အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့ ချီတက်လာသော သပိတ် မှောက် ကျောင်းသားများကို ကျောက်ဆည်မြို့တွင် တည်းခိုခွင့်မပြုရန် အာဏာပိုင်များက ဖိအားပေးနေကြောင်း သတင်း ရရှိသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှ စ၍ မန္တလေးမှ ရန်ကုန်မြို့ကို ဦးတည်ချီတက်လာသော သပိတ်မှောက် ကျောင်းသားများသည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပုလိပ်မြို့မှ တဆင့် စဉ့်ကိုင်နှင့် ကျောက်ဆည် မြို့သို့ သွားရောက်ကြမည် ဖြစ်ပြီး ကျောက်ဆည် မြို့၊ ဆင်ဖြူတော်ဝတ် ဘုန်းကြီးကျောင်းတွင် တရက်တာ သပိတ်ရပ်နားရန် စီစဉ်ထားကြောင်း၊ သို့ရာတွင် အာဏာ ပိုင်များက သက်ဆိုင်ရာ ဘုန်းကြီးကျောင်းကို သပိတ်မှောက်ကျောင်းသားများကို တည်းခိုခွင့်မပြုရန် လာရောက် ဖိအား ပေးကြောင်း သိရှိရသည်။
“သပိတ်မှောက် ကျောင်းသားတွေ တည်းမယ့် ဆင်ဖြူတော်ဝပ် ဘုန်းကြီးကျောင်းကို အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုမိန့်ယူဖို့နဲ့ ဒီမှာ ကျောင်းသားတွေကို တည်းခွင့် မပြု ဖို့ လာပြောတယ်လို့ ပြောတယ်။ ဆရာတော်ကတော့ တည်းခွင့်ပေးပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အဲဒီမှာ မတည်းတော့ဘဲ ဒေသခံတွေ စီစဉ်ပေးတဲ့ ခြံကျယ်တဲ့ အိမ်တအိမ်မှာ တည်းဖို့ စီစဉ်လိုက်တယ်” ဟု သပိတ်မှောက် ကျောင်းသားများ၏ နေရေးကို စီစဉ်ပေးသည့် ကျောင်းသား ကိုရဲဇာနည်ထွန်းက ပြောသည်။
သပိတ်မှောက် ကျောင်းသားများသည် မန္တလေး- ကျောက်ဆည်- မြင်းခြံ- ပခုက္ကူ- မကွေး-ပြည် မြို့ကြီး ငါးခုကို ဖြတ်၍ ရန်ကုန်ကို ချီတက်ကြမည်ဖြစ်ပြီး နိုင်ငံတဝန်းရှိ တက္ကသိုလ်များတွင် အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှု ဆက်တိုက် ပေါ်ပေါက်လျက်ရှိသည်။
ထားဝယ်မြို့တွင် ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များက အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်ရေး လှုပ်ရှားမှုများစွာ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“မနေ့က ထားဝယ် ဝိဇ္ဖာ၊ သိပ္ပံ တက္ကသိုလ်ကို သွားပြီး ကျောင်းသားတွေကို စည်းရုံးတယ်။ ဒီနေ့ ကျနော်တို့ ကျောင်းသား အဖွဲ့က နည်းပညာ တက္ကသိုလ်ကို ဝင်ပြီး တခန်းဝင်၊ တခန်းထွက်နဲ့ ကျောင်းသား တွေကို စည်းရုံးနေပါတယ်” ဟု ထားဝယ် ခရိုင် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် နည်းပညာ ကျောင်းသား ကိုသူရနိုင်က ပြောသည်။
ထားဝယ် ကျောင်းသားသပိတ် ဆင်နွဲနေစဉ် သက်ဆိုင်ရာမှ ခွင့်ပြုမိန့် တောင်းခံရန် ပြောကြားသဖြင့် ခွင့်ပြုချက် တောင်းခံ ခဲ့ရာ သက်ဆိုင်ရာက နေ့ချင်းပြီး ခွင့်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း ကိုသူရနိုင်က ဆိုသည်။
ထားဝယ်ကျောင်းသား သပိတ် ဆင်နွဲရာတွင် တက္ကသိုလ် ပါမောက္ခချုပ်များက တားဆီးမှုများ ရှိခဲ့သော်လည်း သပိတ် ရပ်တန့်သွားခြင်း မရှိကြောင်း၊ မန္တလေးမှ ရန်ကုန်သို့ ချီတက်နေသည့် သပိတ်မှောက် ကျောင်းသားများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည့် အစီအစဉ်များရှိနေကြောင်း သိရှိရသည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက်သည့် ကျောင်းသားများ၏ သပိတ်တိုက်ပွဲ စတင်သည့်နေ့နှင့် တပြိုင်တည်း အမျိုးသား ပညာရေး ဥပဒေကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့် သဝဏ်လွှာတစောင်ကို သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီလ ၁၉ ရက် နေ့စွဲဖြင့် ပေးပို့ရာ အစိုးရပိုင်းက ကိုင်တွယ်ရမည့် ကိစ္စကို လွှတ်တော်သို့ လွှဲပြောင်းလိုက်ခြင်း သည် ခေါင်းရှောင်ခြင်းသာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုကြသည်။
“ သမ္မတဘက်ကသာ ဒီအပေါ်ကို ပြင်သင့်တယ်ဆိုရင် သူတို့မှာလည်း ရှေ့နေတွေ ရှိပါတယ်။ အဲဒီရှေ့နေ တွေနဲ့ ပြင်ဆင် ချက်ရေးဆွဲပြီး တခါထဲ ပြင်ဆင်ချက်ပို့လို့ရပါတယ်။ အခုက သမ္မတရဲ့ စာကိုက ဝေ့ဝေ့ဝါးဝါး ဖြစ်နေတော့ ကျနော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ အခုက ကျောင်းသား တွေ ပူညံပူညံဖြစ်လို့ သူတို့ ခေါင်းရှောင်လိုက်တယ်လို့ပဲ မြင်တယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာတွင် အမျိုးသား ပညာရေး ဥပဒေပါ ဗဟိုချုပ်ကိုင်မှုများ ရှိနေသည့် ကော်မရှင်၊ ကော်မတီ ဖွဲ့စည်းခြင်းကို ပြန်လည်သုံးသပ်ရန်၊ ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်း နိုင် ရေး၊ လူတိုင်းအကျုံးဝင် ပညာရေးကို ထည့်သွင်း ပြဋ္ဌာန်းပေးရေး စသည့်အချက်များကို ပြင်ဆင် နိုင်ရန် ဥပဒေပြုရေး အာဏာရှိသည့် ပြည်ထောင်စု လွှတ်တော် က လုပ်ဆောင်ရန် တိုက်တွန်း ကြောင်း ဖော်ပြ ထားသည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ ကွန်ယက်(NNER) နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကျောင်းသားများနှင့် ၄ ပွင့်ဆိုင်တွေ့ဆုံ ညှိနှိုင်း အဖြေရှာရန် ကျောင်းသားများက တောင်း ဆို ထားသည်။