ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာအုပ်စုတွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် မြန်မာ အစိုးရတပ်များ ယခုလဆန်းပိုင်း အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရာ၌ ဒေသခံ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း သိရ သည်။
ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာ အုပ်စုအတွင်းရှိ တာဖာဆောင် တံတားအနီးတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားပြီး ရွာတွင်းသို့ လက်နက်ကြီးများ ရောက်ရှိ ထိမှန်သဖြင့် ဒေသခံ ၄ ဦး သေဆုံး၍ တဦး ဒဏ်ရာရရှိပြီး ဒေသခံ ရွာသားများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေကြသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ပြန်ကြားရေး တာဝန်ခံ နန်းခွမ်လိတ်က ဧရာဝတီကို ပြောသည်။
“ရွာတွေထဲထိ လက်နက်ကြီးတွေ ရောက်တယ်။ ရွာမှာနေတဲ့ သက်ကြီးအဘိုးအို ၂ ဦးကို ထိတာကြောင့် သေဆုံးသွားတယ်။ နောက်၂ ဦးက မိုင်းရယ် ဈေးသွားတဲ့ လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ဒေသခံ တဦးကတော့ မော်တာကျည် ထိပြီး ကျေးသီးဆေးရုံမှာ တင်ထားရတယ်။ တိုက်ပွဲကြောင့် ဒေသခံ ရွာသားတွေ အိမ်မှာ မနေရဲကြဘူး။ တခြားကို ထွက်ပြေး နေကြတယ်။ တောထဲ တနေရာမှာ ခိုလှုံနေရတယ်”ဟု နန်းခွမ်လိတ်က ဆိုသည်။
အစိုးရ စစ်တပ်သည် ကျေးရွာမှ ရွာသားများကို ရိုက်နှက်ခြင်း၊ ဒေသခံများ၏ နေအိမ်မှ ပစ္စည်းများ လုယက်ကြသဖြင့် ရွာသားများက တောထဲတွင် ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ယနေ့ထုတ် ရှမ်းလူ့အခွင့်အရေး ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစိုးရ စစ်တပ်မှ တိုက်ပွဲအတွင်း SSPP/SSA တပ်စခန်းကို သိမ်းပိုက်ထားပြီးနောက် အောက်တိုဘာ ၅ ရက် နောက်ပိုင်း ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခဏ ရပ်တန့်ထားသော်လည်း တပ်အင်အား ဖြည့်တင်းခြင်းများကို အစိုးရ စစ်တပ်က လုပ်ဆောင်နေသဖြင့် ဒေသခံ များမှာ အချိန်မရွေး တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေသည်ဟု ရှမ်းလူ့အခွင့်အရေး ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
“လက်ရှိ ဒုက္ခသည်တွေ ဘယ်လောက် အထိရှိလဲ မသိရသေးဘူး။ သူတို့တွေ ဘယ်တွေမှာ ခိုလှုံနေတာလည်း သေချာ မသိရသေး ဘူး။ တာဖာဆောင် အနီးမှာ ရှိတဲ့ ရွာပေါင်း ၁၀ ရွာ ရှိပါတယ်။ သူတို့ကို ကူညီဖို့အတွက် ကျနော်တို့ တေးဂီတ ရန်ပုံငွေပွဲတွေ လုပ် နေပါတယ်။ ရတဲ့ငွေတွေကို ရှမ်း ဒုက္ခသည်တွေကို ကူညီသွားမှာပါ”ဟု မူဆယ်မြို့မှ ရန်ပုံငွေ ရှာဖွေပွဲ ဖြစ်မြောက်ရေး လုပ်ဆောင်နေ သည့် ဦးစိုင်းမြတ်အောင်က ဧရာဝတီကို ပြောသည်။
အစိုးရ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA ) တို့ ဇွန်လနှောင်းပိုင်းမှ စတင်ပြီး စစ်ရေး ပြန်လည် တင်းမာ လာ သည့် အတွက် ဒေသခံပြည်သူ ၂၀၀ ကျော်သည် ဖာဆောင် ကျေးရွာအုပ်စု အနီးရှိ ဝမ့်ဝပ်ဘုန်းကြီးကျောင်းတွင် စစ်ပြေးရှောင် နေကြ ကြောင်း သိရသည်။
“လက်ရှိမှာ တိုက်ပွဲတွေကြောင့် တင်းမာနေကြတဲ့ အတွက် ကျေးသီးမြို့နယ်ဘက်ကို ဖုန်းဆက်သွယ်ဖို့ ခက်ခဲ နေတယ်။ ဒုက္ခသည် တွေ ဘယ်မှာနေလဲ ဘယ်လောက်အထိ ရှိလဲဆိုတာ မသိရသေးဘူး”ဟု ဦးစိုင်းမြတ်အောင်က ဆိုသည်။
SSPP/SSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်တွင် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားသော်လည်း ၂၀၁၄ ခုနှစ် မတ်လအထိ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ကာ SSPP/SSA ၏ တပ်စခန်း ၅ ခုကို အစိုးရ စစ်တပ်က သိမ်းယူခဲ့သည်ဟု သိရသည်။