ရခိုင်ပြည်နယ်အတွင်း အဖြူရောင်ကတ် (White Card) ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတချို့ကို ပန်းရောင် နိုင်ငံသား စိစစ်ရေးကတ် ပြောင်းလဲကိုင်ဆောင်ခွင့် ပြုပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် မပေးသေးကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “အဖြူရောင် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ပန်းရောင် နိုင်ငံသား စိစစ်ရေးကတ်ကို ကိုင်ဆောင်ခွင့် ရရှိပြီးဖြစ်၍ ၎င်းတို့အား မြန်မာနိုင်ငံအတွင်းသို့ တခြား နိုင်ငံသားများနည်းတူ လွတ်လပ်စွာ သွားလာခွင့် ရှိ မရှိ သိလိုသည်” ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သည်။
အထက်ပါ မေးမြန်းချက်ကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့်က “နိုင်ငံသား ဖြစ်ပြီးသူများသည် တခြားနိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့် ရှိသော်လည်း ဒေသတွင်း အခြေအနေများ တည်ငြိမ်မှု မရှိသေး၍ သွားလာခွင့် မပြုကြောင်း၊ ထိုသူများ ခရီးသွားလာမည် ဆိုပါက လုံခြုံရေးအရ စိတ်ချရမှု မရှိသေးဟု” လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဖြေဆိုခဲ့သည်။
မြေပုံမြို့နယ်ထဲရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် နိုင်ငံသားကတ် ရရှိပြီးသူ ၅၀၀ ကျော် ရှိကြောင်း၊ သို့သော် ၎င်းတို့သည် နိုင်ငံသားတဦး၏ အခွင့်အရေးကို မခံစားရသေးကြောင်း၊ နိုင်ငံသား ဖြစ်ပြီးသူများအနေဖြင့် မိမိတို့ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများရှိရာ ဒေသများသို့ သွားလာလိုပါက လုံခြုံစွာ ခရီးသွားလာနိုင်ရန် အစိုးရအနေဖြင့် တာဝန်ယူပေးရန် လိုအပ်သည်ဟု ဦးဖေသန်းက ဧရာဝတီကို ပြောသည်။
“အစိုးရအနေနဲ့ နိုင်ငံသား ဖြစ်ပြီးသူတွေရဲ့ အသံကို နားထောင်ရမယ်၊ ပြီးရင် သူတို့သွားချင်တဲ့ နေရာကို ဘေးကင်းစွာ သွားလာဖို့ ဆောင်ရွက်ပေးရမယ်။ အခုဖြေတဲ့ ပုံစံက ဒီလူတွေကို တခြားဒေသကို မသွားစေလိုတဲ့အတွက် အကြောင်းပြချက် ပေးတယ်လို့ပဲ ကျနော် ယူဆတယ်။ ပြီးတော့ ဒုဝန်ကြီးရဲ့ ဖြေဆိုမှုက ဒေသတွင်းမှာ တည်ငြိမ်မှု မရှိသေးဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိဘူးလို့ ပြောဆိုရာလည်း ကျတာပေါ့” ဟု ၎င်းက ဆိုသည်။
နိုင်ငံသား ဖြစ်ပြီးသူများသည် ၎င်းတို့၏ ဆွေမျိုးများရှိရာ ပြည်မ အရပ်ဒေသများသို့ သွားလိုကြသည်ကို သိရှိရကြောင်း၊ ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရခိုင်ဒေသခံများနှင့် ဆက်ဆံရာတွင် နှစ်ဘက်အကြား အပြန်အလှန် ယုံကြည်မှု နည်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။
“တကယ်လို့ နိုင်ငံသား ဖြစ်ပြီးသူတွေအနေနဲ့ ပြည်မဘက်ကို သွားချင်ရင် လုံခြုံစွာ သွားလာနိုင်အောင် ကျနော်တို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေပါတယ်။ သူတို့ဘက်က အကူအညီ တောင်းလာရင် ရပ်မိရပ်ဖတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ သူတို့သွားလိုတဲ့ နေရာကို ဘေးကင်းစွာ ရောက်ရှိဖို့ ကျနော်တို့ ကူညီပေးဖို့ ဆောင်ရွက်သွားမှာပါ” ဟု ဦးဖေသန်းက ဆိုသည်။
ဒုက္ခသည် စခန်းများ၌ ကန့်သတ်ခံထားရသူများထဲတွင် နိုင်ငံသားကတ် ရရှိထားသူများ ပါဝင်နေကြောင်း၊ ၎င်းတို့အား မည်သည့်နေရာကိုမှ သွားလာခွင့်မပေးဘဲ လှောင်ပိတ်ထားခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဆိုသည့် မေးခွန်းအား မေးမြန်းခဲ့ရာတွင် သက်ဆိုင်ရာ ဝန်ကြီးက တိကျရှင်းလင်းစွာ ဖြေဆိုမှု မရှိဟု ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
ရခိုင်ပြည်နယ် အတွင်း၌ အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများအနက် ၃ သိန်း ၉ သောင်းကျော်သာ ပြန်လည် အပ်နှံသေးကြောင်း၊ ပြန်လည် အပ်နှံပြီးသူများအား ၂ နှစ် သက်တမ်းရှိသည့် အစိမ်းရောင်ကတ် ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း၊ ထိုကတ်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ပြန်လည် လျှောက်ထားနိုင်ကြောင်း ရခိုင်ပြည်နယ်၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးခင်စိုးက ဧရာဝတီကို ပြောသည်။