ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအစား ၁၂ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုတရပ်ကို ယနေ့ ကျင်းပသော ရန်ကုန်တိုင်းလွှတ်တော်အစည်း အဝေးတွင် ရန်ကုန် အစိုးရ၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောထွန်းအောင်မြင့်က တင်ပြ တောင်းဆိုလိုက်ပြီး ယင်းအဆိုကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စု လွှတ်တော်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦးသိန်းစိန်၊ ကချုပ် မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်အမတ်တဦး စုစုပေါင်း ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားရာ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်အမတ်တဦးဖြင့် တိုင်းရင်းသား အားလုံးကို ကိုယ်စားမပြုနိုင်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်အမတ်တဦး အစား တိုင်းရင်းသား ပင်မမျိုးနွယ်စု ဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးစုတို့ကို ကိုယ်စားပြု ကိုယ်စားလှယ်တဦးစီဖြင့် စုစုပေါင်း ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးသင့် ကြောင်း ဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။
“ တိုင်းရင်းသား အများစု၏ ဆန္ဒသဘောထား ဖြစ်ခြင်း၊ ပိုမိုပြည့်စုံပြီး ပိုမို လေးနက်၍ ပိုမိုအနှစ်သာရ ရရှိစေဖို့ ရည်ရွယ် ထားသလို ယုံကြည်လို့ တင်ပြခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က တင်ပြထားသည့် နံပါတ်စဉ် ၁ ကနေ ၅အထိကို ကျ နော်တို့ အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် တိုင်းရင်းသား မျိုးနွယ်စုက ကိုယ်စား ပြုတာမှာ ပိုမို ပြည့်စုံစေဖို့ ထပ်တိုးတာ ဖြစ်ပါတယ် ” ဟု ဦးစောထွန်းအောင်မြင့်က လွှတ်တော်တွင် ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး သဃာန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်၏ အရေးကြီးအဆိုကို သဘောတူကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“တိုင်းရင်းသားတွေက အရေးကြီးပါတယ်။ ပြောရရင် တိုင်းရင်းသားပေါင်းစုံနေတာဆိုတော့ တိုင်းရင်းသားတခုစီပါဝင် သင့်ပါတယ်။ ပါတီကိုယ်စားပြုသူတွေပဲ ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ပါတီကိုယ်စားပြုက နိုင်ငံကိုယ်စားပြု ဖြစ်ချင်မှဖြစ် မယ်။ ဒီတော့ တိုင်းရင်းသားတခုကို ကိုယ်စားပြု တဦးကတော့ ရှိသင့်ပါတယ် ”ဟု ဦးကျော်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကမူ ပြည်ထောင်စု လွှတ်တော်အဆင့်က ဆုံးဖြတ်ပြီး အတည်ပြုထားသည့် ကိစ္စရပ်တခုကို တိုင်းဒေသကြီးအဆင့်က ပြန်လည်ပြင်ဆင်ရန် အဆို တင်သွင်းမှုသည် သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ်ကို ကာကွယ်ပေးလိုသည့် သဘောဟု ထင်မြင်ကြောင်း ပြောဆိုသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်ကမူ “တိုင်းရင်းသား ကိုယ်စားပြုမှုက ရွေးဖို့ခက်တယ်။ တခုချင်းစီမှာ လက်နက်ကိုင် အဖွဲ့တွေ ရှိသလို ပါတီတွေလည်း ရှိတယ်။ အချိန်ပေးရွေးမှ ရမယ်။ တခုလုံး ကိုယ်စားပြုဖို့က ခက်တယ်။ အရင်ဆုံးဆွေးနွေးမှ ရမှာ ။ မဟုတ်ရင် နပန်းလုံးနေရမယ်” ဟု ပြောဆိုသည်။