အခက်အခဲများ မည်သို့ ကြုံတွေ့စေကာမူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားမည် မဟုတ်ဘဲ ယခုဆွေးနွေးပွဲ၌ တပ်ပိုင်း ဆိုင်ရာ များကို ညှိနှိုင်းဆွေးနွေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ၌ ယနေ့ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် UPWC ဒု ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီးဦးအောင်မင်းက“မြန်မာ့သမိုင်းမှာ တခါမှမရှိခဲ့ဘူးတဲ့ ဖက်ဒရယ်ဆိုတဲ့ စကားရပ်ကို အစိုးရတခု အနေနဲ့ လက်ခံ အသိအမှတ် ပြုပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်သွားဖို့ မူကြမ်းမှာ သဘောတူခဲ့ပြီး ဖြစ်တယ်။ ကျနော်တို့အစိုးရ ရည်မှန်းချက်ထဲမှာ နိုင်ငံ ရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းပြီး အဓိက အင်အားစုတွေ အကုန်ပါတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်ဖို့ ဖြစ်တယ်” ဟု ပြောသည်။
ယခု ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းရေး အတွက် ဒု ဗိုလ်ချူပ်ကြီး ခင်ဇော်ဦးကို ထပ်မံအားဖြည့်ထားပြီး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒု ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း တို့က တပ်ပိုင်းဆိုင်ရာများကို ဦးဆောင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ဒု ဗိုလ်ချူပ်ကြီး မြင့်စိုးက“ငြိမ်းချမ်းရေးထဲမှာ တပ်မတော် အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်တာက ငြိမ်းချမ်းရေးကို တကယ် လိုချင်လို့ပါ။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးဟာ တပ်မတော်ပါပဲ။ တပ်မတော် အနေနဲ့ တိုင်းပြည်အေးငြိမ်းဖို့၊ တိုင်းရင်းသား စည်းလုံးမှု ပိုမိုရရှိဖို့၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးဖို့ ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ချမှတ်ထားတဲ့ လမ်းညွှန် ချက်နဲ့ အညီ ကျနော်တို့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ဆွေးနွေးပွဲသည် UPWC နှင့် NCCT တို့၏ ဆဋ္ဌမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပြီး ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုများကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း ပြောဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အရင်တခါက တပ်ပိုင်း ဆွေးနွေးမှုတွေက မူအားဖြင့်သာ သဘောတူခဲ့တာပါ။ ဒီတခေါက်တော့ သေချာ အသေးစိတ် ပြောဖြစ်မယ်။ တိုင်းရင်းသားတွေပါတဲ့ ဦးဆောင် ကော်မတီဖွဲ့ဖို့ တိုင်းရင်းသားတွေက တင်တယ်။ ဒါပေမယ့် အစိုးရက ဒါက ပါဝါ ညှိတယ်လို့ မြင်တယ်။ နောက် တပ်နေရာချရေး၊ တပ်မတော်သားတွေ လိုက်နာရမယ့် စည်းမျဉ်း၊ ဒါတွေ ညှိမယ်။ တပ် မတော်သားတွေ လိုက်နာရမယ့် စည်းကမ်းညှိရာမှာတော့ ခက်မယ် ထင်တယ်” ဟု ဆိုသည်။
NCCT မှ နိုင်ဟံသာက အပစ်အခတ် ရပ်စဲရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်လာခြင်း ဖြစ် ကြောင်း၊ နိုင်ငံရေး ညှိနှိုင်းမှု မလုပ်ဘဲ၊ ငြိမ်းချမ်းမှု မရှိဘဲ စစ်ရေးအရ ဖိအားပေး လုပ်ဆောင်နေပါက တိုင်းပြည် ပြိုကွဲသွားနိုင်ကြောင်း၊ သို့အတွက် နှစ်ဖက် ခေါင်းဆောင်များက ငြိမ်းချမ်းရေး အောင်မြင်ရေးအတွက် ဆွေနွေးကြရန် လိုအပ်သည်ဟု ပြောသည်။
“တိုင်းရင်းသားတွေဘက်က ခွဲထွက်မှာ မဟုတ်ဘူး။ ခွဲမထွက်ချင်လို့ ဆွေးနွေးဖို့ လုပ်ဆောင်တာပါ။ အခုချိန် သမ္မတကြီးက မှန်မှန် ကန်ကန် မြင်တဲ့ အပေါ်မှာ တဖက်က ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့ လိုပါတယ်။ ဖြစ်နေတဲ့ ပြဿနာက ညီအစ်ကိုတွေ ပြဿနာဖြစ်လို့၊ အေးအေးချမ်းချမ်း ဆွေးနွေး အဖြေရှာရင် ပြေလည်နိုင်ပါတယ်”ဟု နိုင်ဟံသာက လတ်တလော တိုင်ရင်းသား အဖွဲ့အစည်းများ အကြား ဖြစ်ပေါ်နေသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ပြောဆိုသည်။
ယခု ဆွေးနွေးပွဲကို UPWC မှ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးသန်းဌေး၊ လွှတ်တော်များဘက်မှ ဦးသိန်းဇော်နှင့် တပ်မတော်ပိုင်း ဆိုင်ရာမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒု ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒု ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ တက်ရောက်ခဲ့ပြီး NCCT မှ နိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွန်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ် ၁၆ ဦး တက်ရောက်ကြသည်။