မြန်မာအစိုးရက အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ဝါရှင်တန်ဒီစီအခြေစိုက် Podesta Groupလို့ခေါ် တဲ့ နာမည်ကြီးအကျိုးဆောင်အဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ငှားရမ်းလိုက်ပါတယ်။
ဝါရှင်တန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ သြဇာညောင်းတဲ့ Podesta Group အကျိုးဆောင်အဖွဲ့ (Lobby Firm) ကို မြန်မာအစိုးရအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတိုးမြှင်ဖို့အတွက် တနှစ်စာ အမေရိကန် ဒေါ်လာ ၈သိန်းကျော်ပေးကာ ငှားရမ်းခဲ့တာဖြစ်တယ်လို့ ဧရာဝတီက လက်ခံရရှိထားသော စာချုပ်အရ သိရပါတယ်။
Podesta Group ရဲ့ တာဝန်ကတော့ မြန်မာအစိုးရကိုယ်စား အမေရိကန်အစိုးရ အပေါ်မှာ Lobby လုပ်ပေးဖို့ ဖြစ်ပါတယ်။
ဒါဟာ မြန်မာနဲ့ အမေရိကန်တို့အကြား သံတမန်ဆက်ဆံရေး ပုံမှန်အနေအထားကို ပြန်ရောက်ပြီး နောက်ပိုင်း မြန်မာအစိုးရအနေနဲ့ ပထမဆုံးအကြိမ် ကြေးကြီးကြီးပေးရတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် အကျိုးဆောင်အဖွဲ့ကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။
ဒီလို ငှားရမ်းခဲ့ချိန်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်လှည့်နေတယ်လို့ ဝေဖန်ခံ ရချိန်နဲ့ တိုက်ဆိုင်နေရုံသာမက ရွေးကောက်ပွဲ ပြုလုပ်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေတာကို တွေ့ရပါ တယ်။
Podesta Group ကို John Podesta နဲ့ Tony Podesta တို့က တည်ထောင်ခဲ့တာ ဖြစ်ပြီး၊ John Podesta ဟာ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်မယ့် ဟီလာရီကရင်တန်ရဲ့ ဝါရင့် အကြံပေးအဖြစ် မကြာသေးခင်က ရွေးချယ်ခံထားရသူဖြစ်သလို၊ အရင်ကလည်း အိမ်ဖြူ တော်၏ ထိပ်ပိုင်း အကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ယူခဲ့ကာ ဝါရှင်တန်နိုင်ငံရေး လောကမှာ လူသိများသူတဦး ဖြစ်ပါတယ်။
ဒါအပြင် သမ္မတ ကလင်တန် လက်ထက် အိမ်ဖြူတော်ရဲ့ ဌာနကြီး မှူး ( Chief of Staff) တာဝန်ကိုယူခဲ့သူ လည်းဖြစ်ပါတယ်။
Podesta Group နဲ့ မြန်မာအစိုးရအကြား ချုပ်ဆိုတဲ့ စာချုပ်ကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မျိုးထွန်းက အစိုးရကိုယ်စား လက်မှတ်ထိုးခဲ့ပြီး Podesta Group ကတော့ CEO ဖြစ်တဲ့ Kimberley Fritts က လက်မှတ်ထိုးခဲ့ကြတာပါ။
စာချုပ်ရဲ့ သက်တမ်းက တနှစ်ဖြစ်ပြီး Podesta Group ကို မြန်မာအစိုးရ ပေးချေရတဲ့ ငွေကတော့ သုံးလစာ ဒေါ်လာ ၂ သိန်း၁သောင်း၊ တနှစ်စာအတွက် စုစုပေါင်း ဒေါ်လာ ၈ သိန်းကျော်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။
Podesta Group ရဲ့ အဓိက လုပ်ဆောင်ရမယ့် Scope of Work ဆိုတဲ့နေရာမှာ အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရအကြား Public Relations ကို ပိုမိုခိုင်မာတိုးတက်အောင် ပြုလုပ်ပေးဖို့၊ ကောင်းမွန်သော ဆက်ဆံရေးတိုးမြှင်ဖို့နဲ့ အခြားလုပ်ငန်းဆောင်တာများလည်း ပါတယ်လို့ ယေဘူယျ ရေးသား ထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် Podesta Group ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ခရီးစဉ်တွေအတွက် လေယာဉ် စီးရာမှာ Business Class စီစဉ်ဖို့ နဲ့ အထက်တန်းကျကျ နေရာထိုင်ခင်း စီစဉ်ပေးဖို့တွေလည်း ပါဝင်ပါတယ်။
စစ်အစိုးရခေတ်တုန်းကလည်း ဝါရှင်တန် ဒီစီအခြေစိုက် PR Lobbying firm တွေကို ငွေကုန် ကြေးကျခံ ငှားရမ်းခဲ့ပြီး စစ်အစိုးရအပေါ် အမေရိကန်အစိုးရနဲ့ ပြည်သူပြည်သားတွေရဲ့ အမြင်တွေပြောင်း အောင် လုပ်ဖို့ ကြိုးစားခဲ့ဘူးတာတွေ ရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် အောင်မြင်ခြင်း ရှိခဲ့တာကို မတွေ့ရပါဘူး။
သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ မြန်မာနဲ့ အမေရိကန်အကြား ဆက်ဆံရေးတွေကို ကောင်းမွန် ခဲ့သလို သမ္မတအိုဘားမားကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တာလည်း တွေ့ရပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေကို အားရမှုမရှိကြောင်းကိုလည်း အမေရိကန် အစိုးရ ထုတ်ဖော်ပြောကြားခဲ့တာမျိုးတွေ ရှိခဲ့သလို အမေရိကန် မီဒီယာတွေကလည်း မြန်မာနိုင်ငံက တကယ့် ဖြစ်ရပ်မှန်တွေကို ဝေဖန်ရေးသားနေဆဲ ဖြစ်တယ်ဆိုတာကို တွေ့နေရပါတယ်။