၁၃၇၆ ခုနှစ် မဟာသင်္ကြန်စာမှာ သိကြားမင်းရဲ့ လက်တဘက်က အဲမောင်း ကိုင်ထားတာကြောင့် လာမယ့် သြဂုတ်လ မတိုင်ခင် ပြည်တွင်း ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက ဧရာဝတီကို ပြောပါတယ်။
“စာရွက်ပေါ်က ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်တော့ ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် တိုက်ပွဲတွေတော့ ရှိနိုင်သေးတယ်၊ နောက်တဘက်က ချွန်းကို ကိုင်ထားတာကြောင့် အဲဒါတွေကိုတော့ အချိန်မီ တားဆီးနိုင်မယ်” လို့ သူက ရှင်းပြပါတယ်။
နှစ်စဉ် ဧပြီလရောက်ပြီဆိုတာနဲ့ မြန်မာလူမျိုးအများစုဟာ သင်္ကြန်စာရဲ့ ဟောပြောချက်တွေကို သိချင်သလို၊ သိကြားမင်း လူ့ပြည်ကို ဘယ်လို ဆင်းသက်မလဲ ဆိုတာကို ကြည့်ပြီး တိုင်းရေးပြည်ရေး၊ စားဝတ်နေရေးက အစ ကြိုတင်တွေးတော တတ်ကြပါတယ်။
ဒီနှစ်သင်္ကြန်စာအရတော့ သိကြားမင်းက “မြွေ” ကို စီးပြီး လက်တဘက်က အဲမောင်းကိုကိုင်၊ ကျန်လက်တဘက်က ချွန်း ကို ကိုင်ပြီး လူ့ပြည်ကို ဆင်းလာမယ်လို့ ဆိုထားပါတယ်။
သိကြားမင်းက “မြွေ” သတ္တဝါ ကို စီးပြီး လူ့ပြည်ကို ဆင်းသက်လာတဲ့အတွက် အဆိပ်ရှိသတ္တဝါတွေ ပေါများမယ့် နှစ်ဖြစ်သလို၊ မူးယစ်ဆေးဝါး သုံးစွဲမှုလည်း များပြားလာနိုင်တယ်၊ ရာသီဥတုက ပူလွန်းအေးလွန်း တာကြောင့် စပါး အထွက်နှုန်း လျော့ကျနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် သင်္ကြန်စာအရ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကလည်း ကောင်းမွန်တဲ့ အနေအထား ရှိတယ်လို့ ဆရာစံဇာဏီဘိုက ဆိုပါတယ်။
ဗြဟ္မာမင်းဦးခေါင်းကို ဒီနှစ် လက်လွှဲယူတဲ့ ဒမ်သီ အမည်ရ နတ်သမီး ကလည်း ဦးခေါင်းလက်ခံရာမှာ ပြုံးရယ်ပြီး ယူတာကြောင့် မြန်မာပြည်မှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတခု ရှိနေတယ်လို့ ဆရာစံဇာဏီဘိုရဲ့ အဆိုအရ သိရပါတယ်။
“ထင်မှတ်ထားတာထက် ပိုပြီး ကောင်းတဲ့ အပြောင်းအလဲ၊ အကြောင်းအရာတွေ ရှိလာလိမ့်မယ်” လို့ သူက ပြောပါတယ်။
မဟာသင်္ကြန်စာရဲ့ အဆိုအရ ဒီနှစ်ဟာ ဗုဒ္ဓဟူးနမ် သားသမီးများ “တာ” စားတဲ့အတွက် အကောင်းအဆိုး များနေပြီး အင်္ဂါနမ် သားသမီးများအတွက် အကောင်းဆုံးနှစ်၊ တနင်္ဂနွေနဲ့ တနင်္လာနမ် သားသမီးများက ဒုတိယနဲ့ တတိယ အကောင်းဆုံးဖြစ်ပြီး ကျန်ရှိတဲ့ နေ့နမ်သားသမီးများ အညံ့များတဲ့နှစ် ဖြစ်ကြောင်း သိရပါတယ်။
၇ ရက်သားသမီးတွေ အတွက် သင်္ကြန်စာ ဟောစာတမ်းမှာတော့ အလုပ်အကိုင်၊ စီးပွားရေး၊ ကျန်းမာရေး၊ ဝင်ငွေ နဲ့ အချစ်ရေးစတဲ့ အပိုင်းတွေမှာ အကောင်းအဆိုးက တွဲလျက်ပါပဲ။
၁၃၇၅ ခုနှစ်တုန်းကတော့ သိကြားမင်းက နဂါး ကိုစီး၊ လေးနဲ့မြား၊ ဒိုင်းကို ကိုင်ပြီး လူ့ပြည်ကို ဆင်းသက်ခဲ့ပါတယ်၊ ဗေဒင်ဆရာ တွေကတော့ နိုင်ငံရေး အခင်းအကျင်း မကောင်းတဲ့နှစ်၊ ရင်းနှီးမြှုပ်နှံမှု များပြားမယ့်နှစ်၊ ကျန်းမာရေး သတိထားရမယ့်နှစ်၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အောင်မြင်မယ့်နှစ်လို့ ဟောပြောခဲ့ကြပါတယ်။
၁၃၇၆ ခုနှစ် မဟာသင်္ကြန်စာ အရ ဒီနှစ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတုနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ များမှာ ထူးခြားတဲ့ နှစ်ဖြစ်တယ်လို့ သိရပါတယ်။