အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အရေအတွက် စာရင်းနှင့် ပတ်သက် ၍ အစိုးရနှင့် တိုင်းရင်းသားများ အကြား ညှိနှိုင်းအတည်ပြု၍ မရသေးကြောင်း NCCT က ပြောသည်။
ယင်းသို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ၊ စံနှုန်းများ သတ်မှတ် ထားသည်ဟုလည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)အဖွဲ့ဝင် ဖဒို ကွယ်ထူးဝင်းက ပြောပြသည်။
“စံတွေဆိုတာ တကယ့် အစိုးရနဲ့ လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့အစည်းဖြစ်ရမယ်။ ဒါမှမဟုတ် နောက်ပြီးတော့ တကယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ အစိုးရကို နိုင်ငံရေးအရ တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ တခြားနိုင်ငံတွေကို တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း မဖြစ်ရဘူးတို့။ အချို့အဖွဲ့အစည်းတွေက မြန်မာပြည် အခြေချတယ်။ အခြားနိုင်ငံနဲ့ နိုင်ငံရေးအရ တိုက်ပွဲဝင်တဲ့ အပေါ်မှာ ဒါတွေကျတော့ ကျနော်တို့အနေနဲ့ လက်မှတ်ထိုးတဲ့ အထဲမှာ မပါသင့်ဘူးပေါ့။ အဲဒီလိုတွေ ဆုံးဖြတ်ညှိနှိုင်း သတ်မှတ်မယ်လို့ လျာထားတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အစိုးရဘက်မှ လက်မှတ်ထိုးနိုင်မည့် အဖွဲ့ အရေအတွက်ကို ၁၆ ဖွဲ့ဟုသာ လက်ခံထားပြီး တိုင်းရင်းသားများ ဘက်က လက်မှတ် ထိုးရမည့် အဖွဲ့အရေအတွက်မှာ ၂၀ ကျော်ရှိနေကြောင်း သိရသည်။
“လက်ရှိအဖွဲ့တွေကိုလည်း သူတို့တွေအနေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်း တွေနဲ့ပတ်သက်ပြီး ကျနော်တို့ သေချာစိစစ် ညှိနှိုှုင်း သွားမှာပါ။ အရင်တုန်းက ပင်လုံညီလာခံမှာ တချို့အဖွဲ့တွေကို လက်မခံခဲ့၊ မပါဝင်နိုင်လာခဲ့တော့ နောက်ဆုံးမှာ ဒီလိုပြည်တွင်းစစ်တွေ ဖြစ် လာတာပဲ။ ကျနော်တို့ကတော့ အဖွဲ့တိုင်း ပါဝင်လာဖို့ လုပ်သွားမယ်”ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။
အစိုးရဘက်က လက်ခံထားသည့် အဖွဲ့များမှာ ဝပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မ ဟာမိတ် တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း(NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)၊ ချင်း အမျိုးသား တပ်ဦး(CNF)၊ ကရင် အမျိုးသား အစည်း အရုံး(KNU)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) ၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP )၊ ရခိုင် လွတ်မြောက်ရေး တပ်မတော်(ALA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အစည်းအရုံး(PNLO)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရခိုင် တပ်မတော်(AA)၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ ဖြစ်ကြောင်း သိရသည်။
“အစိုးရဘက်က ဝ အမျိုးသား အစည်းအရုံး(WNO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်) (MNDAA)၊ ဇိုမီးပြန်လည်ပေါင်းစည်းရေး အစည်းအရုံး(ZRO) တို့ကို လက်မခံဘူး။ ဒီတော့ ဒီတိုင်းရင်းသားတွေ ပါအောင်လုပ်ထားတယ်။ သူတို့ ဘယ်လိုပါမလဲ ဆိုတာကို ကြည့်ရမယ်။ ပါအောင်တော့ လုပ်မယ်။ ဒါမှ စစ်တွေမဖြစ်မှာ”ဟု NCCT အဖွဲ့ဝင် ခွန်ဥက္ကာက ပြောသည်။
အပစ်အခတ် ရပ်စဲမည့် တိုင်းရင်းသား အဖွဲ့များ၏ စံနှုန်းသတ်မှတ်ရေး အတွက်ကို တိကျစွာ ထုတ်ဖော်ပြောကြားခြင်း မရှိသော် လည်း တနိုင်ငံလုံး အတိုင်းအတာအရ မည်သည့်အဖွဲ့ကိုမှ ချန်လှပ်မထားဟုလည်း ၎င်းက ဆိုသည်။
“ချန်ခဲ့လို့တော့ မဖြစ်ဘူး။ ဘာကြောင့်ဆို ပင်လုံညီလာခံမှာ ကတည်းက ပါဝင်သင့်တဲ့လူ အကုန်မပါလာခဲ့တော့ ဒီလိုစစ်ပွဲတွေ ဖြစ် ခဲ့ရတာပါ။ ဒီလိုနောက်ထပ် မဖြစ်ချင်တော့ဘူး။ အခု ကျနော်တို့ဘက်က အစိုးရကို ဒီလူတွေအတွက် တခုချင်းစီ ထိုးဖို့အတွက် အဆင်မပြေရင် တပ်ပေါင်းစု တခုအနေနဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ကနေ လက်မှတ် ထိုးဖို့ တင်ပြထားတယ်”ဟု ခွန်ဥက္ကာက ဆက်ပြောသည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ ကမူ“ဒါကတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျနော်တို့ မပြောနိုင်သေးပါဘူး။ တခု သေချာ တာကတော့ အခုချိန်မှာ ပြောဖို့ စောပါသေးတယ်၊ အစိုးရပိုင်းကော တပ်မတော်ဘက်ကကော အခုချိန်မှာ ငြိမ်းချမ်းရေး အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေတယ်။ တချို့ အဖွဲ့ တွေက တပ်လို့ပြောရအောင် ဖွဲ့စည်းပုံ မရှိတာတွေလည်း ရှိတယ်။ ဒီတော့ဒါက သေချာ စဉ်းစားရဦးမယ်”ဟု ပြောသည်။
လက်ရှိတွင် တပ်ပိုင်းဆိုင်ရာ သဘောတူညီချက်များနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြု တင်ပြထားသည့် အပစ် အခတ် ရပ်စဲအပြီး လက်နက် ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများ အဖြစ် ပြန်လည် ပေါင်း စည်းရေး(DDR)ကို ပယ်ဖျက်ပေးလိုက်ကြောင်း ခွန်ဥက္ကာ က ပြောဆိုသည်။
NCCT မှ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များနှင့်တွေ့ဆုံ၍ အစိုးရနှင့် ညှိနှိုင်းရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူ စာချုပ် (ဒုတိယမူကြမ်း)ကို ဇူလိုင်လအတွင်းက ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပသည့် တိုင်းရင်းသား ညီလာခံတွင် တင်ပြ ဆွေးနွေးခဲ့ပြီး အဆိုပါညီလာခံ၌ တိုင်းရင်းသားများ ရှေ့ဆက်လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များကို ချမှတ်ပေးနိုင်ခဲ့ကြောင်း သိရ သည်။
ထို လမ်းညွှန်ချက်များဖြင့် သြဂုတ်လ လယ်တွင် အစိုးရနှင့် ပြန်လည်တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေးမူချော ထွက်ရှိရန် တင်ပြ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။