မြန်မာနိုင်ငံတွင် တံခါးဖွင့် စီးပွားရေးကို စတင်ကျင့်သုံးလိုက်သည့်အခါ စီးပွားဖြစ် စိုက်ပျိုးရေးကြောင့် သစ်တောများ ဆုံးရှုံးလာခဲ့သည်။ ယင်းသို့ ပြန့်နှံ့မှုနှုန်းသည် သတိထားစရာ အရေးပေါ်အခြေအနေ ဖြစ်လာနေပြီး တိုင်းပြည်တွင်းရှိ လူနည်းစု တိုင်းရင်းသားများနှင့် ဇီဝမျိုးကွဲများအတွက် ဆိုးရွားသည့် ရလဒ်များ ကြုံလာနေသည်ဟု ထွက်ရှိလာသော အစီရင်ခံစာသစ် တစောင်က ဆိုသည်။ ထို့ပြင် မြေယာပဋိပက္ခဖြစ်ပွားခြင်းများ တိုးလာနေသည်ဟု ဆိုသည်။
မြန်မာအစိုးရက စီးပွားဖြစ် စိုက်ပျိုးရေး စီမံကိန်းများအတွက် သစ်တော ဧက ၅.၂ သန်းခန့် ခွဲဝေချထားပေးခဲ့ပြီး အရှေ့ တောင် အာရှတွင် နောက်ဆုံးကျန်နေသည့် ဇီဝမျိုးကွဲများ ရှိနေသည့် သစ်တော ဧက ၁၁ သန်းကိုလည်း ထပ်မံချထားရန် ရှိနေသည်ဟု ဝါရှင်တန်အခြေစိုက် သစ်တောထိန်းသိမ်းရေး အဖွဲ့အစည်းတခုဖြစ်သည့် Forest Trends က မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာက ဆိုသည်။
ရလဒ်တခု အနေဖြင့် ဒေသခံပြည်သူ အသိုင်းအဝိုင်း အမြောက်အမြားသည် သူတို့ ပိုင်ဆိုင်သည့် မြေများကို အမြဲတမ်း လက်လွတ်ဆုံးရှုံးစေခဲ့ပြီး ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီ ဖြစ်သော အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် ပဋိပက္ခများကို မီးထိုးပေးသလို ဖြစ်သွားလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။ သဘာဝတောရိုင်း တိရိစ္ဆာန်များလည်း ဆုံးရှုံးရလိမ့်မည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ တဝက်နီးပါးမျှကို စိမ်းလန်းသည့် သစ်တောများက ဖုံးလွှမ်းထား သော်လည်း သစ်တောပြုန်းတီးမှုနှုန်းက ကမ္ဘာပေါ်တွင် အမြင့်ဆုံးထဲတွင် ပါဝင်နေသည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ပြော သည်။
Forest Trends အဖွဲ့၏ အစီရင်ခံစာတွင် စိုက်ပျိုးရေးအတွက် သစ်တောများ ရှင်းလင်းမှုနှင့် ကြုံတွေ့နေရသော ဇီဝမျိုးစိတ် ကြွယ်ဝသည့် ဒေသ ၂ ခုကို စုံစမ်းစစ်ဆေးဖော်ပြထားသည်။ တခုမှာ မြန်မာနိုင်ငံမြောက်ပိုင်းတွင်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော သစ်တောထူထပ်သည့် ကချင်ပြည်နယ် ဖြစ်ပြီး ယခုအခါ ရာဘာနှင့် ဇီဝလောင်စာထုတ်လုပ်နိုင် သည့် အပင်များစိုက်ပျိုးရေးကြောင့် သစ်တောများဆုံးရှုံးနေရသည်။ နောက်တခုမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေကာ ဇီဝမျိုးကွဲ များနေထိုင်ရာ ဖြစ်သည့် တနင်္သာရီတိုင်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင်လည်း ဆီအုန်းနှင့် ရာဘာစိုက်ပျိုးရေး အတွက် သစ်တောများ အစားထိုးခြင်းနှင့် ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံ၏ စီးပွားဖြစ်စိုက်ပျိုးခွင့် အများစုကို ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ချထားပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် မြေနေရာစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် မြေဧက ၃.၃ သန်းဖြစ်သည်။ အဆိုပါ ဒေသ ၂ ခုလုံးသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား ပဋိပက္ခများ ရှိနေသည့် နေရာများလည်း ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂက စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှု များ ရုပ်သိမ်းပေးလိုက်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းက အားလုံးအတွက် စီးပွားရေး အစွမ်းကုန်ဖွံ့ဖြိုးမှုတခု ဖြစ်လာလိမ့်မည်ဟု ပြောဆိုခြင်းများကို လူတိုင်းက လက်ခံ ကြမည် မဟုတ်ပါ။
ဖွံ့ဖြိုးရေးအတွက် လျာထားသတ်မှတ်ခဲ့သည့် သစ်တောအများစုသည် သမိုင်းကြောင်းအရ တိုင်းရင်းသားလူနည်းစု အသိုင်းအဝိုင်းများ ပိုင်ဆိုင်သည့်နေရာများနှင့် ထပ်နေသော်လည်း ၎င်းတို့၏ အခွင့်အရေးနှင့် အစဉ်အလာ မြေအသုံးချမှုကို တရားဝင် အသိအမှတ်ပြုခြင်း မခံရဟု အစီရင်ခံစာကဆိုသည်။
စီးပွားဖြစ်စိုက်ပျိုးရေး စီမံကိန်းအများအပြားသည် မည်သည့်အခါမျှ ထင်သာမြင်သာ အကောင်အထည်ပေါ်မလာခဲ့ပါ။ ၂၀၁၃ ခုနှစ်အထိ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် လုပ်ကိုင်ခွင့် ချထားပေးခဲ့သော မြေနေရာများအနက် ၁၅ ရာ ခိုင် နှုန်းတွင်သာ သီးနှံများစိုက်ပျိုးနိုင်ခဲ့သည်။
“ကျေးလက်ပြည်သူတွေရဲ့ စိုက်ပျိုးမြေတွေနဲ့ သစ်တောတွေ သိမ်းယူခံလိုက်ရတဲ့ အချိန်မှာ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေက ဒေသခံအသိုင်းအဝိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ စီးပွားရေး တိုးတက်မှုတွေ ယူ ဆောင်လာမယ်ဆိုတာတွေကလည်း အနှစ်မပါတဲ့ ကတိစကားတွေ အဖြစ်ပဲ ကျန်ခဲ့ပါတယ်” ဟု အစီရင်ခံစာကို ရေးသားသူ Kevin Woods က အစီရင်ခံစာနှင့် အတူပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
“ရှင်းလင်းခံလိုက်ရတဲ့မြေတွေရဲ့ ၇၅ ရာခိုင်နှုန်း (ဧက ၄သန်းခန့်) ဟာ အခုအချိန်အထိ အပင်မစိုက်ရသေးပါဘူး။ နောက် ပြီး လုပ်ပိုင်ခွင့်ချထားပေးမှုတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံ အသိုင်းအဝိုင်းကို ဆိုးကျိုးသက်ရောက်မှုတွေကနေ အကာအကွယ်ပေးတဲ့ စည်းကမ်းဥပဒေတွေ ပါဝင်ခြင်းမရှိပါဘူး” ဟု သူကဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံခြားသို့ ကျွန်းသစ် အဓိကရောင်းချနေသည့် နိုင်ငံများထဲတွင် ပါဝင်နေပြီး နိုင်ငံခြားသို့ သစ်တင်ပို့မှုသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ခုနှစ် အတွင်းတွင် တန်ဘိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၁.၆ ဘီလီယံ နီးပါး အထိ ခုန်တက်သွားခဲ့သည်။ သစ်ထုတ်လုပ်သူများ နှင့် ကုန်သည်များက ဥရောပနှင့် မြောက်အမေရိက ဈေးကွက်များသို့ ပိုမို တင်ပို့နိုင်ရန်လည်း ပြင်ဆင်နေကြသည်။ သို့သော်လည်း ပြဿနာတခုမှ သစ်ထုတ်လုပ်ခွင့်ကို လွယ်လွယ်ကူကူ မရ နိုင်တော့ခြင်း ဖြစ်သည်ဟု Forest Trends ကဆိုသည်။
“မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်ခွင့် ရဖို့ ပိုပြီးခက်ခဲလာပါပြီ” ဟု Forest Trends ၏ သစ်ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒါရိုက်တာ Kerstin Canby က အစီရင်ခံစာနှင့် အတူထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
“စီးပွားရေးလုပ်ငန်းတွေက ဆီအုန်းစိုက်ပျိုးခွင့်ရဖို့ ကြိုးစားနေကြတယ်။ ဒါမှလည်း တန်ဖိုးရှိတဲ့ သစ်တွေကို ခုတ်လှဲခွင့် ရကြမှာ ဖြစ်ပါတယ်။ ပြီးရင်သူတို့က ဆီအုန်းစိုက်ချင်မှလည်း စိုက်ကြပါလိမ့်မယ်။ ဈေးကစားပြီးတော့ အကျိုးအမြတ် ရနိုင်တဲ့ အတွက် နောက်ပိုင်းကျရင် အမြတ်တင်ပြီး ပြန် ရောင်းချင်လည်း ရောင်းကြလိမ့်မယ်” ဟု Kerstin Canby က ပြောဆိုသည်။