မြန်မာနိုင်ငံ၏ လူဦးရေ ၃၀ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် က ထုတ်ပြန်လိုက်သည်။
ထို့အပြင် ကျေးလက်နေ မိသားစုများ၏ ထက်ဝက်ခန့်မှာ တနှစ်လျှင် ၂လခန့် အစားအစာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရ ကြောင်း လည်း ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သော “မြန်မာနိုင်ငံ အခြေအနေ စနစ်တကျ လေ့လာဆန်းစစ်မှု” အစီရင်ခံစာ တွင် ဖော်ပြထားသည်။
မြန်မာအစိုးရက ကောက်ယူခဲ့သော ၂ဝ၁၃ ခုနှစ် စစ်တမ်းအရ ကျေးလက်ဒေသရှိ အိမ်ထောင်စု ၆ သန်းခွဲကို စစ်တမ်းကောက် ယူရာ လယ်ယာမဲ့ လယ်သမား ၃ သန်းနီးပါး ရှိသည်ကို တွေ့ရသည်ဟု ကမ္ဘာ့ဘဏ်၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးမှု အရှိန်ရလာသော်လည်း စိုက်ပျိုးရေးကဏ္ဍမှာ ဖွံ့ဖြိုးမှုအားနည်း နေ ဆဲ ဖြစ်ပြီး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲမှု တိုက်ဖျက်ရေးတွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု ထိုအစီရင်ခံစာ၌ ဆက်လက် ဖော်ပြထားသည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးမှု အားနည်းရခြင်းမှာ လယ်ယာကဏ္ဍမှ ထုတ်လုပ်နိုင်မှု အရည်အသွေး နိမ့်ပါးခြင်း၊ မြေယာ မပိုင်ဆိုင်မှုနှင့် ရာသီဥတု မှန်ကန်မူ မရှိခြင်း၊ ကျေးလက်ဒေသတွင် အခြေခံ အဆောက်အအုံ အားနည်းချက်များကြောင့် ပြည်ပဈေးကွက်သို့လည်း ထိုးဖောက်နိုင်မှု မရှိကြောင်း အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Ulrich Zachau က“စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဝင်ငွေတွေ ဘယ် လို တိုးတက်အောင် လုပ်ဖို့ဆိုတာ အစီရင်ခံစာမှာ ပါပါတယ်။ မြန်မာပြည်မှာ လယ်သမားတွေ အများကြီး ရှိပါတယ်။ ပိုပြီးတော့ ထုတ်ကုန်တွေ တိုးတက်ပြီးတော့ ဝင်ငွေတွေ တိုးလာအောင် လုပ်ဖို့လိုပါတယ်”ဟု ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ် ရုံးချူပ်တွင် ပြုလုပ်သည့် ထိုအစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောဆိုသည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရက စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးနေသော်လည်း ကျေးလက်ဒေသများတွင် လယ်ယာ၊အလုပ်သမား ရှားပါးလာမှု ပြဿနာများကို ကြုံတွေ့နေရသည်ဟု ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ တောင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဒေသခံ တောင်သူတဦးဖြစ်သူ ဦးကျော်အောင်က“ကျနော်တို့ရွာမှာ လယ်လုပ်တဲ့သူတွေ သိပ် မရှိကြတော့ဘူး။ လုပ်ခရတာလည်း နည်းတယ်၊ ပင်လဲပင်ပန်းကြတော့ မြို့တက်ပြီး အလုပ် လုပ်ကြတော့တယ်”ဟု ပြောပြသည်။
မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းတွင် သာဘာဝဓာတ်ငွေ့ တင်ပို့မှုကသာ လက်ရှိအချိန်ထိ အဓိက မောင်းနှင်နေသည့် ကဏ္ဍတွင် ရှိနေပြီး အခြားကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေး ကဏ္ဍများလည်း ပါဝင်လာသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ပါရှိသည်။
ကမ္ဘာ့ဘဏ် အစီရင်ခံစာပါ အချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးမျိုးသူရအေးက “ကမ္ဘာ့ဘဏ်က ဒီလိုမျိုး ထောက်ပြတာ ကောင်းပါတယ်။ ဒီလိုအပ်ချက်တွေကို ကမ္ဘာ့ဘဏ် အနေနဲ့ ထောက်ပံံ့မှုတွေ ဘယ်လို ပေးနိုင်မလဲ ဆိုတာပါ အစီရင်ခံစာမှာ ဖော်ပြပေးရင် ပိုကောင်းမယ်။ ဘာလို့လဲ ဆိုတော့ လယ်ယာကဏ္ဍက သန်း ၅၀ကျော်သော ပြည် သူ ကို ကိုယ်စားပြုတဲ့ လုပ်ငန်းကြီး ဖြစ်နေလို့ပါ’’ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လူတဦးချင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး(GDP) မှာ ၁၁၀၅ ဒေါ်လာရှိပြီး ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၇.၅ ရာခိုင်နှုန်းနှင့် ဒေသတွင်း နိုင်ငံများအကြားတွင် အမြင့်ဆုံး ဖြစ်လျက်ရှိနေကြောင်း၊ မြန်မာနိုင်ငံ၏ ၅၁.၄ သန်းရှိသာ လူဦးရေ၏ ၃ ပုံ ၁ ပုံအောက်သာ လျှပ်စစ်မီး ပင်မ ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ထားနိုင်သေးပြီး ဖွံ့ဖြိုးမှုနှုန်းမှာ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိမ့်နေသေးသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုထားသည်။