ကမ္ဘာတဝှမ်းလုံးမှာရှိကြတဲ့ ကလေးသူငယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနေပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ပညာတပိုင်းတစနဲ့ ကျောင်းထွက်ရတဲ့ ကလေးတွေ၊ အလုပ်ခွင်ထဲ ရောက်နေတဲ့ကလေးတွေ၊ လိင်ကိစ္စ အလွဲသုံးစားပြုခံရတဲ့ ကလေးတွေ ရှိနေဆဲပါ။ ကလေးသူငယ်တွေဟာ အနာဂတ် လူ့အဖွဲ့အစည်းအတွက် အရေးကြီးပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လုပ်အပ်နေကြောင်း ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ခံရသူနှစ်ဦးက ကမ္ဘာကြီးကို သတင်းစကား ပေးပို့လိုက်ပါပြီ။
ထူးခြားချက်က ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ပါကစ္စတန်က မိန်းမပျိုလေးတဦးနဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတဦးတို့ ပူးတွဲရရှိခဲ့တာပါ။ အသက် ၁၇ နှစ်ပဲရှိသေးတဲ့ မာလာလာယူဆွဇ်ဇိုင် (Malala Yousafzai) ဟာ ပါကစ္စတန်က မိန်းကလေးတွေ ပညာသင်ကြားခွင့် ရဖို့အတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ပါတယ်။ အခုတော့ သူ ကြိုးစားခဲ့တာတွေ အတွက် အသိအမှတ်ပြုခံရသလို၊ ကမ္ဘာ့အသက်အငယ်ဆုံး နိုဘဲလ်ဆုရှင် ဖြစ်သွားပါပြီ။ အသက် ၆၀ ရှိပြီဖြစ်တဲ့ ကေလတ်ဆတ်ယာသီ (Kailash Satyarthi) ကတော့ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံက လူမှုရေးအဖွဲ့နဲ့ သမဂ္ဂပေါင်း ၂၀၀၀ ခန့် ပေါင်းစပ်ထားတဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူပါ။ တယောက်က အစ္စလမ်ဘာသာ ကိုးကွယ်ပြီး တယောက်က ဟိန္ဒူဘာသာကို ကိုးကွယ်ပေမယ့် ဦးတည်ရာချင်း တူညီခဲ့ကြတာက အားတက်ကျေနပ်စရာ ဖြစ်ပါတယ်။
|
စာတတ်မြောက်မှု ၄၀ ရာခိုင်နှုန်းပဲရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ မိန်းကလေးတွေ ပညာတတ်ဖို့ လိုအပ်ကြောင်း မာလာလာက ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပါတယ်။ သူ့ကို မွေးဖွားခဲ့တဲ့ဇာတိက ပါကစ္စတန် အနောက်မြောက်ပိုင်းဒေသ၊ Swat တောင်ကြားက မင်ဂိုရာ မြို့လေးမှာပါ။ Swat တောင်ကြားကို တာလီဘန်တွေက ကြီးစိုးထားတာမို့ မိန်းကလေးတွေ ပညာသင်ယူခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။ ၂၀၀၉ ခုနှစ်ကတည်းက မာလာလာဟာ အမည်ဝှက်နဲ့ BBC အတွက် Blog တခုရေးခဲ့ရာမှာ တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်က မိန်းကလေးတွေဘဝကို ထင်ဟပ်စေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တာလီဘန်တွေရဲ့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရလို့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ အင်္ဂလန်ကိုပို့ပြီး ဆေးကုသမှု ခံယူပြီးတဲ့နောက် ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။
ပညာရေးဟာ ပါကစ္စတန် တနိုင်ငံတည်းအတွက်တင် မဟုတ်ပါဘူး။ တကမ္ဘာလုံးအတွက် အရေးကြီးတယ်လို့ မာလာလာက ရှင်းရှင်းလင်းလင်း သိမြင်ခဲ့တာပါ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း အလယ်တန်းအထိ အခမဲ့ ပညာရေးစနစ် ဖြစ်ပေမယ့် စားဝတ်နေရေး မပြေလည်မှုတွေကြောင့် ကျောင်းထွက်ရတဲ့ ကလေးတွေ ရှိနေဆဲပါ။ ကျောင်းထွက်ရတဲ့ ကလေးတွေထဲမှာ ယောကျာ်လေးဦးရေထက် မိန်းကလေးဦးရေက ပိုများပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တရပ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အသက် ၇ နှစ်က ၁၆ နှစ်ကြား ကလေးသုံးပုံတပုံဟာ လုပ်ငန်းခွင်တွေထဲ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးနေတဲ့ ကလေးတွေ၊ ဈေးရောင်းနေရတဲ့ ကလေးတွေ တပုံတပင်ပါ။
အစောပိုင်းက မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇွန်လမှာမှ ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းခြင်းမပြုဖို့၊ ကလေးတွေကို တပ်မတော်မှာ မသုံးဖို့ လုပ်ငန်းစီမံချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တာပါ။ ကလေးစစ်သားတွေကို နုတ်ထွက်ခွင့်ပြုခဲ့သလို မြန်မာအစိုးရဟာ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို တပ်မတော်သားအဖြစ် အသုံးပြုနေမှုကို ၂၀၁၅ မတိုင်မီ ရှာဖွေဖော်ထုတ်ပြီး တပ်မတော်က နုတ်ထွက်ခွင့်ပြုရေး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို သဘောတူထားတာ ဖြစ်ပါတယ်။
တဘက်ကလည်း အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံရမှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ။ အဲဒီဖြစ်ရပ်ဟာ မိန်းကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်စေပါတယ်။ သက်ငယ်မုဒိန်းမှု ကျူးလွန် သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ မချမှတ်နိုင်သေးသလို အကာအကွယ်ပေးနိုင်မှုမှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အားနည်း နေပါသေးတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၀၃ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် ဇူလိုင်လအထိ ဆယ်စုနှစ် တခုကျော်ကာလအတွင်း သက်ငယ်မုဒိမ်းမှု ၂၇၁၄ မှုအထိရှိတယ်လို့ သိရပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့ကသိရတဲ့ မုဒိမ်းမှုတွေဟာဖြစ်ပြီး တိုင်ကြားခြင်းမရှိတဲ့ မုဒိမ်းမှုတွေလည်း ရှိနိုင်ပါသေးတယ်။ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုဝင်ရောက်လာတာ ကောင်းပေမယ့် တဘက်ကလည်း ကလေးသူငယ်တွေအပေါ် လိင်မလျော်မကန် ပြုမှုတွေမရှိအောင် ကာကွယ်ပေးသင့်ပါတယ်။
မေးစရာရှိတာက မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ ဥပေဒမရှိဘူးလား ဆိုတာပါ။ ကလေးသူငယ် ဥပဒေ (Child Law) ကို ၁၉၉၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကလေးသူငယ် နည်းဥပဒေ (Rule Related to the Child Law) ထွက်ရှိခဲ့ပါတယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း ပါဝင်ပေမယ့် ကလေးတွေ ပညာသင်ယူခွင့် ရစေရမယ်ဆိုတာလောက်ပဲ ပါဝင်တာပါ။ ကလေးသူငယ်တွေကို အဓမ္မ အလုပ်စေခိုင်းတာ၊ ကလေး သူငယ်တွေ အဓ္ဓမပြုကျင့်ခံရမှုတွေကို ကာကွယ်ပေးတာရယ်လို့ တိတိပပ မတွေ့ရပါဘူး။ သက်ငယ်မုဒိမ်းမှုအတွက် သီးသန့်ဥပေဒ ပြဋ္ဌာန်းထားခြင်း မရှိသေးတာကို တွေ့ရပါတယ်။
၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်ရုံများ အက်ဥပဒေအရ အသက် ၁၅ နှစ်အောက် ကလေးတွေကို အလုပ်ခွင်မှာ လေးနာရီထက် အလုပ်ပိုလုပ်ခိုင်းရင် ဒဏ်ငွေ ၅၀၀ ကျပ်နဲ့ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒဏ်ငွေ ၅၀၀ ကျပ်ဆိုတာ ဒီကနေ့ခတ် အနေအထားနဲ့ ဘယ်လိုမှ မဆီလျော်တော့ပါဘူး။ ကျောင်ပြင်ပ ပညာရေးကို အကောင်အထည် ဖော်နေတာရှိပေမယ့် “ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ တက်ကြွလှုပ်ရှား” သူတွေ ကျမတို့နိုင်ငံမှာ နည်းပါးနေသေးတာ အမှန်ပါပဲ။
စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း လှုပ်ရှားရုန်းကန်နေရလို့ မိဘတွေဟာ သားသမီးတွေကို အရင်ကလောက် အရိပ်တကြည့်ကြည့် မနေနိုင်တာကလည်း သက်ငယ်မုဒိမ်းမှု များလာရတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်ပါတယ်။ ကလေးတွေ အလုပ်လုပ်နေရတာ သိပေမယ့်လည်း ကလေးဝင်ငွေက မိသားစုကို အထောက်အကူပြုတဲ့အတွက် သိသိကြီးနဲ့ ခွင့်ပြုနေရတဲ့ မိဘတွေလည်း ရှိပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မိဘက စွန့်ပစ်သွားတဲ့၊ မိဘမရှိတော့ရှာတော့တဲ့ မိဘမဲ့ကလေးတွေကို နွေးထွေးယုယမှုနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်နေပါတယ်။
ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ လူဦးရေးများပြားတဲ့ နိုင်ငံဖြစ်သလို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ မရသေးတဲ့၊ ပညာရေးနဲ့ အလှမ်းဝေးနေတဲ့ ကလေးသူငယ်တွေ အများကြီးရှိပါတယ်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ကေလတ်ဆတ်ယာသီဟာ ၁၉၈၀ ခုနှစ်မှာတော့ ကျောင်းဆရာအလုပ်ကို စွန့်လွှတ်ပြီး သူလုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆတဲ့ အလုပ်တခုကို ရွေးချယ်ခဲ့ပါတယ်။ အဲဒါကတော့ Save the Childhood Movement ကိုတည်ထောင်ခဲ့ပြီး ကလေးငယ်ပေါင်း ၈၀၀၀၀ ရဲ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာပါပဲ။ နိုင်ငံတကာ ပညာရေး လှုပ်ရှားမှုရဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၉၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ကလေးသူငယ်တွေကို လုပ်ငန်းခွင်တွေထဲ အတင်းအဓမ္မ ပို့ဆောင်နေတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ တယောက်လည်း ဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်ရာမှာ ကလေးတွေရဲ့ လုပ်အားမပါဝင်စေဖို့၊ စားသုံးသူတွေကိုပါ အသိပညာပေးဖို့ လှုပ်ရှားမှုထဲ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး အရှေ့တောင်အာရှမှာသာမက အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပတိုက်အထိပါ သူ့လှုပ်ရှားမှုက ကျယ်ပြန့်ခဲတာပါ။ ကလေးသူငယ်တွေကို လုပ်ငန်းခွင်မှာ စေခိုင်းမှုဟာ “လူ့အခွင့်အရေး ချိုးဖောက်မှု” လို့ သူက မှတ်ယူထားပါတယ်။ “ဆင်းရဲမွဲတွေမှု၊ စာမတတ်မှု၊ လူဦးရေ များပြားလာမှု” တွေက ကလေးအလုပ်သမားတွေ အဖြစ် တွန်းပို့စေတဲ့ အချက်တွေလို့ သူကပြောပါတယ်။ Global March Against Child Labor လို့ခေါ်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ သူ့ဦးဆောင်မှုနဲ့အတူ ပိုပြီး အားကောင်း လာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသား တယောက်ရဲ့ ကြိုးစားမှု အရာထင်လာခဲ့သလို ပါကစ္စတန်နိုင်ငံသူလေး တယောက်ကလည်း မိန်းကလေးတွေ ပညာသင်ကြားခွင့် ရရေးအတွက် မရပ်မနား ကြိုးစားခဲ့တာပါ။ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပညာရေးညီလာခံမှာ မာလာလာ စကားပြောခွင့်ရခဲ့ပါတယ်။ ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကိုလည်း ၂၀၁၃ ခုနှစ်အတွက် ရရှိခဲ့ပါတယ်။ သူ့ဘဝရဲ့ အဖြစ်မှန်တွေကို ရေးသားထားတဲ့ “I am Malala” စာအုပ်ဟာ ကမ္ဘာကျော် စာအုပ်တအုပ်ပါ။ သူ့ရဲ့မွေးနေ့ ဇူလိုင် ၁၂ ရက်နေ့ကို ကုလသမဂ္ဂအဖွဲ့ကြီးကနေ မာလာလာနေ့ရယ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။
“ကလေးတွေနဲ့ လူငယ်တွေအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်တိုက်ဖျက်မှုနဲ့ ကလေးအားလုံး ပညာသင်ကြားခွင့်ရရေးအတွက် လှုပ်ရှားမှုတို့ကြောင့် ရွေးချယ်ခဲ့ပါတယ်” လို့ နိုဘဲလ်ဆု ချီးမြှင့်ရေး ကော်မတီရဲ့ မှတ်ချက်မှာ ပါရှိပါတယ်။ မာလာလာက ပြောခဲ့ဖူးပါတယ် “ကျမမှာ အိပ်မက်အသစ်တခုရှိတယ်။ ပါကစ္စတန်ကို ကယ်တင်ဖို့ ကျမ နိုင်ငံရေးသမားတယောက် ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ပါပဲ။ ကျမတို့နိုင်ငံမှာ ပဋိပက္ခတွေ အများကြီးပါပဲ။ အဲဒီ ပဋိပက္ခတွေကို ပြေငြိမ်းစေချင်ပါတယ်” တဲ့။
ကိုးကွယ်တဲ့ဘာသာ မတူပေမယ့်၊ လူမျိုးမတူပေမယ့် ကလေးသူငယ် အားလုံးအတွက် ပညာရေးက အရေးကြီးဆုံးပဲဆိုတာ ကေလတ်ဆတ်ယာသီ နဲ့ မာလာလာ ယူဆွဇ်ဇိုင် တို့က သက်သေပြလိုက်တာပါပဲ။ လက်ရှိ ကျမတို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေဟာ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနေရသလို ကလေးတွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။
ကလေးသူငယ်တွေ ပညာသင်ယူခွင့် ရရှိရေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ ကလေးစစ်သား ပပျောက်ရေး၊ စစ်ကြောင့် မြေစာပင်ဖြစ်ရရှာတဲ့ ကလေးတွေ လျော့နည်းပပျောက်ရေး၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေး အားလုံးဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးဖြစ်ပြီး အဲဒီအခွင့်အရေးကို ကာကွယ်ပေးဖို့ တာဝန်သိ၊ တာဝန်ရှိသူတွေအနေနဲ့ နည်းလမ်းတွေ ရှာဖွေရမှာဖြစ်သလို တဘက်ကလည်း ကေလတ်ဆတ်ယာသီလို၊ မာလာလာလို ကလေးသူငယ် အခွင့်အရေးအတွက် တက်ကြွ လှုပ်ရှားသူတွေ ပေါ်ထွက်လာဖို့ အချိန်ကျရောက်ပြီဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါတယ်။