အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံ လာရောက်ရန် နီးကပ်လာချိန်တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်နာယက သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ခေါင်း ဆောင်များ ပါဝင်သော နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးထိပ်သီးများတွေ့ဆုံပွဲသို့ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်း စုကြည် တို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းတင် ၊ ညီညွှတ်သော တိုင်းရင်း သားများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်လည်းဖြစ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခွန် ထွန်းဦး ၊ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့(FDA) ခေါင်းဆောင် ဦးခင်မောင်ဆွေ ၊ တိုင်းရင်းသား ညီနောင်များ ဖက်ဒ ရေးရှင်း(NBF) အဖွဲ့ ခေါင်း ဆောင် လည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးစိုင်းအိုက် ပေါင်း စုစုပေါင်း ၁၀ ဦးပါဝင် မည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေး တွေ့ဆုံပွဲ မတိုင်မီ အစိုးရက တရားဝင် သတင်းထုတ်ပြန်မည်မဟုတ်ဘဲ တွေ့ဆုံပွဲ တက်ရောက်မည့် နိုင်ငံရေး ခေါင်းဆောင်များကိုလည်း သတင်းမထုတ်ပြန်ရန် ပြောဆိုထားကြောင်း၊ တွေ့ဆုံပွဲ၏ ခေါင်းစဉ် ကို နိုင်ငံရေးခေါင်းဆောင် များ ကိုယ်တိုင် သိရှိခြင်းမရှိကြောင်း၊ တွေ့ဆုံပွဲအတွက် ဖိတ်ကြားမှုများ လက်ခံရရှိထားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“အခုဖိတ်တဲ့ အထဲမှာ ဦးစိုင်းအိုက်ပေါင်းဆိုရင် NBF ကို ကိုယ်စားပြုတယ် ။ ဦးခင်မောင်ဆွေ ဆိုရင် FDA ကို ကိုယ်စား ပြုတယ်။ ဦးခွန်ထွန်းဦးဆိုရင် UNA ကို ကိုယ်စားပြုလိမ့်မယ်။ NLD ၊ ပြည်ခိုင်ဖြိုးနဲ့ တစညကိုပဲ ပါတီ အနေနဲ့ ဖိတ်ထား တယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အကျပ်အတည်း၊ ရှေ့ဆက် မတိုး နိုင်တော့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၊ နိုင်ငံရေး အကျပ်အတည်းနှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် အဆိုပါ တွေ့ဆုံပွဲသည် အရေးကြီးပြီး နိုင်ငံအတွက် အပြောင်းအလဲဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရေးစောင့်ကြည့် လေ့လာသူများက သုံးသပ်သည်။
မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက “ဒီတွေ့ဆုံ ဆွေးနွေးပွဲကနေ မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံ အသစ်တခု ပထမဆုံး စပြီးလှမ်းတဲ့ ခြေလှမ်းတခု ဖြစ်ဖို့ လိုတယ်။ ရေရှည် အမြင်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ကျကျ ဦးတည်နိုင်တဲ့ အခြေခံကောင်းတွေကို ချမှတ် နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမျိုး ဖြစ်ဖို့ လိုတယ်။ ဒါပေမယ့် အမေရိကန် သမ္မတ အိုဘာမား မလာခင်မှာ နိုင်ငံရေး အရ မျက်လှည့်ပြတဲ့ တွေ့ဆုံမှုမျိုး မဖြစ်ဖို့ လိုတယ်။ တိုင်းရင်းသား မြန်မာပြည်သူ လူထုအများစု ကလည်း ဒီတွေ့ဆုံမှုနဲ့ ဒီတွေ့ဆုံမှု နောက်ပိုင်းမှာ ဖြစ်လာမယ့် အခြေအနေတွေ အပေါ်မှာ မျှော်လင့်ချက် ကြီးကြီး ထားပြီးတော့ စောင့်ကြည့် နေကြတယ်” ဟု သုံးသပ်ပြောဆိုသည်။
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော်က မြန်မာအစိုးရ အဆက်ဆက်သည် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အကျပ် အတည်းများရှိတိုင်း ဖိအားများလျော့ကျရေး လက်တွေ့မပါသော ဟန်ပြ တွေ့ဆုံဆွေးနွေးမှုများ အကြိမ် ကြိမ်ပြုလုပ် ခဲ့ ကြောင်း၊ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး အကျပ် အတည်း တွေ့ကြုံ နေရ ချိန် နေပြည်တော် နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲ ပေါ်ထွန်းလာခြင်းအတွက် သံသယဖြင့် စောင့်ကြည့် ရမည် ဖြစ်ကြောင်း ပြောသည်။
“၁၉၉၄ ခုနှှစ်ကတည်းက အာဏာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တချိန်လုံး တွေ့ခဲ့ကြတာ။ တွေ့တဲ့ အခါတိုင်း မှာ လည်း နိုင်ငံတကာရဲ့ Pressure တွေ ၊ ပြည်တွင်းမှာ ရှိတဲ့ Pressure တွေ ရှိတဲ့ အခါတိုင်း တွေ့လေ့ရှိတယ်။ ပြီးတော့ ဘာမှ ဖြစ်လာခဲ့တာ မရှိဘူး။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီဘက်ခေတ်မှာ တွေ့ခဲ့တာပဲ။ ဘာမှ ဖြစ်လာ တာ မဟုတ်ဘူး။ အခုလည်း အစိုးရက အကျပ်အတည်း ဖြစ်နေတဲ့ ကာလ စီးပွားရေးအရရော ၊ လူမှုရေး အရရော အကျပ် အတည်းတွေ ဖြစ်နေတဲ့ ကာလမိုလို့ ဒီတွေ့ဆုံမှုဟာ မျက်လှည့်ပြကွက်တခုက လွဲလို့ ဘာမှ မထူးဘူး။ နောက်တချက်က အိုဘာမား ခရီးစဉ်ကြောင့် မျက်လှည့် ပြကွက်တခု ဆိုရင်တော့ မကောင်းဘူး။ တကယ် တမ်းက Legal Binding (သို့မဟုတ်) ပဋိညာဉ် လိုတယ်။ ပဋိညာဉ် မရှိလို့ကတော့ လက်ဖက်ရည်ပွဲ သာသာနဲ့ပဲ ပြီးသွားမှာ။ ပဋိညာဉ် စာချုပ် မရှိလို့ မရ ဘူး။ ပဋိညာဉ် စာချုပ် မရှိဘဲ လက်ဖက်ရည်ဝိုင်းသာသာ တွေ့လို့ကတော့ တိုင်းပြည်အတွက် ဘာမှ ဖြစ်လာမှာ မဟုတ် ဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြုံနေရချိန် အမေရိကန်အစိုးရအနေဖြင့် ကျရှုံးလျက်ရှိနေသော နိုင်ငံခြားရေးမူဝါဒကို အဖတ် ဆယ်သည့်အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်အစိုးရပေါ်လစီကို အောင်မြင်မှုတခုပြသရန် ကြိုး ပမ်းမည် ဆိုပါက သမ္မတဦးသိန်းစိန်အစိုးရသာလျှင် အကျိုးရှိမည်ဖြစ်ပြီး မြန်မာပြည်သူများနှင့် ဒီမိုကရက်တစ် အင်အား စုများ အတွက် တစုံတရာ အကျိုးရှိမည်မဟုတ်ဟု ဦးအောင်ဇော်က ဆက်လက်ပြောဆိုသည်။
မြန်မာ့အရေး လေ့လာသူ ဘာတေးလ်လင့်တနာကမူ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံမလာမီ ကျင်းပမည့် နေပြည်တော် နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲသည် လက်ရှိ နိုင်ငံတွင်း တွေ့ကြုံနေရသည့် နိုင်ငံရေးအကျပ်အတည်းကို ပြေလည်မည်ဟု မယုံကြည်ကြောင်း ပြောဆိုသည်။
“နေပြည်တော်ထိပ်သီးတွေ့ဆုံပွဲမှာ ဘာတွေ ပြောကြမလဲဆိုတာ ကျနော် မသိဘူး။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ တွေ့ဆုံမှုက နိုင်ငံရေး အကျပ်အတည်းကို ပြေလည်စေဖို့ထက် တိုင်းရင်းသားလက်နက်ကိုင်တွေကို အပစ်အခတ် ရပ်စဲ ရေးမှာ လက်မှတ်ရေးထိုးဖို့ ထပ်ပြီး ဖိအားပေးနိုင်တယ်။ မြန်မာအစိုးရအနေနဲ့ အမေရိကန်သမ္မတ အိုဘားမားကို အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်နဲ့ ကြိုဆိုချင်တယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရနေပြီလို့ မြန်မာအစိုးရက ပြောချင် နေတာ။ အပစ်အခတ်ရပ်စဲရေးရလို့ ငြိမ်းချမ်းသွားရင် အမေရိကန်ကုမ္ပဏီတွေက မြန်မာနိုင်ငံထဲ ဝင်လာပြီး တရုတ် ကုမ္ပဏီ တွေကို ကန်ထုတ်ပစ်နိုင်တယ်” ဟု ဘာတေးလ်လင့်တနာက ရှင်းပြသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်ကမူ နေပြည်တော်ထိပ်သီးတွေ့ဆုံ မှုသည် နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေတခု ထွက်ပေါ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။
“ကျနော်ကတော့ အကောင်းမြင်တယ်။ တွေ့ဆုံမှုက နိုင်ငံအတွက် အဖြေတခုခုတော့ ထွက်လာနိုင်မှာပါ” ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးကမူ နေပြည်တော်နိုင်ငံရေးထိပ်သီးများ တွေ့ဆုံပွဲအပေါ် သံသယဖြင့် ကြိုဆိုကြောင်း၊ သို့သော တွေ့ဆုံဆွေးနွေးမှုကို မယုံကြည်ဟုဆိုကာ ပယ်ချက်၍ မရနိုင် ကြောင်း သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံက လာမည့် နိုဝင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး တက် ရောက်ရန် အမေရိကန်သမ္မတအိုဘားမား နိုဝင်ဘာလအတွင်း နေပြည်တော်သို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။