံမှု မရှိသည့် နေရာများတွင် သန်းခေါင်စာရင်း ကောက်ခံသွားမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဧရာဝတီသို့ ပြောကြားသည်။
အစိုးရတပ်များနှင့် လက်နက်ကိုင် တိုင်းရင်းသားများ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင် သန်းခေါင်စာရင်း ကောက်မှုနှင့် ပတ်သက်၍ မေးမြန်းမှုရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်ညိုက “ပထမဆုံး ကျမတို့ စဉ်းစားတာက လုံခြုံမှုပဲ။ လုံခြုံမှု မရှိတဲ့နေရာကို ကျမတို့ သွားကောက်လို့ မရဘူး။ ဘာလို့လဲဆို ကောက်လို့ မရတဲ့ နေရာတွေကိုတော့ ကျမတို့ သွားကောက်မှာ မဟုတ်ပါဘူး။ ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိဘူး။ ကျမတို့ စာရင်းစစ်တွေ အတွက်လည်း လုံခြုံမှု မပေးနိုင်ဘူးဆိုရင် ကျမတို့ သွားကောက်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
သူက ဆက်လက်၍ “ကျမတို့ဘက်က ဆရာ၊ ဆရာမတွေ စာရင်းကောက်တာ ရှိသလို သူတို့ဘက်ကလည်း သူတို့အဖွဲ့တွေ တာဝန်ယူပြီး ကောက်ပေးမယ်လို့ ပြောတဲ့ နေရာတွေ ရှိပါတယ်။ ပူးပေါင်းကူညီမှုတွေလည်း ရတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဘူး၊ လုံးဝအဲဒီနေရာကို လာကောက်ဖို့ ခွင့်မပြုဘူးဆိုရင် ကျမတို့ ကောက်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
လာမည့် မတ်လကုန်မှ စပြီး သန်းခေါင်စာရင်း ကောက်ခံမည့် စီမံကိန်းနှင့် ပတ်သက်၍ တနိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံသွားမည်ဟု ဝန်ကြီး ဦးခင်ရီက တရားဝင် ပြောကြားထားသော်လည်း တကယ်လက်တွေ့တွင် လုံခြုံမှု မရှိသေးသည့် နေရာများ၌ ကောက်ယူသွားရန်မှာ မဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဒု ဥက္ကဌ နိုင်ဟံသာက ဆိုသည်။
“သန်းခေါင်စာရင်း ကောက်ယူသွားဖို့ ဆိုရင် မြန်မာပြည်ရဲ့ နယ်မြေအားလုံးကို ကောက်ယူဖို့ မဖြစ်နိုင်ဘူး။ တချို့နေရာတွေမှာက အခုအထိ တိုက်ပွဲတွေ ဖြစ်နေဆဲပဲ။ အဲဒီ နေရာမျိုးတွေမှာဆိုရင် ဘယ်လိုကောက်မလဲပေါ့” ဟု မေးခွန်းထုတ်ခဲ့သည်။
နယ်မြေ မလုံခြုံသည့် နေရာများတွင် သန်းခေါင်စာရင်း ကောက်ယူရန် မဖြစ်နိုင်ကြောင်း လက်ရှိအချိန်အထိလည်း ပလောင်တိုင်းရင်းသားများ နေထိုင်သည့် နေရာများတွင် နယ်မြေလုံခြုံမှု မရှိသေးကြောင်း ပလောင်အမျိုးသမီးများ အသင်းမှ မဒီဒီပိုးကျိန်က ဆိုသည်။
ယင်းသန်းခေါင်စာရင်း ကောက်ခံမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများက ကျူးကျော် နေထိုင်လာသူများကို ရိုဟင်ဂျာအမည်ဖြင့် သန်းခေါင်စာရင်း ကောက်ခံခြင်းအား သဘောမတူသည့်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တချို့တွင် ဆန္ဒပြကန့်ကွက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ယခုကဲ့သို့ ဆန္ဒပြကန့်ကွက်မှုများ ရှိနေသော်လည်း အစိုးရအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူမှုကို မဖြစ်မနေ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဧရာဝတီသို့ ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူမှုတွင် အစိုးရဘက်မှ လိုအပ်သလို တချို့နေရာများတွင် ကြိုတင်ကောက်ခံမှုများ ရှိနေသော်လည်း ကချင်ဒုက္ခသည် စခန်းများတွင် ယခုအချိန်အထိ မည်သို့မည်ပုံ ကောက်ခံသွားမည်ကိုမူ မသိရှိရသေးကြောင်း၊ မည်သည့်အဖွဲ့အစည်းကမှ ကမ်းလှမ်းမှု မရှိသေးကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီထံမှ သိရသည်။
တနိုင်ငံလုံး ကောက်ခံသွားမည့် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း တသိန်းခန့် ပိုင်းခြားထားကြောင်း အစိုးရမှ ထုတ်ပြန်သည့် စာရင်းများအရ သိရပြီး တနိုင်ငံလုံးအနေနှင့် လူဦးရေစာရင်းအမှန် ရရှိရန်အတွက် မကောက်ခံနိုင်သည့် နေရာများကို ဂြိုဟ်တုမှ ဓာတ်ပုံရိုက်ယူပြီး နည်းပညာနှင့် ခန့်မှန်းတွက်ချက်သွားမည်ဟု ဒေါ်ခင်ခင်ညိုက ပြောသည်။
“တကယ်လို့ ကျမတို့ မကောက်နိုင်မယ့် နေရာတွေကလည်း မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်အဝန်းနဲ့ တိုင်းလိုက်ရင် ပွိုင့်ဇီးရိုး (.ဝ) နောက်က ဂဏန်းလောက်တောင် မရှိပါဘူး။ လူဦးရေအမှန်သိရဖို့ နည်းပညာ အကူအညီတွေ ယူသွားမှာပါ” ဟု ၎င်းက ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ကောလာဟလ ထွက်ပေါ်နေသော သတင်းမှားများအား မယုံကြည်ကြရန် နှင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေး၏ လူမှုကွန်ရက်ဖြစ်သော “ရွှေတံခါးမှူး” ဖေ့စ်ဘုတ် စာမျက်နှာတွင် လှုံ့ဆော်ထားသည်။