ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ သိန်းဆယ် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း သိရသည်။
ယခုလဆန်းပိုင်းမှ စတင်ပြီး စစ်သားသစ် စုဆောင်းမှုကြောင့် နမ့်စန်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာမှ ရွာသား ၇၀၀ ကျော်သည် တောင်ကြီးမြို့နှင့် နမ့်စန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နမ့်စန်မြို့သို့ ရောက်ရှိနေသည့် ကျေးရွာသားများကို ကူညီပေးနေသည့် ဦးစိုင်းထွန်းစိန်က ဧရာဝတီကို ပြောသည်။
“တရွာကို လူဦးရေ ၅၀ ကနေ ၇၀ အထိ ကောက် (စုဆောင်း) ပါတယ်။ အဲဒီလို ကောက်တော့ ရွာကလူတွေက ကြောက်လန့်ပြီး ထွက်ပြေးကုန်တယ်။ လက်ရှိမှာ လူ ၁၂၀ ကျော် ပါသွားပြီ။ သူတို့ပြောပြတာတော့ ထွက်ပြေးရင် သူတို့မိဘတွေက ရိုက်ခံရတယ်။ RCSS/SSA ကျားဖြူတံဆိပ်နဲ့ လာတယ်လို့ ပြောတယ်။ ရှမ်းပြည် တပ်မတော်လို့ ပြောတာ။ ၁၄ ရက်ကနေ စကောက်တာ ဒီနေ့အထိပါပဲ” ဟု ဦးစိုင်းထွန်းစိန်က ဆိုသည်။
တပ်သားသစ် စုဆောင်းနေသည့် နမ့်စန်မြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာမှာ နောင်ဘူ၊ နောင်မတဲ၊ လုံချိန်၊ လိုင်ခါ၊ ဟိုနား၊ ယာတောင်၊ ကောင်းဆိုင်း၊ ဈေးဟိုး တို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ တပ်သားသစ် စုဆောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး အစိုးရ စစ်တပ်ရေးရာ လုံခြုံရေး တပ်ဖွဲ့အား အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ထိုဒေသတွင် တရားဥပဒေ စိုးမိုမှု မရှိကြောင်း၊ လက်ရှိ ထွက်ပြေးလာသည့် ရွာသားများသည် ကိုယ်ထူကိုယ်ထ ရှာဖွေစားသောက် နေရသူများ ဖြစ်ကြောင်း ဦးစိုင်းထွန်းစိန်က ဆက်ပြောသည်။
“နမ့်စန်မြို့နယ်က ရွာလုံးကျွတ် ထွက်ပြေးလာတယ်။ အမှန်တော့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေးလည်း ဆွေးနွေးနေတယ် ရွေးကောက်ပွဲလည်း ရှိတယ်။ ၆ ပွင့်ဆိုင်လည်း ရှိနေချိန်မှာ ပြည်သူတွေကို မထိခိုက်တဲ့ နည်းလမ်းနဲ့ပဲ ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ကိုယ် ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တယ်။ အခုက ဘယ်သူပဲလုပ်လုပ် ဒုက္ခရောက်တာက ပြည်သူလူထု တိုင်းရင်းသားတွေပဲ ဖြစ်နေတယ်” ဟု ထွက်ပြေး တိမ်းရှောင်မှုကို လိုက်လံ ကူညီပေးနေသည့် တောင်ကြီးမြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဧရာဝတီကို ပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ ထန်စန်းဂူ ဘုရားတွင် ထွက်ပြေးတိမ်းရှောင်လာသူ ၅၀၀ ကျော် ရောက်ရှိနေကြောင်း၊ နမ့်စန် ဘုန်းကြီးကျောင်းတွင် ၁၀၀ ခန့်နှင့် ဟိုပုံးမြို့တွင် ၅၀ ခန့်ရောက်နေကြောင်း ဦးတင်မောင်တိုးက ပြောသည်။ ထွက်ပြေး တိမ်ရှောင်သူများ ကူညီထောက်ပံ့မှု မရရှိသေးကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလကို ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။
“ရှမ်းတပ်ဖွဲ့ SSA နဲ့ ကျားဖြူတံဆိပ် ဝတ်ထားတဲ့ စစ်သားတွေက ကျနော်တို့ ရွာကလူတွေကို လာခေါ်နေတော့ ကျနော်တို့ ထွက်ပြေးလာတာ။ ကျနော်တို့ ရွာနားက နောင်ဘိုရွာသားတွေ ပါသွားပြီ။ မိန်းကလေးတချို့ ထွက်ပြေးလာတယ်။ ဒါပေမယ့် ရွာထဲမှာ ယောကျာ်တွေ မရှိရင် မိန်းကလေးလည်း ခေါ်သွားမှာပဲ ပြောတယ်” ဟု နမ့်စန်မြို့နယ် သိန်းဆယ် ကျေးရွာအုပ်စုရှိ လိုင်းခါးကျေးရွာမှ ထွက်ပြေးလာသည့် ဦးမောင်းက ဧရာဝတီကို ပြောသည်။
ထိုဒေသအတွင်း လှုပ်ရှားနေသည့် တပ်ဖွဲ့များမှာ နားရိုင်းဌာနေ ပြည်သူ့စစ်၊ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဖွဲ့၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့နှင့် ပအိုဝ့် လွတ်မြောက်ရေး တပ်မတော်တို့ ဖြစ်ကြောင်း သိရသည်။