သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ကျန်းမာရေးကဏ္ဍအောက်တွင် ပြောင်းလဲလာသည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဝန်ဆောင်မှုများ၊ ဆေးရုံကြီး၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ စရိတ်မျှပေး ကျန်းမာရေးစနစ်၊ ကျန်းမာရေး အသုံးစရိတ်၊ ဆေးရုံတွင် ဆရာဝန်၊ ဆရာမများနှင့် လူနာများကြား ဆက်ဆံရေး အခြေအနေတို့နှင့် ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာပပကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေ မြင့်တက်လာတာ ရှိပါသလဲ။
ဒီဘက်ပိုင်းမှာ ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေ မြင့်တက်လာလဲဆိုရင် ပြည်သူလူထုက နေပြီးတော့ ကျန်းမာရေးအတွက် စိုက်ထုတ်သုံးစွဲရတဲ့ ငွေလျော့နည်းလာအောင် ဆောင်ရွက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုးတွေနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မြင့်တက်လာပါတယ်။ ဒီလို မြင့်တက်လာအောင်၊ နိုင်ငံတော်ကနေပြီးတော့ အဆောက်အအုံပိုင်းဆိုင်ရာ ခေတ်မီတိုးတက်လာအောင်၊ ဆေးရုံသုံး စက်ပစ္စည်း ကိရိယာတွေ လိုအပ်သလို သုံးစွဲနိုင်အောင်နဲ့ ပြည်သူလူထုအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ပိုမိုထောက်ပံ့နိုင်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနကို ဘတ်ဂျက်တွေ ပိုချထားပေးနေပါတယ်။
အဲဒီလို ဘတ်ဂျက်တွေ တိုးချပေးတော့ ဆရာမတို့အနေနဲ့ အဆောက်အအုံပိုင်း ဆိုင်ရာတွေ တိုးချဲ့ဆောက်လုပ် လာနိုင်တယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ လူနာတွေအတွက် အသုံးဝင်တဲ့ ရောဂါရှာဖွေရေး စက်တွေ၊ ကုသရေးစက်တွေ၊ ကုသနိုင်ဖို့အတွက် ဆေးဝါးတွေ ပိုပြီး ထောက်ပံ့ပေးလာနိုင်တာမျိုးတွေ ရှိပါတယ်။
လက်ရှိဆေးရုံကြီးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။
အရင်တုန်းကတော့ သိတဲ့အတိုင်းပဲ၊ စရိတ်မျှပေး ကျန်းမာရေး စနစ်ပဲ။ တတ်နိုင်တဲ့သူတွေ အတွက်ကတော့ ငွေကြေးစိုက်ထုတ်ပြီးတော့ ကုသရပါတယ်။ မတတ်နိုင်တဲ့သူတွေ အတွက်ကတော့ အခမဲ့ ဆောင်ရွက်ပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့တာပေါ့။ အခုကျတော့ Out of Pocket လို့ခေါ်တဲ့ ပြည်သူတွေ စိုက်ထုတ်သုံးစွဲရတဲ့ငွေ ကျဆင်းရေးကို ဦးတည်လာတယ်။ အဆောက်အအုံပိုင်း ဆိုင်ရာကိုလည်း ဥပဓိရုပ်တွေ ပြောင်းလဲဖို့အတွက် တိုးချဲ့ပြီးတော့ ပြင်ဆင်ဆောက်လုပ်နေတယ်။ အထဲမှာလည်း ရောဂါရှာဖွေစက်တွေ တိုးချဲ့ပြီးတော့ တပ်ဆင်နေတယ်။
လူနာတယောက် ဆေးရုံရောက်လာပြီဆိုရင် ဆေးတွေချည်းပဲ ပေးလို့လည်း မရသေးဘူး။ သူ့မှာ ဘာရောဂါရှိလဲဆိုတာ သိဖို့အတွက် ရောဂါရှာပေးရတယ်။ ရှာတဲ့အခါမှာလည်း ဓာတ်ခွဲနဲ့ရှာတာ ရှိတယ်၊ ဓာတ်မှန်နဲ့ရှာတာ ရှိတယ်။ အခုနောက်ပိုင်း ဓာတ်ခွဲအတွက်ရော ဓာတ်မှန်အတွက်ရော စက်ပစ္စည်းတွေအတွက် နိုင်ငံတော်ကငွေတွေ တိုးချပေးနေတယ်။
ကင်ဆာဝေဒနာသည်တွေ အတွက်ဆိုရင် အကြာကြီး မစောင့်ရတော့ဘူး။ အရင်က ကင်ဆာရောဂါ ဝေဒနာသည်တွေအတွက် ဓာတ်ကင်တဲ့စက်က ၂ လုံးပဲ ရှိတော့ လူနာတွေက စောင့်ရတယ်။ အခုကျတော့ Linear Accelerator လို့ခေါ်တဲ့ ခေတ်မီစက် အသစ်ကြီး ၂ လုံး ထပ်မံ တပ်ဆင်တဲ့အတွက် စောင့်ဆိုင်းရချိန် တိုသွားတာပေါ့။ နောက်ပြီးတော့ ဆေးသွင်းကုသမှု ခံယူရမယ့် ကင်ဆာဝေဒနာသည်တွေအတွက် ဆေးဝါးတချို့ကိုလည်း အခမဲ့ပေးနိုင်ပြီ ဖြစ်ပါတယ်။
အစိုးရသစ် လက်ထက်မှာ ပြည်သူတွေက အစိုးရ ဆေးရုံဆေးခန်းတွေကို ပိုပြီး အားကိုးလာသလား။
ပိုပြီးတော့ အားကိုးလာတယ် ဆိုကတည်းက ယုံကြည်မှု ပိုများလာလို့ပေါ့။ အဲဒီလိုကြားရတော့ ဝမ်းသာတယ်။ ၂၀ဝ၈ ခုနှစ်လောက်က တနှစ်ကို လူနာ ၂ သောင်းခွဲရှိရာကနေ အခု ၂၀၁၄ ခုနှစ်မှာဆိုရင် လူနာပေါင်း ၆ သောင်း ၂ ထောင်ကျော် ဖြစ်လာပြီ။ အရေးပေါ်လူနာက တနေ့ကို လူနာ ၃၀ဝ ကနေ ၃၅၀ ကြားမှာ ရှိပါတယ်။ ၂၀ဝ ကနေ ၂၅၀ ကြားမှာ ဆေးရုံတက်ကြပါတယ်။ လူနာတွေ ဒီလိုတိုးလာခြင်းက သူတို့တွေ ဆေးရုံကို ပိုအားကိုးလာတဲ့ သဘောလို့ ပြောလို့ရတယ်။ အားကိုးတယ် ဆိုတဲ့နေရာမှာ ၂ ပိုင်း ရှိပါတယ်။
တခုကတော့ ဆရာမတို့ ပြောခဲ့တဲ့ Out of Pocket ကျဆင်းရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်တဲ့ အခြေခံ ဆေးဝါးတွေ ထောက်ပံပေးခြင်း၊ တခါ ရောဂါရှာဖွေပေးတဲ့ စက်ပစ္စည်း ကိရိယာတွေကို လူထုအတွက် တတ်နိုင်သလောက် အခမဲ့ဆောင်ရွက်ပေးခြင်း၊ တခါ ဓာတ်မှန်တို့၊ အာလ်ထရာဆောင်းတို့၊ စီဒီစကန် တို့ကိုလည်း အခမဲ့ ရိုက်ကူးပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေအပြင် နောက်တခုက ဆေးရုံမှာရှိနေတဲ့ ဆရာဝန်တွေ၊ ဆရာမတွေရဲ့ အရည်အသွေးပြည့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို နှစ်သက်လို့ လာကြတယ်လို့ မြင်ပါတယ်။
ဆေးရုံက ကုန်ကျစရိတ် သက်သာတယ် ဆိုပေမယ့် အရည်အသွေး မကောင်းရင် ဘယ်သူက လာချင်မှာလဲ။ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းလို့ လာတယ်လို့ပဲ ယူဆပါတယ်။
အရင်ကဆိုရင် ဆေးရုံကြီးနဲ့ ပတ်သက်ပြီး ဆက်ဆံရေး မကောင်းတာ၊ သန့်ရှင်းရေး အားနည်းတာ၊ လူနာဆောင် အစောင့်တွေနဲ့ အောက်ခြေဝန်ထမ်းတွေက ငွေကြေးတောင်းခံတာ နောက်ပြီးတော့ ဆရာမတွေက မာမာထန်ထန်ပြောတာ စသဖြင့်ပေါ့လေ။ အဲဒါတွေကြောင့် ပြင်ပကနေ ဝေဖန်မှုမျိုးစုံ ကြားခဲ့ရဖူးတယ်။ အခုနောက်ပိုင်းမှာတော့ ဘာပဲပြောပြော မီဒီယာတွေက လာကြည့်ပြီး ပြောင်းလဲလာတာတွေကို အမှန်တကယ် သိရှိခံစားပြီး ရေးပေးလာတာတွေ ရှိလာတယ်။
ဆေးရုံကြီးမှာ လူနာတဦးအတွက် ကျန်းမာရေး အသုံးစရိတ် အနည်းဆုံး ဘယ်လောက် သုံးမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး ရှိပါသလား။
လူနာတဦးအတွက် ကျန်းမာရေး အသုံးစရိတ် သတ်မှတ်ရာမှာ ဖြစ်ပွားတဲ့ရောဂါ၊ ပြင်းထန်မှုတွေ မတူညီတဲ့အတွက် လူနာတဦးကို ဘယ်လောက်သုံးမယ်ဆိုတာ သတ်မှတ်ရ ခက်ပါတယ်။ အဲဒီတော့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ တိုးမြင့်လာတဲ့ ကျန်းမာရေးအသုံး စရိတ်တွေအကြောင်း ပြောပြချင်ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ကျန်းမာရေး အသုံးစရိတ်တွေ သိသိသာသာ တိုးလာပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ အခြေခံဆေးဝါးတွေ ဝယ်ဖို့အတွက် တခါမှမရဘူးတဲ့ ငွေကြေးလို့ပြောရင် ရတယ်။ ဆေးဝါးဝယ်ယူဖို့အတွက် ငွေကျပ် သိန်းပေါင်း ၇၅၀ဝ ချထားပေးတယ်။ ၂၀၁၃-၁၄ ကျတော့ ကျပ်သိန်းပေါင်း ၂၄၅၀ဝ အထိ တိုးလာတယ်။ တိုးလာတာ ၂၀၁၄-၁၅ မှာကျရင် ကျပ်သိန်း ပေါင်း ၃၈၀ဝ၀ ရှိသွားပါပြီ။ ဆေးဝါးဝယ်ယူဖို့ရော၊ လူနာတွေအတွက် ဓာတ်မှန်ရိုက်ကူးဖို့အတွက် ဖလင်တွေရော သွေးစစ်ဆေးဖို့အတွက် လိုအပ်တဲ့ ကိရိယာတွေဝယ်ယူဖို့ အကုန်ပါပဲ။
ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ဖို့အတွက် ဘယ်လိုဆောင်ရွက်မှုတွေ ရှိပါသလဲ။
ဆေးရုံကြီးကို အဆင့်မြှင့်တင်တယ်ဆိုတဲ့ နေရာမှာ Structural ပိုင်းဆိုင်ရာ ပြုပြင်ရတယ်။ Function ပိုင်းဆိုင်ရာ ပြုပြင်ရတယ်။ Function ဆိုတာကတော့ ဆရာဝန်၊ ဆရာမတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောတာပေါ့။ Structural ပိုင်းဆိုင်ရာ ပြောရရင် ၅ ထပ်ဆောင်ကြီးတခု အသစ်ဖွင့်ထားတယ်။ လူနာတွေအတွက် ကင်ဆာရောဂါတွေကို စောစောစီးစီး သိနိုင်မယ့် PETCT လို့ခေါ်တဲ့ စက်တွေ ထားဖို့အတွက် အဆောက်အအုံတွေ စက်ပစ္စည်းတွေ လုပ်လာနိုင်တယ်။
ပြီးရင် နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိပြီးဖြစ်တဲ့ ပင်မဆောင်ကြီးကို ဥပဓိရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲဖို့နဲ့ ရေရှည် အသုံးပြုနိုင်ဖို့အတွက် တိုးချဲ့မွမ်းမံ ပြင်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်လာတယ်။ ဆေးဝါးတွေ သိုလှောင်ဖို့အတွက် ဆေးစတိုတွေ ဆောက်နေတယ်။ နောက်ပြီးတော့ အောက်စီဂျင်၊ အောက်စီဂျင် ဆိုတာက လူနာတွေအတွက်က အရေးကြီးတယ်လေ။ အရေးကြီးတဲ့ အောက်စီဂျင်ကို ထုတ်လုပ်နိုင်ဖို့အတွက် Oxygen Plant လို့ခေါ်တဲ့ စက်ရုံတွေ ဆောက်လုပ်တယ်။ ဒီအောက်စီဂျင်ကို လူနာတွေ အားလုံးအတွက် အခမဲ့ပေးနိုင်ပြီ ဖြစ်ပါတယ်။
အရေးပေါ်ဌာနဆိုရင်လည်း အဆင့်မြှင့်တင်ပြီးတော့ အရင်ဥပဓိရုပ် မဟုတ်တော့ဘဲ ခံ့ခံ့ညားညားဖြစ်အောင် လုပ်ထားတယ်။ အထဲမှာလည်း အရေးပေါ်လူနာတွေ ရောက်လာတဲ့အခါ အရေးပေါ် အသက်ကယ်တင်ခန်းတွေ ပြင်ထားတယ်။ ဒီအတွက်ကို နိုင်ငံတော်က ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ (ကျပ်) ၅ ဘီလီယံ ချထားပေးတယ်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ၅ ဒသမ ၅ ဘီလီယံ ချထားပေးတယ်။
နောက်ပြီးကျတော့ စက်ပစ္စည်းပိုင်းဆိုင်ရာ Function ပိုင်းတွေအတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွေအတွက် ၁၄ ဒသမ ၅ သန်းဖိုး စက်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။ ဓာတ်ရောင်ခြည်နဲ့ ကုသပေးတဲ့ Linear Accenerator စက်တွေ၊ CT Scan လို့ ခေါ်တဲ့ ဦးနှောက်ကို ကွန်ပျူတာနဲ့ ဓာတ်မှန်ရိုက်တဲ့စက်တွေ ပါတယ်။ ကွန်ပျူတာ ဓာတ်မှန်က 16 Slice ရှိတယ်။ 32 Slice ရှိတယ်။ 128 Slice ရှိတယ်။ သံလိုက်ဓာတ်မှန် (MRI) တွေလည်း အဆင့်မြင့်လာတယ်။ အရင်ကလည်း .35 Tesla Unit စက်အပြင် 1.5 Tesla Unit စက်ကြီးလည်း တပ်ဆင်ပြီး ဖြစ်ပါတယ်။
အပြင်မှာ Digital X-ray ရိုက်ရင် တသောင်းကျော် ကုန်ပါတယ်။ ဒီမှာ အခမဲ့ပါ။ စက်ပစ္စည်းပိုင်းဆိုင်ရာ ဖြည့်တင်းပေးတယ်။ အဆောက်အအုံပိုင်းဆိုင်ရာ ဖြည့်တင်းပေးတယ်။
ဆေးရုံကြီးမှာ လုံလောက်တဲ့ ဝန်ထမ်းအင်အား ရှိပါသလား။ လူနာတွေနဲ့ ဆရာဝန်၊ ဆရာမတွေရဲ့ အချိုး ဘယ်လောက်လောက် ရှိပါသလဲ။
ခုနက ပြောခဲ့သလို ၂၀ဝ၈ ခုနှစ်က လူနာ ၂၅၀ဝ၀ လာတုန်းကလည်း ဝန်ထမ်းအင်အားက ဒီလောက်ပဲ။ အခုလူနာ ၆၂၀ဝ၀ ကျော် ဖြစ်လာတဲ့ အချိန်မှာလည်း ဝန်ထမ်းအင်အားက ဒီလောက်ပဲ။ ဒါပေမယ့် အခုဆေးရုံအုပ်ကြီး လက်ထက်မှာ ဖွဲ့ စည်းပုံအသစ် တင်ထားတယ်။ အရင် လူအင်အား ၁၇၀ဝ လောက်ရှိတဲ့ ဖွဲ့စည်းပုံကို ၃၄၀ဝ လောက် ပါဝင်မယ့် ဖွဲ့စည်းပုံ အသစ်တခုကို နေပြည်တော်ကို တင်ထားပါတယ်။ လူအင်အား ၂ ဆတိုးပြီး တင်ထားပြီးပါပြီ။ သက်ဆိုင်ရာ ဌာနအသီးသီးမှာရှိတဲ့ ပရော်ဖက်ဆာတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ထားပြီးပါပြီ။
ရန်ကုန်ဆေးရုံကြီးမှာ တခြားဆေးရုံတွေထက် ဘယ်လို အားသာချက်တွေ ရှိလဲ။
ဆရာမတို့ ဆေးရုံကြီးဟာ ခုတင်အရေအတွက် အများဆုံးဖြစ်ပြီး ၁၅၀ဝ ဆံ့ ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံမှာ အကြီးဆုံးဖြစ်တယ်။ ဘယ်သူတွေ ဘယ်လို ပဲကုကု နောက်ဆုံးမှာ လွှဲပြောင်းပေးရတဲ့ ဆေးရုံကြီး တခုလည်း ဖြစ်တယ်။ ဆေးတက္ကသိုလ် (၁)ရန်ကုန် ရဲ့ သင်ကြားရေး ဆေးရုံကြီးဖြစ်တယ်။ ဘွဲ့လွန် ဆရာဝန်၊ ဆေးကျောင်းသားကျောင်းသူ၊ ဆရာမ၊ ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးရာ ဆေးရုံကြီး ဖြစ်တယ်။ ပြီးတော့ ဆေးရုံကြီးမှာ အထူးကု ဌာန ပေါင်း ၂၅ ခုနဲ့ ဖွဲ့စည်းထားတယ်။ တချို့ ဆေးရုံတွေ မှာ မရှိတဲ့ အထူးကု ဌာနတွေက ရန်ကုန်ဆေးရုံကြီး မှာရှိတယ်။ ဥပမာ ကင်ဆာရောဂါဌာနဆိုရင် ရန်ကုန် ဆေးရုံကြီးမှာပဲ ရှိတယ်။ ဦးနှောက်နဲ့ အာရုံကြော အကူးကုဌာန၊ နှလုံးရောဂါ အထူးကုဌာနတို့ဆိုတာ ဒီမှာပဲ ရှိတယ်။ မျက်နှာနဲ့ မေးရိုး၊ ခံတွင်းဌာန ဆိုတာလည်း ရှိတယ်။ အခုနောက်ဆုံး ဖွဲ့စည်းလိုက်တဲ့ ဌာနဖြစ်တဲ့ အရေးပေါ် ဆေးကုသမှု ဌာနဆိုရင် အရေးပေါ်ခန်းထဲမှာတင် လူနာတွေရဲ့ အသက်ကို စက်ပစ္စည်း အစုံအလင်နဲ့ ကယ်တင်ပေးနေတာ။ ဒါတွေက ရိုးရိုးအထူးကု ဆရာဝန်တွေ မဟုတ်ဘူး။ အရေးပေါ်အထူးကုတွေ ဖြစ်ပါတယ်။
အရင်တုန်းကလည်း အရေးပေါ်ကုပါတယ်။ ဒါပေမယ့် ဌာနတခုအနေနဲ့ သေချာဖွဲ့စည်းပြီးတော့ ကုသတာက ၂၀၁၃ ခုနှစ်ကျမှ စတာပါ။
ကျန်းမာရေးစရိတ် မတတ်နိုင်တဲ့သူတွေအတွက် ဘယ်လို ကူညီထောက်ပံ့မှုတွေ ပေးပါသလဲ။
အခုနောက်ပိုင်းမှာ လူနာတွေအတွက် လိုအပ်တဲ့သွေးကို အခမဲ့ပေးနေပါပြီ။ အရင်တုန်းက သွေးခံတဲ့အိတ်တို့ သွေးထုတ်တဲ့ ပိုက်တို့အတွက်ကို သွေးယူမယ့်သူက ပြန်ပေးရတယ်။ အခုကျတော့ သွေးခံမယ့် ပုလင်းရော၊ ပိုက်ဖိုးတွေရော ပေးစရာမလိုဘဲနဲ့ သွေးကိုပါ အခမဲ့ဆောင်ရွက်ပေးနေပြီ။ စာအုပ်ဖိုး တအုပ်ကို ၂၀ဝ ကျပ်လည်း မပေးရတော့ဘူး။ နိုင်ငံတော်က ကျခံပေးနေတယ်။
ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ဖိုး ၂၀ဝ ကို အကြောင်းပြပြီးတော့ အလုပ်သမားတွေက ၅၀ဝ တောင်းလိုက်၊ ၁၀ဝ၀ တောင်းလိုက်တွေ ဖြစ်မှာစိုးလို့ အခမဲ့ပေးလိုက်တယ်။ နောက်ပြီးတော့ ဓာတ်မှန်ဌာနကနေ လူနာတွေအတွက် X-rays တို့၊ အာလ်ထရာ ဆောင်းတို့၊ CT Scan တို့ကို အခမဲ့ပေးနေပြီ။ အရေးပေါ်လူနာတွေ အတွက်ကိုသာမက အတွင်းလူနာတွေအတွက်ပါ အခမဲ့ ဆောင်ရွက်ပေးနေပြီ။ နောက်တခုက ဓာတ်ခွဲပေါ့။ အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေအတွက်ကို ဓာတ်ခွဲစမ်းသပ်မှု ၇ မျိုး အခမဲ့ ဆောင်ရွက်ပေးနေတယ်။ အခုဆို နောက်ထပ် ၈ မျိုးတိုးပြီးတော့ ၁၅ မျိုး အခမဲ့ စမ်းသပ်ပေးနေပြီ။ မေလဆန်းမှာဆိုရင် ၄၆ မျိုး အထိ စစ်ဆေးပေးဖို့ လုပ်ထားတယ်။
ကင်ဆာ ဝေဒနာသည်တွေမှာ ဆေးသွင်းကုသပေးရမယ်ဆိုရင် ဆေးဝါး ၁၄ မျိုးအနက် ၉ မျိုးကို အခမဲ့ပေးနိုင်အောင် စီစဉ်ထားပါတယ်။ အထူးဆေးယူရမယ့် လူနာတွေအတွက် ဆိုရင်လည်း လူနာတွေ မတတ်နိုင်တဲ့အခါ ဆေးအခမဲ့ ရနိုင်အောင် ဆေးရုံရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ပေးနေပါတယ်။
ကုသပေးမှုအပိုင်း ဆရာဝန်၊ သူနာပြုတွေရဲ့ လူနာတွေအပေါ်မှာ ဆက်ဆံရေး အခြေအနေတွေက ပြောင်းလဲလာပြီလား။
ဝန်ဆောင်မှုပေးတဲ့ အခြေအနေကတော့ ဆရာမတို့ ဝန်ထမ်းတွေ အလုပ်တွေ အရမ်းလုပ်နေပါတယ်။ အထူးကု ပရော်ဖက်ဆာတွေက စပြီးတော့ အောက်ခြေဝန်ထမ်းတွေအထိ တိုးမြင့်ရောက်ရှိလာတဲ့ လူနာဦးရေနဲ့အညီ လုပ်အားတွေကိုလည်း စိုက်ထုတ်ပြီးတော့ ဝန်ဆောင်မှုတွေ ပေးနေကြတယ်။ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်တာတွေ၊ မီဒီယာတွေမှာ ပါတာတွေ၊ ဆရာမတို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာတွေလည်း လျော့သွားပြီ။ မီဒီယာတွေမှာလည်း ဆေးရုံနဲ့ ပတ်သက်ပြီး အားနည်းချက်တွေကို High Light လုပ် ရေးသားထားတာတွေလည်း လျော့ကျသွားတဲ့အတွက် ဆရာဝန် လူနာကြား ဆက်ဆံရေးက ပိုကောင်းလာတယ်လို့ ပြောလို့ရတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်မှု ကော်မတီကရော ဘယ်လို ကူညီဆောင်ရွက်ပေးတာတွေရှိလဲ။
ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ အဖွဲ့နာမည်က ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီပါ။ ဒီကော်မတီက ဒေါ်အောင် ဆန်းစုကြည်တို့လို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ ကော်မတီပါ။ ဆေးရုံမှာ အဆင့်မြှင့်တင်နေတဲ့ အဆောက်အအုံပိုင်း ဆိုင်ရာတွေ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ ဆေးဝါးပိုင်းဆိုင်ရာတွေ ကိစ္စရပ်တွေအားလုံးသည် နိုင်ငံတော်က တိုးမြင့်ချထားပေးတဲ့ငွေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့အနေနဲ့ကတော့ အင်္ဂလန်မှာရှိတဲ့ Article 25 လို့ ခေါ်တဲ့အဖွဲ့နဲ့ ပေါင်းစပ် ပြီးတော့ သူတို့ဆီက ပတ်ဝန်းကျင် ထိန်းသိမ်းမှု အင်ဂျင်နီယာ တဦးရယ်၊ ဒီဇိုင်းဆွဲနေတဲ့ အင်ဂျင်နီယာ တဦးရယ် စေလွှတ်ပြီးတော့ ဆရာမတို့ ဆေးရုံကြီးရဲ့ ပင်မဆောင်ကြီးကို ပြုပြင်နေတဲ့လုပ်ငန်းမှာ ရေစီးရေလာ ကောင်းမွန်ရေး၊ မိလ္လာစနစ်တွေ ကောင်းမွန်ရေး၊ ဓာတ်လှေကား တပ်ဆင်ဖို့တွေနဲ့ ရှေးဟောင်းပစ္စည်း အဆောက်အအုံဖြစ်တဲ့ အတွက်ကြောင့် မွမ်းမံထိန်းသိမ်းဖို့ လုပ်နေတယ်။ ပြီးတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းရယ်၊ Article 25 အဖွဲ့ရယ်၊ Yangon Heritage Trust အဖွဲ့ရယ် အရည်အသွေး ထိန်းသိမ်းတဲ့ အဖွဲ့တဖွဲ့ ရယ် ဆောက်လုပ်ရေး ကုမ္ပဏီတခုရယ် ပေါင်းစည်းပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။