ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူသေဆုံးမှုများ ရှိခဲ့သည့်အပြင် လူနေအိမ်များ၊ လမ်း၊ တံတား အများအပြား ပျက်စီးသွားခြင်းကြောင့် ဒေသတွင်းမြို့နယ် တချို့တွင် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားပြီး ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။
ရခိုင်ပြည်အတွင်း၌ ဇွန်လ ၂၅ ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး၊ အမ်း၊ သံတွဲ၊ တောင်ကုတ် စသည့် မြို့နယ်များ၌ ၅ ရက်ခန့် ဆက်တိုက် မိုးရွာသွန်း၍ ရေကြီး၊ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ မြို့နယ်တချို့၌ လေပြင်းများ တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားခဲ့ကာ လူနေအိမ် တရာကျော် ရေထဲမျောပါသွားခဲ့ကြောင်း ဒေသ အာဏာပိုင်များက ဆိုသည်။
အမ်း၊ သံတွဲ၊ တောင်ကုတ် စသည့် မြို့များ၌ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ကြရပြီး၊ အမ်းတွင် ၅ ဦး၊ တောင်ကုတ်တွင် ၃ ဦး၊ သံတွဲ၌ ၂ ဦး စုစုပေါင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စသည့် မြို့နယ်များပါ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦးက သေဆုံးသွားသူများအား တဦးလျှင် တသိန်းကျပ်နှင့် ရေထဲမျောပါသွားသည့် နေအိမ်တလုံးလျှင် ၅ သောင်းကျပ်စီ နစ်နာမှုအတွက် ကနဦး ပေးဆောင်ရန် စီစဉ်နေကြောင်း ပြောဆိုသည်။
မိုးရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့က မီဒီယာများကို ဖြေဆိုနေမှုသည် ပကတိ အခြေအနေများနှင့် ကွာဟနေကြောင်း၊ ဒုက္ခရောက်သူများအပေါ် တာဝန်ယူ ဆောင်ရွက်နေမှု အားနည်းနေပြီး ပျက်စီးဆုံးရှုံးမှုများ၏ ကိန်းဂဏန်းများကို အများပြည်သူ သိရှိနိုင်စေရန် တိကျမှန်ကန်စွာ ထုတ်ပြန် ပေးစေလိုကြောင်း ရခိုင်ဒေသခံများက ပြောသည်။
အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌ ဦးမျိုးလွင်က အမ်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၂၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း၊ လူ ၅ ဦး၏ ရုပ်အလောင်းများကို ရရှိထားပြီးဖြစ်ကြောင်းနှင့် ကျေးရွာများ၌ လူသေဆုံးမှု ရှိမရှိဆိုသည်ကို စုံစမ်းဆဲဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“အလောင်း ၅ လောင်းကိုတော့ နာမည်နဲ့တကွ အတည်ပြုလို့ ရပါပြီ။ တခြားပျောက်ဆုံးသူတွေ ရှိတယ်လို့ ကြားပေမယ့် ရှာဖွေဆဲဖြစ်လို့ အတည်ပြုလို့ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
အမ်းမြို့နယ် အတွင်းရှိ နေအိမ် ၁၁၀ ကျော်သည် ရေထဲသို့ အိမ်အလုံးလိုက် ပါသွားပြီး၊ အိမ်ခြေ ၈၀ ကျော်သည် ၅၀ ရာခိုင်နှုန်း ပျက်စီးသွားကြောင်း၊ လူဦးရေ ၁၉၀၀ နီးပါးသည် ရေဘေးဒုက္ခသည် ဖြစ်သွားကြပြီး၊ ၎င်းတို့အား နီးစပ်ရာ လူမှုအဖွဲ့များ၊ ဒေသဆိုင်ရာ အာဏာပိုင်များက ကူညီကယ်ဆယ် ပေးနေသည်ဟု အမ်းမြို့ဒေသခံများက ပြောသည်။
ရေကြီးမှုကြောင့် အဓိကကျသည့် ရန်ကုန်-စစ်တွေလမ်း၊ အမ်း – တောင်ကုတ် – သံတွဲလမ်း၊ အမ်း-မင်းဘူး၊ ဂွ-ငသိုင်းချောင်း စသည့် လမ်းကြောင်းများ ပျက်စီးသွားကြောင်း ထိုလမ်းကြောင်းတွင် သွားလာမောင်းနှင်နေသည့် ယာဉ်မောင်းများက ပြောသည်။
အဓိကကျသည့် ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးသွားခြင်းကြောင့် ဒေသတွင်း ကုန်စည် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများ ထိခိုက်မှုများ ရှိလာကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
“ မြို့ပေါ်မှာရှိတဲ့ စားသုံးကုန်တွေက ရေထဲပါသွားတာ၊ ပျက်စီးကုန်တာတွေ ရှိတယ်၊ ရန်ကုန်ဘက်က ကုန်စည်ကားတွေကလည်း လမ်းတွေပျက်စီးသွားတော့ သွားလာရ ခက်သွားတယ်၊ ကုန်ပစ္စည်းတွေ ပြတ်ကုန်တယ်၊ ရှိတဲ့ပစ္စည်းတွေက ဈေးနှုန်းတွေ မြင့်သွားတယ်၊ ဟင်းသီးဟင်းရွက်ကအစ ရှားပါးကုန်တယ်”ဟု အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌ ဦးမျိုးလွင်က ဆိုသည်။
အထူးသဖြင့် စစ်တွေ-ရန်ကုန်၊ ရန်ကုန်-ကျောက်ဖြူ ပြေးဆွဲနေသည့် မော်တော်ကားလမ်းများ၌ တံတား တချို့ကျိုးပျက်ခြင်း၊ လမ်းများကျိုးပြတ်၍ မြေကျွံသွားခြင်း၊ မြေပြိုခြင်း စသည်ဖြင့် ပျက်စီးမှုများ ဖြစ်ခဲ့သည်။ ကျိုးပျက်သွားခြင်း မရှိသည့် လမ်းများတွင်လည်း နှုံးမြေများ၊ ရွှံနွှံများ ဖုံးလွှမ်းသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ကားလမ်းများ၊ တံတားများအား ပြန်လည်ပြုပြင်ရန် အချိန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုလမ်းများအား ပြုပြင်နေချိန်တွင် ဆက်သွယ်ရေး လမ်းကြောင်းများ ရပ်တန့် မသွားစေရေးအတွက် ဘေလီသံပေါင် တံတား တည်ဆောက်ပေးရန် ပြင်ဆင်နေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးလှဟန်က ဧရာဝတီကို ပြောသည်။
တောင်ကုတ်-အမ်း၊ တောင်ကုတ်-သံတွဲလမ်းကြောင်းပိုင်း တချို့ ပျက်စီးခဲ့သော်လည်း ရန်ကုန်-တောင်ကုတ် ကားလမ်း ပျက်စီးမှု မရှိကြောင်း၊ ယခုအခါ ရာသီဥတု ပုံမှန် ဖြစ်သွားသည့်အတွက် ရန်ကုန်-တောင်ကုတ် ကားများ ပုံမှန် ပြေးဆွဲ နေပြီဟု တောင်ကုတ်မြို့ခံ၊ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဦးကျောက်တောင်က ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ် အတွင်း၌ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းသည် မိုးရာသီ၌ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း ယခုနှစ် ရေးကြီးမှုသည် ဆယ်စုနှစ်တခုအတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အလားတူ တောင်ကုတ်မြို့ရှိ ချောင်းနှင့်နီးစပ်သည့် ရပ်ကွက်တချို့မှ နေအိမ် ၂၀ ဝန်းကျင်လည်း ရေထဲမျောပါခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း၌ သစ်တောများ ပြုန်းတီး၍ ရာသီဥတု ပုံမှန်မရှိတော့ခြင်း၊ မိုးရေကြီးပါက အလွယ်တကူ စီးဆင်းနိုင်သည့် မြစ်ချောင်းများ ပျောက်ကွယ်လာခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ထိခိုက်ပျက်စီးမှု ပိုမိုဖြစ်ပေါ်လာသည်ဟု ရခိုင်ဒေသခံများက ဆိုသည်။
အမ်းမြို့ခံတဦးဖြစ်သည့် ဒေါ်သွယ်သွယ်စိုးက “လွန်ခဲ့တဲ့ ၆ နှစ်လောက်က တခါကြီးဖူးတယ်၊ ဒါပေမယ့် ရေက ၇ ပေ လောက်ပဲ တက်ခဲ့တယ်။ အခုက ၁၀ ပေ ကျော်အထိ တက်သွားတဲ့အပြင် ၅ ရက်လောက် အထိ မိုးဆက်တိုက်ရွာတော့ ပိုဆိုးသွားတယ်”ဟု ဆိုသည်။
ရေကြီးမှုကြောင့် အမ်းမြို့နယ်သည် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး၊ ပြောင်း၊ နှမ်း၊ သင်္ဘောသီး စိုက်ခင်းများ၊ ဟင်းသီးဟင်းရွက် သီးနှံစိုက်ခင်း အများအပြား ပျက်စီးသွားကြောင်း၊ ဟင်းသီးဟင်းရွက် ရှားပါးမှုကြောင့် ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်ဟု ၎င်းက ဆိုသည်။
ယခင်က တသောင်းခွဲတန် ဆန်တအိတ်လျှင် ယခုအခါ ၂ သောင်းကျော် အထိ မြင့်တက်သွားကြောင်း၊ ထို့အတူ ဆီ၊ ပဲ၊ ကြက်သွန် စသည့် ကုန်ပစ္စည်းများလည်း ဈေးတက်လာကြောင်း ဒေါ်သွယ်သွယ်စိုးက ဆက်ပြောသည်။
ထို့အပြင် ဘူးသီးတောင်၊ မောင်တော ဒေသများ၌လည်း မိုးသည်းထန် ရေလွှမ်းခဲ့ခြင်းကြောင့် ဘူးသီးတောင် – စစ်တွေလမ်း၌ တံတားတချို့ ကျိုးသွားပြီး ကားလမ်း၊ ရေကြောင်းခရီးတချို့ ရပ်နားထားခဲ့ရကြောင်း၊ စပါးခင်း အများအပြားများလည်း ရေလွှမ်းသွားကြောင်း ဒေသခံများက ပြောဆိုသည်။
မြို့နယ်အများစု၌ စပါးပျိုးခင်းများ ရေလွှမ်းခံရကာ နှုံးမြေများ ဖုံးသွား၍ ပျက်စီးသွားပြီး၊ မျိုးစပါးများ ရေစိုသွားခြင်းတို့ကြောင့် အချိန်မီ စပါးမစိုက်ပျိုးနိုင်မည်ကို ဒေသခံ လယ်သမားများက စိုးရိမ်နေကြသည်။ မျိုးစပါးရှားပါးသွားမှုကြောင့် လာမည့်နှစ်တွင် ဆန်စပါး ရှားပါးမှု ပြဿနာနှင့်လည်း ရင်ဆိုင်လာနိုင်ဖွယ်ရှိသည်ဟု ၎င်းတို့က သုံးသပ်ပြောဆိုသည်။
မိုးသည်းထန်ခဲ့သည့် မြို့နယ်များရှိ လူနေရပ်ကွက်များ၊ ကျေးရွာအများစု၌ ရေတွင်း၊ ရေကန်များသည် ရွှွံရည်များ ဖုံးလွှမ်းသွားခြင်းကြောင့် သောက်သုံးရေ ခက်ခဲနေပြီး၊ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်၊ ဝမ်းလျော ရောဂါများ ဖြစ်ပွား လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် အပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့၌ ရေကြီးမှု ဖြစ်ပွားခဲ့၍ ရေဘေးသင့်သူများအား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆိုကို အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦသိန်းဆွေက ဇွန်လ ၃၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။
ထိုအဆိုနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဘုန်းဆွေက ရေဘေးသင့် ဒေသများ၌ အစိုးရက ကူညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ပြန်လည် ဖြေဆိုခဲ့သည်။ ဦးသိန်းဆွေ၏ အဆိုအား မှတ်တမ်းတင်၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်၌ ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံများသည် ရေကြီးခြင်း၏ နောက်ဆက်တွဲ ပြဿနာများကို လက်ရှိအချိန်အထိ ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ပြောဆိုကြသည်။